သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဲသမိန်က ဗလီ အာဏာပိုင်တွေပြန်ဖွင့်ခွင့် မပေးသေး


သူရဲသမိန်ကျေးရွာက ဗလီ ဖျက်စီးခံရ (ဇွန်လ ၂၃ ရက်) ဓါတ်ပုံ- စိုးဇေယျထွန်း (ရိုက်တာ)
သူရဲသမိန်ကျေးရွာက ဗလီ ဖျက်စီးခံရ (ဇွန်လ ၂၃ ရက်) ဓါတ်ပုံ- စိုးဇေယျထွန်း (ရိုက်တာ)

ပဲခူးတိုင်း သူရဲသမိန်ကျေးရွာမှာ နှစ်ဖက်အသိုင်းအဝိုင်းကြား အကြမ်းဖက် မှုဖြစ်ခဲ့ ပြီးနောက် နေရပ်စွန့်ခွာတိမ်းရှောင်နေရ သူတွေ နေရပ်မပြန်နိုင်သေးသလို ကျန်ရစ်ခဲ့သူတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေဆဲဖြစ်ကြောင်း ဒေသခံ မွတ်စလင်ခေါင်းဆောင်ကပြောပါတယ်။

ဒါအပြင် အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဖျက်စီးခံရတဲ့ ဗလီကျောင်းမှာ ပြန်ပြီး ဝတ်ပြုဖို့ ဒေသခံ အာဏာပိုင်တွေက ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ လည်းဆိုပါတယ်။ အလားတူ သူရဲသမိန် ကျေးရွာက နောက်ဆုံးအခြေအနေကို သွားရောက်ကြည့်ရှုတဲ့ ဘာသာ ပေါင်းစုံချစ်ကြည်ရေး အဖွဲ့ကြီးကိုလည်း အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုတင်ပြမှာပါ။

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်က သူရဲသမိန်ကျေးရွာမှာ ဇွန်လ (၂၃)ရက်နေ့က ဘာသာခြားဖြစ်တဲ့ ရွာသားနှစ်ဦးကနေ အပြန်အလှန်အချင်းများရာက စတင်ဖြစ်ပေါ်ခဲ့တဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ဗလီကျောင်းနဲ့ ဘာသာရေးစာသင်ကျောင်းအပါအဝင် မွတ်စလင်ပိုင် အိမ်အဆောက်အဦး တလုံး၊ မွတ်စလင်သင်္ချိုင်းတို့ ဖျက်ဆီးခံလိုက်ရပါတယ်။

နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး သူရဲသမိန်ကျေးရွာမှာရှိတဲ့ ရဲအာဏာပိုင်တွေ ကို ဗွီအိုအေက ဖုန်းဆက်မေးမြန်းရာမှာ တစုံတရာ ပြန်လည် တုန့်ပြန် ဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် နှစ်ဖက်အသိုင်းအဝိုင်းကို ဦးဆောင်နေသူပေါင်း (၄၇)ဦး ပါဝင်ဖွဲ့စည်းထားတဲ့ ကျေးရွာတည်ငြိမ်မှု ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့ရဲ့ အဖွဲ့ဝင် ဦးဝင်းရွှေကို နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး စတင်မေးမြန်းရာမှာ သူက အခုလို ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့အားလုံးကတော့ အရင်လိုပုံစံပြန်ဖြစ်နိုင်ရေး အတွက်ကြိုးစားနေကြ တာပေါ့။ အခင်းဖြစ်တဲ့အချိန်တုန်းက ထွက်ခွာသွားတဲ့လူတွေဟာ များသော အားဖြင့် ပြန်မရောက်သေး ဘူးခင်ဗျ။ ကြောက်လန့်ပြီးထွက်သွားတဲ့သူတွေခင်ဗျ။ တည်ငြိမ်မှုကတော့ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေထဲမှာ မရှိသေးဘူးခင်ဗျ။”

မေး။ ။ အဲဒီမှာကျန်ခဲ့တဲ့သူတွေက သူတို့ရဲ့ ဘာသာရေး ဆိုင်ရာလ လည်းဖြစ်နေတော့ ဗလီမှာ ဝတ်ပြုတဲ့ကိစ္စပုံမှန်ပြန်လုပ်လို့ရနေပြီလားရှင့်။

ဖြေ။ ။ “ဗလီကိစ္စဆိုတဲ့နေရာမှာ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်ကနေပြီးတော့ ကျနော်တို့ကို သန့်ရှင်းရေးလုပ်ခွင့်ပေးမယ်ဆိုပြီးတော့ ပြောတော့ ကျနော်တို့က အရမ်းဝမ်းသာတယ်။ ဝမ်းသာတဲ့အပေါ်မှာ ကျနော်တို့ကအားလုံး သန့်ရှင်းရေးလုပ်ဖို့အတွက်ကို ကျနော်တို့က လူစုစည်းတယ်။ စုစည်းပြီးတော့ သန့်ရှင်းရေးလုပ်ကြတယ်။ အဲဒီလိုသန့်ရှင်းရေး လုပ်ခိုင်းပြီးတဲ့အခါမှာ ဘုရားဝတ်ပြုခွင့်ပေါ့လေ မကြာခင် တစ်ရက်နှစ်ရက် လောက်ဆိုရင်လည်း အစ်ဆိုတာလာတော့မယ်။ အဲတော့ အစ်ပွဲတော်မှာများ ကျနော်တို့ ဆင်နွဲှရမလား အခုလို ထူးမြတ်လှတဲ့အချိန်ကာလ ရာမဒမ် ဥပုသ်ကာလမှာ ကျနော်တို့ဟာ နေ့စဉ် ငါးကြိမ်ဝတ်ပြုနေကျအတိုင်း ကျနော်တို့ဗလီမှာပဲ ပြန်ပြီးဝတ်ပြုခွင့်များ ရလိုရငြား ကျနော်တို့အားကြိုးမာန်တက်နဲ့ သန့်ရှင်းရေးလုပ်ကြတယ်ခင်ဗျ။ လုပ်ပင်လုပ်ငြားသော်လည်း ပြီးသွားတာနဲ့ အရင်ကထက်ပိုပြီး တင်းကျပ်စွာနဲ့ ပိတ်ပြီး အကုန်လုံးထွက်ခိုင်းပြီးတော့ ဘယ်သူကိုမှ ပေးမဝင်တော့ဘူးခင်ဗျ။”

မေး။ ။ အခု (၄၇)ဦး ကော်မတီဖွဲ့ထားတော့ ဦးလေးကိုယ်တိုင်လည်း အဲဒီထဲမှာပါနေတော့ အခုကော်မတီဝင်တွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှု အနေအထား ဘယ်လိုရှိပါလဲရှင့်။

ဖြေ။ ။ “သူတို့က ဘာအလုပ်ပဲလုပ်လုပ် ဒီ (၄၇)ဦးသိရမယ်၊ သူတို့သဘောတူမှ ခွင့်ပြုမယ်ဆိုပြီး သူတို့က အဲဒီလိုအစီရင်ခံထားတဲ့ခင်ဗျ။ ဒါပေမဲ့ (၄၇)ဦး အထဲထဲမှာ (၁၀)ဦးကျော်ကျော်လောက်က အဲဒီအကြမ်းဖက်မှုထဲမှာ ပါဝင်နေကြတဲ့သူတွေဖြစ်ကြတော့ ဘယ်လိုလုပ်ပြီး ကျနော်တို့ သူတို့နဲ့လက်တွဲဖို့ ရေတိုမှာ ဖြစ်နိုင်မလဲခင်ဗျ။”

ဒီအတောအတွင်း သူရဲသမိန်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကို သောကြာနေ့က သွားရောက်ကြည့်ရှုတဲ့ မေတ္တာစက်ဝိုင်းလို့ခေါ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့ကိုယ်စားလှယ်တွေကို မြို့နယ်နဲ့ ကျေးရွာအာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း အဖွဲ့ရဲ့ဗဟိုအလုပ် အမှုဆောင်တဦးဖြစ်သူ ကိုရှိုင်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“တကယ်တကယ်ဆိုရင် အာဏာပိုင်တွေကိုယ်တိုင်က ဒါကို ပွင့်လင်းမြင်သာမှုဆိုတဲ့အရာကို ပြဖို့ အရမ်းအရေးကြီးတယ်။ တဖက်ကနေပြီး အထက်က အမိန့်ကတမျိုး အောက်မှာဖြစ်နေတာတမျိုး၊ ဒါကလုံးဝမဖြစ်သင့်ဘူး။ နောက်ပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှုလုံးဝမရှိဘူး။ ကျနော်တို့ ပြန်လှည့်လာတဲ့အခါမှာလည်း ပတ်ပတ်လည်ကို လူ (၁၀)ယောက်ကျော်က တောက်လျောက်ကျနော်တို့ကို ဓါတ်ပုံတွေရိုက်တယ်၊ ဗွီဒီယိုတွေရိုက်တယ်။ ကျနော်တို့ကို စူးစူးဝါးဝါးနဲ့ အခုပဲ ကိုက်ဖြတ်တော့မယ့် ပုံစံမျိုးနဲ့ကြည့်တာကိုလည်း ခံခဲ့ရတယ်။”

သူရဲသမိန်ကျေးရွာက အကြမ်းဖက်မှုဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်လို့ ဇွန်လ (၂၉)ရက်နေ့က အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက် စုံးစမ်းစစ်ဆေးခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီကလည်း သူရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အဲဒီကျေးရွာကို ကိုယ်တိုင်သွားကြည့်ခဲ့သလို အကြမ်းဖက်ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။ လက်ရှိအခြေအနေမှာတော့ ရဲအာဏာပိုင်တွေဘက်က ကျေးရွာလုံခြုံရေးကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG