သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ အများလက်ခံ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စနေနေ့က နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများနဲ့တွေ့ဆုံ (MOI)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စနေနေ့က နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများနဲ့တွေ့ဆုံ (MOI)

မနေ့ တနင်္ဂနွေနေ့က သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဗဟို)နဲ့ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ မတူညီတဲ့ဘာသာဝင်တွေကြားမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စနေနေ့က နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်ကြီးများနဲ့တွေ့ဆုံရာမှာ တိုင်းပြည်မှာရှိတဲ့ ကိုးကွယ်ရာ ဘာသာဝင်အသီးသီးကို ဗြဟ္မစိုရ်ကျင့်စဉ်နဲ့ကူညီအားပေးစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ထားကြောင်း NLD အစိုးရသဘောထားကို လျှောက်ထားခဲ့တာပါ။

ဘာသာရေးကိစ္စအပေါ် NLD အစိုးရရဲ့ မူဝါဒနဲ့ ပတ်သက်လို့ သဘောထားအမြင်ဘယ်လိုရှိသလဲဆိုတာ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

NLD အစိုးရသစ်ရဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ မူဝါဒကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က သံဃာ့မဟာနာယက ဆရာတော်ကြီးတွေနဲ့တွေ့ဆုံရမှာ လျှောက်ထားသွားတာပါ။ အထူးသဖြင့် နိုင်ငံမှာ မှီတင်းနေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေကိုသာမက အခြားဘာသာဝင် လူမျိုးစုတွေကို ဗြဟ္မစိုရ်ကျင့်စဉ်နဲ့အညီ ကူညီစောင့်ရှောက်ဖို့တာဝန်ရှိတယ်ဆိုတဲ့ အစိုးရရဲ့ ရပ်တည်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အခုလို လျှောက်ထားခဲ့ပါတယ်။

“နိုင်ငံအတွင်း မြန်မာလူမျိုးများ အပါအဝင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ကိုးကွယ်ရာဘာသာဝင် အသီးသီးအားလည်း ဗြဟ္မစိုရ်ကျင့်စဉ်ဖြင့် ကူညီအားပေး စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ယုံကြည်ထားပါသည်ဘုရား။ နိုင်ငံအတွင်း မှီတင်းနေ ထိုင် ကြသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အချင်းချင်း၊ ကိုးကွယ်ရာ ဘာသာ အယူဝါဒရှိသူ အချင်းချင်းတို့ အကြားတွင် ယုံကြည်ခြင်း၊ စာနာနား လည်ခြင်း၊ ချစ်ကြည် ရင်းနှီးခြင်း၊ အကျိုး လိုလားခြင်းတို့ကို အခြေခံ လျက် အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခွင့် ရှိကြမှသာလျှင် အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါ သည်ဘုရား။”

ဒါအပြင် မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှု အများ ဆုံးဖြစ်တဲ့ နိုင်ငံတနိုင်ငံဖြစ်တာကြောင့် ဗုဒ္ဓတရားတော်အတိုင်း မေတ္တာ- ကရုဏာ- မုဒိတာ- ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့အညီ အခြားဘာသာဝင်တွေကို ခွဲခြားဆက်ဆံမှုမပြုဖို့ အထူးလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုဆက်လက်လျှောက်ထားခဲ့ပါတယ်။

“ ဗြဟ္မစိုရ် တရား လေးပါးကို လက်တွေ့ကျင့်သုံးခြင်းဖြင့် အမျိုးဇာတ်ခွဲခြားခြင်း၊ အသား အရောင် ခွဲခြားခြင်း၊ မိတ်ဆွေ ရန်သူ ခွဲခြားခြင်း၊ ယုံကြည်မှု အယူဝါဒခွဲခြားခြင်း စသည်တို့အပေါ် ကောင်းစွာချဉ်းကပ်မှု ပြုနိုင်ပါသဖြင့် မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်ကျင့် စဉ် တရားတော်သည် လူ့လောကကြီး အတွက် လွန်စွာ အားကိုးမြတ်နိုး ဖွယ် ဖြစ်ကြောင်း ခံစားနိုင်ပါသည် ဘုရား။

အစိုးရအဖွဲ့အနေဖြင့် ဘုရားရှင်၏ အဆုံးအမ ဗြဟ္မစိုရ်ကျင့်စဉ် အခြေခံဖြင့် မြန်မာနိုင်ငံ တော်၏ အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ခံယူထား ပါကြောင်း လျှောက်ထားအပ်ပါသည် ဘုရား။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်ထားချက်ဟာ တရားမျှတမှုရှိတဲ့အကြောင်း အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာ-အမေရိကန် ကက်သလစ်အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ဂျွန်စိုင်းလုံက ဗွီအိုအေကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်ထားချက်အပေါ် နားထောင်ကြည့်ရင်တော့ အင်မတန်တရားမျှတပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့နိုင်ငံဖြစ်တော့ ဒီတိုင်းရင်းသား သင့်တင့်မျှတအောင်နေမှပဲ အေးချမ်းမှာဖြစ်တယ်။ ဆိုတော့ ဒီဘာသာရေးနဲ့ပတ်သက်လာရင် တယောက်နဲ့တယောက်လေးစားဖို့လည်းလိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကက်သလစ် ရှု့ထောင့်ကနေပြောရမယ်ဆိုရင်တော့ ကက်သလစ်ဘာသာ က ကျနော့်အမြင်အရဆိုရင်တော့ ဗုဒ္ဓသာသနာထွန်းကားရေးအတွက်ပဲ အနှောက်အယှက်ဖြစ်တဲ့ဘာသာမဟုတ်ဘူးလို့ ။ အဲဒါကြောင့် ဒီခရစ်ယာန်တွေ ပိုင်တဲ့နယ်မြေ ကို ဆရာတော်တွေစေတီသွားဆောက်တာမျိုးတွေတော့ ကျနော့်အမြင်ကတော့ စော်ကားတယ်လို့ခံယူတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်းပဲ တယောက်နဲ့တယောက်လေးစားပြီးတော့ ဒီလိုမျိုးကိစ္စကိုတော့ နောက်နောင်မလုပ်ဖြစ်ဖို့ အစိုးရအနေနဲ့ ဒီ သံဃာတော်တွေကို အသနားခံနိုင်ရင်တော့ အင်မတန်မှ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။”

အလားတူပဲ မြန်မာ-မူစလင်အစည်းအရုံး (နိုင်ငံတကာ)ရဲ့ ဥက္ကဋ္ဌ ဦးအောင်တင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျောက်ထားချက်တွေဟာ လူသားအားလုံးအတွက် မှန်ကန်တဲ့ကမ္ဘာက လေးစားရတဲ့ ဗုဒ္ဓရဲ့ စကားဖြစ်တယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူပြောတဲ့ ဗြဟ္မစိုရ်တရားလေးပါ မေတ္တာ- ကရုဏာ- မုဒိတာ- ဥပေက္ခာ-ဆိုတာ ဘာသာလူမျိုးမပါဘူး။ ဒါဗုဒ္ဓရဲ့ ကျောရိုးအယူဝါဒ။ တကယ်လို့ဗုဒ္ဓက စောနကကျနော်ပြောသလို သူ့အမျိုးကိုပဲ အာရုံထားမယ်၊ သူ့ဘာသာစကားကိုပဲ အာရုံထားမယ်ဆိုရင် ဗုဒ္ဓဘာသာကြီးက ဘယ်လိုလုပ်ကမ္ဘာကို ပြန့်မလဲ။ ခုန ဒေါ်စုပြောတဲ့အထဲမှာပဲ အမျိုးဘာသာ သာသနာ ဆိုတဲ့စာကားလုံးကိုတော့ နိုင်ငံတနိုင်ငံ ဘယ်လိုမှ ဗမာလူမျိုးအတွက် ဗမာဘာသာစကားအတွက်ပဲ၊ ဗုဒ္ဓဘာသာစကားအတွက်ပဲ ဆိုတော့ အမျိုးဘာသာနဲ့သွားလို့တော့ မရဘူး။ နောက်ပြီးတော့ ဒီနေ့ဒီအချိန်မှာ ပြည်သူလူထုက အမြင်သိပ်ပြီးတော့ မကျယ်ဘူးဖြစ်နေတယ်။ အဲတော့ သူတို့နားလည်အောင်လို့ ဒေါ်စုက အမျိုးဘာသာ သာသနာဆိုတဲ့စကားကို သုံးတယ်လို့ ကျနော်ယူဆတယ်။ ဒီမိန့်ခွန်းက ဒီနေ့ဒီအချိန်အခါနဲ့လည်း ကိုက်ညီတယ် ၊ ကျနော်တို့အရမ်းမျှော်လင့်ပြီးတော့ ဒေါ်စု ဘာတွေပြောပါဆိုတာ လက်တွေ့နဲ့လည်းမကိုက်ညီဘူး။ ဒီဒေါ်စုပြောတဲ့ မိန့်ခွှန်းကို ခြုံပြောရရင်တော့ အင်မတန်ကျေနပ်ပါတယ်။ ဝမ်းသာပါတယ်။”

တနင်္ဂနွေနေ့က သာသနာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)နဲ့တွေ့ဆုံရာမှာ ကရင်ပြည်နယ်မှာ မြိုင်ကြီးငူဆရာတော်က အခြားဘာသာဝင်တွေ ကိုးကွယ်တဲ့နေရာတွေမှာ စေတီငယ်တွေအတင်းအဓမ္မတည်ဆောက်နေတဲ့ကိစ္စ၊ နောက်အရင်ဦးသိန်းစိန်အစိုးရလက်ထက်မှာဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် ပိတ်ထားခံရတဲ့ ဗလီကျောင်းတွေပြန်ဖွင့်ဖို့ကိစ္စစတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG