သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်း ဆန္ဒပြသူများ လွတ်မြောက်


မုံရွာ လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆန္ဒပြသူအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။
မုံရွာ လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆန္ဒပြသူအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့နားက လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုဝေဠု အပါအဝင် ဆန္ဒပြသူလေးဦးစလုံး ဒီကနေ့ ပြန်လွတ်လာပါပြီ။ သူတို့ပြန်လွတ်လာလာခြင်းမှာပဲ ကြိုဆိုသူတွေရော လွတ်လာသူတွေရော ဒီစီမံကိန်းကို ရပ်တန့်ဖို့အတွက် ဆက်ပြီး ဆန္ဒပြ တောင်းဆိုမူ လုပ်ပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

မုံရွာထောင်ကြီးအချုပ်ကနေ ပြန်လွတ်လာသူတွေနဲ့ အတူ ပါလာတဲ့ ဒေသခံရွာသားတွေဟာ စက်တင်ဘာ ၁၄ရက်နေ့မှာ ဆန္ဒပြနေတဲ့ တုံရွာမှာ စုစည်းပြီး လက်ပန်းတောင်းတောင် ကြေးနီတောင် စီမံကိန်းရပ်တန့်ရေး ကို ဆက်လက် ဆန္ဒပြ တောင်းဆိုနေကြတယ်လို့လည်း ဆိုပါတယ်။

“ လက်ပန်းတောင် တောင်နဲ့ တုံရွာ နှစ်ဘက်ကြားထဲမှာ ရှိတဲ့လမ်းကြားမှာ ပြည်သူအင်အား တထောင်ကျော် ဆန္ဒဖော်ထုတ်နေတာပါ။ ဆီမီးတိုင်တွေ ထွန်းလာတယ်။ ဖယောင်းတိုင်တွေ ကိုင်ထားတယ်။ အဓိကကတော့ ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုတယ်။ ဒါပေမယ့် ဒီကိစ္စဟာ လွှတ်ပေးရုံနဲ့ မပြီးဘူး။

ဒီပြဿနာအကြောင်းရင်းကတော့ လက်ပန်းတောင် တောင် ကြေးနီစီမံကိန်း ရပ်တန့်သွားမှ ရမယ်ဆိုတဲ့ကိစ္စကို လူထုက ဆန္ဒဖော်ထုတ်နေတာပါ။ အခုဆိုရင် ညနေ ၄နာရီကတည်းက ဆန္ဒဖော်ထုတ်နေတယ်။ ကုမ္ပဏီပိုင်ကားတွေက တစီးပြီး တစီးဖြတ်ပြီးတော့ နှောင့်ယှက်နေပါတယ်။ လူတွေက ဘာကိုလိုချင်သလဲ ဘာလဲဆိုတာကို တရားဟောပြီးတော့ စတင်နေတယ်။ တောက်လျောက် တရားတွေဟောနေတယ်။ ”

ပြန်လွတ်လာသူတွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရတယ်ဆိုပြီး ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်က ဆိုပါတယ်။

“ကိုဝေဠုကို ၈လပိုင်း ၃၁ရက်နေ့က ဖမ်းလိုက်ပြီးတော့ ည၉နာရီခွဲမှာ ချောင်းဦးရဲစခန်းကို ပို့လိုက်ပါတယ်။ ချောင်းဦးရဲစခန်းမှာ တောက်လျောက် ချုပ်နှောင်ထားတာ ဒီကနေ့ အချိန်အထိပါပဲ။ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ကိုဝေဠုကို စစ်ကိုင်းတိုင်းကို လုံးဝခြေမချဖို့ ပြောပါတယ်။ အဲ့ဒီ့အတွက် ကိုဝေဠုကလည်း ကတိပေးခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းထဲကို ပြန်လည်ဝင်ရောက်ခြင်းမလုပ်ပါဘူးဆိုတာကို။

အဲ့ဒီ့အချုပ်အနှောင်ထားစဉ်ကာလမှာ ရေခုနှစ်ရက် မချိုးခဲ့ရပါဘူး။ အထက်ခွင့်ပြုချက်မရလို့ဆိုပြီး။ အဖမ်းဆီးခံရစဉ်ကာလ တောက်လျောက်လုံး သူ့အမေနဲ့တွေ့ခွင့် မိသားစုနဲ့တွေ့ခွင့်ကို ကိုဝေဠု တင်ပြခဲ့ပေမယ့် အာဏာပိုင်တွေက အခုလွှတ်ပေးတဲ့အချိန်အထိ မတွေ့ခဲ့ရဘူးလို့ပြောတယ်။ စက်တင်ဘာလ ၁၀ရက်နေ့က ဖမ်းဆီးထားတဲ့ မသွဲ့သွဲ့ဝင်း မအေးနက်နဲ့ မဖြူဖြူဝင်းတို့ကို မုံရွာထောင်ကြီးချုပ်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

အဲ့ဒီ့မှာ မဖြူဖြူဝင်းကတော့ ဖမ်းဆီးချုပ်နှောင်ခဲ့စဉ်ကာလက အရိုက်အနှက်ခံရတယ်။ အထိုးအကြိတ်ခံရတယ်။ အကျီတွေ ဆွဲဖြဲခံရပြီး ဒဏ်ရာဒဏ်ချက်တွေ ရထားပါတယ်။ အဲတ့ာနဲ့ပတ်သက်ပြီးတော့ အထောက်အထား ရှိပါတယ်။”

ဒေသခံတွေကို အကူအညီပေးနေတဲ့ ရန်ကုန်ပြည်သူ အကျိုးဆောင်ကွန်ယက်က ကိုဝေဠု ကို စစ်ကိုင်းတိုင်းကို မလာဖို့ အကန့်အသတ်တွေနဲ့ ပြန်လွတ်ပေးလိုက်တဲ့အပေါ် လက်ပန်းတောင်း တောင် စီမံကိန်းရပ်တန့်ရေးကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

အစပိုင်းမှာကတည်းက ဒေသခံတွေကို အကူအညီပေးနေတဲ့ ကျောင်းသားတွေကို အစီအစဉ်ရှိစွာ တရားစွဲဆိုမူတွေ လုပ်ထားခဲ့တယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ကိုဝေဠုအနေနဲ့ကတော့ သူ့ကို ဖမ်းခဲ့တဲ့ ပုဒ်မတွေနဲ့ တကယ်တမ်းဖြစ်စဉ်ထဲမှာက ဆီလျော်ကိုက်ညီမှုမရှိတဲ့ သဘောမျိုးရှိပါတယ်။ ဆားလင်းကြီးမြို့နယ်ရဲစခန်းက ဦးလှငွေက ၈လပိုင်းအကုန်ကတည်းက ပုဒ်မတွေ ကြိုပြီး ဆွဲထားပြီး အမှုဖွင့်ထားတာပါ။ အဲ့တာကြောင့် နဂိုကတည်းက ကူညီဆောင်ရွက်ချင်သူတွေကို ဖမ်းဆီးနိုင်ဖို့ ပြင်ဆင်ထားတဲ့ ပုဒ်မတွေလို့ပဲ နားလည်ထားပါတယ်။”

ဒေသခံတွေအနေနဲ့ အစပိုင်းတုန်းက လယ်ယာမြေနစ်နာမူတွေ ကိုသာ ပြောဆိုခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ဒိစီမံကိန်းကြီးရပ်ဖို့က သူတိုရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ် လို့ပြောဆိုနေကြပါတယ်။
XS
SM
MD
LG