သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါး ခရစ်ယာန်ဘာသာရေးခေါင်ေးဆာင်နှစ်ဦး CDF ဖမ်းဆီးထား


ချင်းပြည်နယ်က ခရစ်ယာန် ဘုရားကျောင်းတခု ။ (ဓာတ်ပုံ - CJ)
ချင်းပြည်နယ်က ခရစ်ယာန် ဘုရားကျောင်းတခု ။ (ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဆူရ်ခွားမြို့က ကက်သလစ်ဘုန်းတော်ကြီးတပါးနဲ့ သင်းအုပ်ဆရာတဦးတို့ကို ဟားခါး CDF အဖွဲ့က ဖမ်းသွားပြီးတဲ့နောက် ခုချိန်ထိ ပြန်လွတ်မလာသေးပါဘူး။ ဟားခါး CDF အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူကတော့ စစ်ဆေးမေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်လို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ဆူရ်ခွားမြို့က ကက်သလစ်ဘာသာရေး ခေါင်းဆောင်နှစ်ဦးကို ဟားခါးကာကွယ်ရေး CDF အဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆူရ်ခွားမြို့ခံတဦးကပြောပါတယ်။
"CDFက ခနထိန်းထားတဲ့သဘောပေါ့နော်။ သူနဲ့ စစ်ကောင်စီနဲ့ပတ်သက်လို့ဆိုမှ၊ ခနထိန်းသိမ်းထားတဲ့သဘောပါပဲ။ နှစ်ယောက်ဗျ၊ ကျနော်တို့ ဒီ ဖာသာနဲ့ Pastor ပေါ့နော်။ ကက်သလစ် ဖာသာတပါးနဲ့ Pastor တယောက်ပေါ့။ လောလောဆယ်တော့ မလွတ်သေးဘူး။"
ဖမ်းခံထားရတဲ့ ကက်သလစ် ဘာသာရေးခေါင်းဆောင်နှစ်ဦးဟာ ဇူလိုင် ၂၆ ရက် တနင်္လာနေ့က ဆူရ်ခွား ကနေ ဟားခါးမြို့ကို ဘာသာရေးအစည်းအဝေးတခု တက်ရောက်ဖို့အသွားမှာ အဆက်သွယ်ပြတ်တောက်သွားပြီး နောက်ပိုင်းမှ CDF အဖွဲ့ကနေ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ သတင်းထွက်လာတာပါ။

ဟားခါး CDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးကတော့ ဖမ်းဆီးတာမဟုတ်ဘဲ စစ်ဆေးမေးမြန်းဖို့ ခေါ်ထားတာဆိုပြီး ပြောပါတယ်။
"အဲဒီဟာကျတော့ ကျနော်တို့ ထိန်းသိမ်းထားတယ်လို့ ကျနော်တို့ ခေါ်တာမဟုတ်ဘူးပေါ့နော်။ ဒါမေးမြန်းတာရှိပါတယ်။ မေးမြန်းတဲ့အဆင့်ပါပဲ။ ကျနော်တို့ ထိန်းသိမ်းထားတာတော့မဟုတ်ဘူး။ ခနတာမေးမြန်းတဲ့သဘောပေါ့။ အဆင်ပြေရင် သူပြန်သွားမှာပါ။"

အဲဒီ ကက်သလစ်ဘာသာရေးခေါင်းဆောင်နှစ်ဦးဟာ စစ်ကောင်စီနဲ့ အဆက်အစပ်ရှိလို့ CDF က ထိန်းသိမ်းထားတယ်လို့ မြို့ခံကပြောပေမယ့် CDF ပြန်ကြားရေးတာဝန်ခံကတော့ ဘာ့ကြောင့်ခေါ်ထားတယ်၊ ဘာကိုမေးမြန်းနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောခဲ့သလို ဘယ်တော့ပြန်လွှတ်ပေးမယ်ဆိုတာကိုလည်း အတိအကျ မပြေ ာခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ဆူရ်ခွားမြို့ရဲစခန်းကို CDF တပ်ဖွဲ့က ဝင်သိမ်း မီးရှို့ဖျက်စီးခဲ့ပြီးတဲ့နောက် မေလ ၃၁ ရက်နဲ့ ဇွန်လ ၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်နဲ့ ဟားခါး CDF တို့တိုက်ပွဲဖြစ်ပွားပြီး ဆူရ်ခွးါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းနံဘေး ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံတွေ တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့နေကြရပါတယ်။

ဒီစစ်ရှောင်တွေ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဆူရ်ခွားမြို့အကူညီပေးအဖွဲ့ဝင်တဦးကပြောပါတယ်။
"တိုက်ပွဲဖြစ်တော့ ဆူရ်ခွားမြို့တကြောရွာတွေက ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ရှိတယ်ပေါ့။ အရင် CDF တွေနဲ့ အဲဒီလိုပစ်ခတ်မှုတွေဖြစ်ပြီးကတည်းက ထွက်ပြေးတာပေါ့။ တချို့ ပြန်လာတာတွေလည်းရှိတယ်။ တချို့ကျတော့လည်း မလုံခြုံလို့ တောထဲမှာ ပိုလုံခြုံတယ်ထင်ပြီး ပြန်မလာတာတွေလည်းရှိတာပေါ့။ ခုချိန်မှာတော့ပစ်ခတ်မှုမရှိတော့ပေမဲ့ ကြောက်လို့ပြန်မလာကြသေးဘူးပေါ့။ အဲဒီစစ်ဘေးရှောင်တွေတောင် ကျနော်တို့ထောက်ပံ့တော့ တနေရာနဲ့ တနေရာ မတူဘူးဗျ။ တချို့တရာ တချို့နှစ်ရာ တချို့နေရာကျတော့ သုံးလေးရာလောက်ရှိတယ်။ နှစ်ရွာသုံးရွာပေါင်းရင်ပေါ့နော်။ အားလုံး ထန်တလန်ဘက်တကြောဆိုရင် ထောင်ဂဏန်းလောက်ရှိတယ်။ စစ်ဘေးဒုက္ခ တောထဲပုန်းတဲ့သူတွေပေါ့နော။"

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံထားရသူအယောက် ၆၀ လောက်ကို မေလ ၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လွှတ်မပေးရင် စစ်ရေးနဲ့ တိုက်ခိုက်သွားမယ်လို့ CDF အဖွဲ့က ကြေညာခဲ့ပြီးနောက်ပိုင်း မေလ ၄ ရက်၊ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေကို CDF အဖွဲ့တွေက စပြီး တိုက်ခိုက်ခဲ့တာပါ။

ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်ကြားမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF အဖွဲ့တွေ တိုက်ပွဲဖြစ်တာကြောင့် အနီးအနားကျေးရွာ ၁၀ ရွာလောက်က လူဦးရေ ၅၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေကြရပြီး နေရပ်မပြန်နိုင်ကြသေးပါဘူး။
ချင်းပြည်နယ်က မင်းတပ်၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်၊ ဟားခါးမြို့တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးတာတွေ ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတွေက ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး ပြန်တိုက်ခိုက်လာကြတာဖြစ်ပါတယ်။

....................................................................................



(Unicode)









XS
SM
MD
LG