သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာခြားများအပေါ် ဝေဖန်ရှုတ်ချမှု မလုပ်ဟု မဘသ(ဗဟို) ထုတ်ပြန်


ခရစ်ယာန်ဘာသာဝင်တဦးကို မြန်မာအစိုးရ ဒုသမ္မတ ရွေးချယ်ခဲ့တဲ့အပေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ကန့်ကွက်ဝေဖန်ခဲ့တယ်ဆိုတာ မမှန်ကန်ဘူးလို့ မဘသ (ဗဟို)က ထုတ်ပြန်ကြေညာပါတယ်။

CSW ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်ညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူ Benedict Rogers က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ မဘသ အနေနဲ့ ခရစ်ယာန်နဲ့ အစ္စလာမ် ဘာသာတရားတွေအပေါ် နှိပ်ကွပ်ရှုတ်ချတဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေတယ်လို့ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပြီး မဘသ ဘက်ကတော့ ဒါဟာ မမှန်မကန်စွပ်စွဲချက်ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်လိုက်တာပါ။ မဘသ အဖွဲ့ကြီးရဲ့ ပြောခွင့်ရ ဆရာတော် ဒေါက်တာ သောပါက ကို မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းစဉ် သူက အခုလိုစပြီး မိန့်ကြားပါတယ်။

ဒေါက်တာ သောပါက ။ ။ သဘောမတူတဲ့အချက်လေးများဆိုရင်တော့ ဦးပဉ္စင်းတို့ မဘသတို့နဲ့ ပတ်သက်ပြီးတော့ ပြောထားတဲ့ စကားတွေက ဦးပဉ္စင်းတို့ မဘသအနေနဲ့က ဒီ ဒုသမ္မတနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ထားတာတွေ တခုမှ ဦးပဉ္စင်းတို့ သဘောထား ထုတ်ပြန်တာ တခုမှာ မရှိဘူး။အဲဒါကြီးကို မဘသ ဆိုပြီးတော့ သူတို့ဆွဲပြီးတော့ မဘသ လုပ်တာမဟုတ်ဘဲနဲ့ မဘသ ဆိုတာကြီးကို ထည့်ပြောနေတာလေ အဲဒါကြောင့်မို့လို့ အဲဒီလုပ်ရပ်တွေက ဦးပဉ္စင်းတို့မှာ ဒီ ခရစ်ယာန်သမ္မတ တက်တာနဲ့ ပတ်သက်ပြီးတော့ကန့်ကွက်တယ်ဆိုတာမျိုးက ဒါတမင်သက်သက် လီဆယ် ပြီးတော့ ပြောသလိုဖြစ်နေတာပေါ့။ အဲဒီတော့ ဦးဇင်းတို့ သဘောမတူတာဘဲလေ။

သိင်္ဂီထိုက် ။ ။ အဲတော့ ဘုန်းဘုန်း ဘုရား ဒီစာရွက်စာတမ်းတွေ ဖြန့်ချိတယ်ဆိုပြီးတော့ သူတို့က ဒါစွပ်စွဲပါတယ်။ အဲဒီတော့ ဒီဟာတွေလုပ်တာကျတော့ ဘယ်အဖွဲ့အစည်းလိုများ ဦးဇင်းတို့ သိထားပါသလဲ။

ဒေါက်တာ သောပါက။ ။ အဲဒါတွေကတော့ ဦးပဉ္စင်းတို့နဲ့ မပတ်သက်ဘူး။ ဦးပဉ္စင်းတို့ မဘသက လုပ်လို့ရှိရင် အခုလိုပဲ ကြေညာချက်ကို ထုတ်ပြန်ပြီးတော့ တရားဝင်လုပ်တာ။ တနိုင်ငံလုံးကို အသိပေးပြီးတော့ လုပ်တာလေ။ ကျန်တာကတော့ သူတို့အမျိုးသားရေး အဖွဲ့တွေရှိမယ်၊ မျိုးချစ်အဖွဲ့တွေရှိမယ်၊ ပုဂ္ဂလိက အဖွဲ့တွေရှိမယ်။ ဒါကတော့ မြန်မာနိုင်ငံဆိုတာကတော့ ဗုဒ္ဓဘာသာ အများစုနိုင်ငံပဲလေ။ ဒုတိယသမ္မတ တယောက်က ခရစ်ယာန်ဖြစ်နေတယ်။ သမိုင်း အစဉ်အဆက်မှာလည်း မရှိခဲ့ဖူးဘူး။ဒါတွေကို သူတို့ သဘောထား အားဖြင့် ပုဂ္ဂိုလ်ရေး အရ သဘောမတူတာရှိမယ်။ တချို့အဖွဲ့အစည်းတွေက သဘောမတူတာတွေရှိမယ်။ အဲဒါတွေ ထုတ်ပြန်တာလေ။ အဲဒါတွေ ထုတ်ပြန်တော့ ဘယ်အဖွဲ့အစည်းက ထုတ်ပြန်တာဆိုတာကို သေချာမလေ့လာဘဲနဲ့ မဘသ ဆိုတာကို ဆွဲဆွဲထည့်တာကို ဦးဇင်းတို့က သဘောမကျတာလေ။ မဘသက ဒီ သမ္မတကို ကန့်ကွက်သလားဆိုရင် ဒကာမကြီးတို့လို အခုဆက်သွယ်သလို အချိန်မရွေး ဆက်သွယ်လို့ရတာပဲ။ ဦးပဉ္စင်းတို့ သဘောထားကို မေးလို့ရတယ်။ ဒုသမ္မတနဲ့ ပတ်သက်ပြီးတော့ မဘသက တရားဝင် ထုတ်ပြန်ထားတာ ရှိပါသလား၊ မရှိဘူးလား။အဲဒီလိုမျိုးတွေမေးရင် ဦးပဉ္စင်းတို့က အကျိုးအကြောင်း ဖြေပေးလို့ရတယ်လေ။ အမှန်ကန်ဆုံး ဖြေပေးလို့ရတယ်လေ။ အဲလိုလည်းမမေးဘဲနဲ့ ထင်ရာကြီးကို ဆွဲဆွဲပြီးတော့ ရေးသွားတာ ဒါတွေက ဟုတ်မှ မဟုတ်ဘဲနဲ့။

သိင်္ဂီထိုက် ။ ။ ဘုန်းဘုန်းတို့ အနေနဲ့ကရော ဒီ မဘသ အဖွဲ့ကြီးအနေနဲ့ ကရော အခု ဒုသမ္မတ ခရစ်ယာန်တယောက် ဒုသမ္မတ ဖြစ်လာတဲ့အပေါ်မှာ ဘယ်လိုသဘောထားမျိုးများ ဘုန်းဘုန်းတို့ ရှိပါသလဲ ဘုရား။

ဒေါက်တာ သောပါက။ ။ မဘသ အနေနဲ့ အခုလတ်တလော ဘာမှကို အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သဘောထား ထုတ်ပြန်ထားတာ လည်း မရှိဘူး။ ဘုန်းဘုန်းတို့ အနေနဲ့ ဘယ်သူပဲ တက်လာတက်လာ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှုတွေက လွဲမှားနေရင် ဘုန်းဘုန်းတို့က ထောက်ပြသွားမယ်။ ဘယ်သူပဲလုပ်လုပ်၊ ဘယ်သမ္မတပဲ တက်တက် ၊ တက်လာတဲ့ သမ္မတတွေရဲ့ အပေါ်မှာ ဘုန်းဘုန်းတို့က အမြဲတမ်း ကိုယ့်အမျိုးဘာသာ သာသနာအတွက် စောင့်ကြည့်နေရုံမှတပါး အခြားဘာမှ လုပ်မှမဟုတ်ဘူး။ သို့သော် သမ္မတ တက်လာသောအားဖြင့် သူဘာလုပ်နေသလဲ ဗုဒ္ဒဘာသာနဲ့ ပတ်သက်ပြီးတော့ မလျော်တဲ့ အမှုတွေ တခြားဘက်လိုက်တဲ့ အမှုတွေရှိရင် ထောက်ပြဖို့ပဲ ရှိတယ်လေ။ အခုတက်လာတဲ့ အပေါ်မှာ ကြိုက်တာ၊ မကြိုက်တာက ဦးပဉ္စင်းတို့ မဘသတွေ အနေနဲ့ လတ်တလော ထုတ်ပြန်ထားတာ လတ်တလော ဘာမှမရှိပါဘူး။

သိင်္ဂီထိုက် ။ ။ တင်ပါ့။ တပည့်တော်တို့ကတော့ ဒါ သူ့ရဲ့ အင်တာဗျူး ဆိုတဲ့အခါမှာ တပည့်တော်တို့ရဲ့ သဘောထားတော့ မဟုတ်ပါဘူးဘုရား။ ဒီ Benedict Rogers ရဲ့သဘေားထားကို တပည့်တော်တို့ အင်တာဗျူးလုပ်တာပါ ဘုရား။ တင်ပါ့။

ဒေါက်တာ သောပါက။ ။ ဟုတ်တယ် ဟုတ်တယ်။ တွေ့တယ်။ ဦးဇင်းတို့လည်း အဲဒီဖိုင်တွေကို ကြည့်ပြီးတော့ စိတ်မကောင်းကြတာ။ အားလုံးကဝိုင်းပြီးတော့ မဘသအဖွဲ့တွေက တနိုင်ငံလုံး ဝိုင်းပြီးတော့ ပြောကြတာလေ။

XS
SM
MD
LG