သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများရဲ့ တုန့်ပြန်ချက်


အကျဉ်းသားထောင်ချီ လွတ်မြောက် (ဇူလိုင် ၃၀၊ ၂၀၁၅)
အကျဉ်းသားထောင်ချီ လွတ်မြောက် (ဇူလိုင် ၃၀၊ ၂၀၁၅)

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတဝန်းက အကျဉ်းသား ၇ ထောင်လောက် လွတ်လာတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သတင်းသမား တချို့နဲ့ တက်ကြွ လှုပ်ရှားသူ အနည်းငယ် ပါဝင်ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ထောင်တွင်းမှာ မလွတ်မြောက်ဘဲ ကျန်နေသေးတယ်လို့ လွတ်မြောက် လာသူတို့က ပြောဆိုကြ ပါတယ်၊ ပြစ်ဒဏ် ၁ နှစ်ခံပြီးသူတွေကို လွှတ်ပေးတာလို့ ဆိုပေမယ့် မြစ်ကြီးနားထောင် မှာ သစ်ခိုးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကျော်တို့ကတော့ သတင်းတပတ်ကျော်မှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ရတဲ့အပေါ်မှာလည်း ထောက်ပြကြပါတယ်။ ရန်ကုန်၊ မန္တလေး အကျဉ်းထောင်တို့က လွတ်မြောက်လာကြတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ကြရသူတွေရဲ့ ဖွင့်ဟ ပြောဆိုချက်တွေကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေကနေ အကျဉ်းကျနေသူ ၆၉၆၆ ဦးတို့ထဲမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ တဒါဇင်ကျော်ကျော် ပါဝင်ခဲ့တာပါ။ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ထောင်ချခံခဲ့ရပြီး ဒီကနေ့ ပြန်လည် လွတ်မြောက်လာခဲ့သူ ကိုတင်မောင်ကြည်ကတော့ ပြန်လွတ်လာတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

"တကယ်စေတနာ သူတို့ပါတယ်ဆိုရင် အခု အင်းစိန်ထောင်ထဲမှာ လက်ရှိကျန်ခဲ့တာ ကျနော်တို့ ရဲဘော်ရဲဘက်တွေ အများကြီး ရှိတယ်။ ကျောင်းသားတွေ ထဲကဆို ဇေယျာလွင်တို့ရှိတယ်။ နောက် ပိုင်ဖြိုးသူတို့ရှိတယ်။ နောက် အလုပ်သမားတွေ အများကြီးရှိသေးတယ်။ ကိုထင်ကျော်တို့ ကျန်ခဲ့တယ်။ အများကြီးပဲ။ သူတို့ တကယ်စေတနာရှိတယ်။ အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုရင် လွတ်လွတ်ကင်းကင်း ပေးရမယ်။ ကျနော်တို့ကို သူတို့ပေးတယ် ဆိုတာ 401 တွေ ။ 401 ကို လက်မှတ်ထိုးခိုင်းတယ်။ ကျနော်က မထိုးဘူး။ လက်မှတ်မထိုးရင် ကျနော်ကို ပြန်ထည့်မလား ထည့်လိုက်လေ။ ကျနော်ပြောလိုက်တယ်။ ပြောမယ်ဆိုရင် အစိုးရက စေတနာ ပါလား။ မပါလားဆိုတာ ပေါ်လွင်နေတာပဲလေ။ ကျနော် အနေနဲ့ကတော့ လက်ရှိ ဒီအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ်မှာတော့ ကျနော်ကတော့ ကျေးဇူးတော့ မတင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လွတ်ရက်က နီးနေတာကိုး။ ပြည်သူ့ရဲ့အကျိုး ကိုကြည့်ပြီး လုပ်တာ တခုမှ မရှိဘူး။

လက်ရှိ ဒီကနေ့ လွတ်လာတဲ့သူတွေထဲမှာလည်း ကျနော်ကြည့်တာပေါ့။ အကျဉ်းသားတွေလည်းပါတယ်။ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ကျနေတဲ့ နှစ်ကြီးသမားတွေလည်းပါတယ်။ နောက် လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့သူတွေပါတယ်။ ဘိန်းမှုသမားတွေ ပါတယ်။ နောက် တကယ် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား သမားတွေ တယောက်မှ မပါဘူး။ ကျနော် တယောက်ပဲ ပါတာ။ "

အကျဉ်းထောင်တွင်းမှာ တနှစ်ကျခံပြီးနောက် ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုတာ ဖြစ်တယ်လို့ ဆိုပြီး အခု အကျဉ်းသားတွေကို လွှတ်လိုက်တာ ဖြစ်ပေမယ့် သစ်ခိုးမှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခဲ့သူ တရုတ်နိုင်ငံသား ၁၅၀ ကျော်တို့လည်း ပြစ်ဒဏ်ကျပြီး မကြာခင်မှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုမှာ ပါဝင် လက်မှတ်ထိုးမှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသူ ဗိုလ်မှူး ကျော်စွာဝင်း ကတော့ မန္တလေး အိုးဘိုထောင်ထဲမှာ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေသေးကြောင်း ပြောပါတယ်။

"နိုင်ငံရေးနဲ့ပတ်သက်လို့တော့ ကျနော်နဲ့အတူ တယောက်မှ မပါခဲ့ဘူး ခင်ဗျ။ ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက ကိုအောင်စိုးရှိတယ်။ ကိုအောင်စိုးက ခြောက်နှစ် ကျတာဆိုတော့ သူက မပါဘူးခင်ဗျ။ ကိုသိန်းအောင်မြင့် ရှိတယ်။ သူကလည်း တနှစ်ကျတာဆိုတော့ မပါဘူး ခင်ဗျ။ နောက် ကျောင်းသားလေးတွေ ရှိတယ်။ နောက် ဦးဇော်ဝင်း ရှေ့နေကြီး ဦးဇော်ဝင်းရှိတယ်။ သူကလည်း အမှုနဲ့ဆိုတော့ မပါဘူးပေါ့နော်။ အဲ့တော့ နိုင်ကျဉ်းနဲ့ပတ်သက်လို့ ကျန်တဲ့သူတွေ အားလုံး ကျန်နေခဲ့တယ်။ ကျနော်သိတဲ့အထဲ ကိုသိန်းအောင်မြင့်နဲ့ ကိုအောင်မြင့်က အမှုကြီးတယ်။ ဒါပေမဲ့ သူတို့က သတ်မှတ်ချက်နဲ့ အကျုံးမဝင်တဲ့အခါကျတော့ ပါမလာခဲ့ဘူး။ ကျနော်ကတော့ သတ်မှတ်ချက်နဲ့အကျုံးဝင်တဲ့အတွက် ကင်းလွတ်ပေးလိုက်တယ်။ သတ်မှတ်ချက်ကတော့ တနှစ်နေ၊ တနှစ်လက်ကျန်သဘောမျိုးနဲ့ သတ်မှတ်လိုက်တာ။

တရုတ်နိုင်ငံသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တာတော့ ကျနော် မသိပါဘူးခင်ဗျ။ တကယ်လို့ လွှတ်ပေးလိုက်တယ်ဆိုရင် ကျနော့်အနေနဲ့ ဒါကို ရှုတ်ချပါတယ်။ ဒါကို မထောက်ခံပါဘူး။ အခုလွတ်ငြိမ်းချမ်းသာခွင့်ကလည်း လုံလောက်တဲ့ အနေအထားရှိတယ်လို့ ကျနာ် မခံယူပါဘူးခင်ဗျ။"

ဒီကနေ့ လွတ်လာတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် ပြည်သူတွေ တင်မြှောက်ကြောင်း ရေးသား ခဲ့ကြတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ ထုတ်ဝေသူနဲ့ သတင်းထောက် ၅ ဦးတို့လည်း ထောင်ဒဏ် ၁ နှစ်ကျော် ကျခံ အပြီးမှာ ပြန်ပြီး လွတ်လာကြပါတယ်။ ဘိုင်မွန်းတည့်နေ ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုအောင်သန့် ကတော့ ပြန်လွတ်လာပေမယ့် အသက်မွေးဝမ်းကျောင်း အတွက် စိတ်ပူနေရတယ်လို့ ပြောပါတယ်။

"ကျနော်ကတော့ ပြန်လွတ်လာတဲ့အတွက် သတင်းသမားတယောက်အနေနဲ့ စာနယ်ဇင်းလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ အခွင့်အလမ်း ရရှိလာတယ်ပေါ့ဗျာ။ ကျနော်တို့ ဒီဘက်မှာ သတင်းသမားတွေကို တရားစွဲနေတာတွေလည်း ရှိတယ်။ နောက် ဖမ်းဆီးထောင်ချခဲ့တာတွေလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ ဒီဟာမျိုးတွေဟာ ဒီမိုကရေစီနိုင်ငံမှာကတော့ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ပြောရမယ်ဆိုလို့ရှိရင် ။ ကျနော် အမှန်အတိုင်း ဝန်ခံရမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ ဂျာနယ်တိုက်က မရှိတော့ဘူးဗျ။ ကျနော်တို့ ဂျာနယ်တိုက်က မရှိတော့ဘူးဆိုတော့ လောလောဆယ်တောင်မှ ဘယ်ဂျာနယ်တိုက်မှာ အလုပ်လုပ်ရမလဲ။ ဘာလုပ်ရမလဲဆိုတာ ကျနော် လုပ်ချင်တဲ့စိတ်ဆန္ဒပဲ အပြည့်အဝ ရှိတာပေါ့ဗျာ။ ဘယ်မှာ လုပ်ရမလဲ။ ဘယ်မှာ လုပ်ရမလဲဆိုတာ ကျနော် ဘယ်လိုမှ ဆုံးဖြတ်လို့မရသေးဘူး။ ဆုံးဖြတ်လို့မရသေးတာထက်စာလို့ရှိရင် ဘယ်မှာသွားပြီးတော့ အဆင်ပြေအောင် ပြောဆိုရမယ့် အနေအထားမရှိဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော် ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးလာတာ ဆယ်နှစ်ရှိပြီ။ "

ဒီကနေ့ အကျဉ်းသား ၇ ထောင်လောက ်လွှွတ်တဲ့ အထဲမှာ ယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသူ ၁၃ ဦးဘဲ လွတ်မြောက် လာတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၁၂၀ ကျော် ရှိနေသေးပြီး နောက်ထပ် ၄၀၀ တို့ဟာလည်း တရားရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG