အစ္စလာမ်ဘာသာရဲ့တမန်တော်ကို ပုတ်ခတ်စော်ကားမှုနဲ့စွပ်စွဲခံထားရသူ ခရစ်ယာန်အမျိုးသမီး တဦးရဲ့ အမှုကို နိုင်ငံတော်တရားရုံးချုပ်က အပြစ်မရှိကြောင်းစီရင်ချက်ချခဲ့တဲ့အတွက် အစ္စလာမ် မဘတ်မြို့မှာ ဆန္ဒပြနေတာ သုံးရက်ရှိနေပါပြီ။
သောကြာနေ့နှောင်းပိုင်းတုန်းကတော့ ပါကစ္စတန်အစိုးရဲ့ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တခုရဲ့ ဆောင်ရွက် ချက်ကြောင့် အစ္စလာမ်မစ်အုပ်စုတွေနဲ့ သဘောတူညီမှုတခုရရှိခဲ့ပါတယ်။ တရားရုံးက အယူခံကို ကြားနာနေတဲ့ကာလအတွင်း ပါကစ္စတန်နိုင်ငံကနေ အဲဒီခရစ်ယန်အမျိုးသမီး မထွက်ခွါသွားရေး ဥပဒေအရတားမြစ်ရေးဆောင်ရွက်ဖို့ အစိုးရက သဘောတူညီခဲ့တာပါ။
TLYR အစ္စလာမ်မစ်အုပ်စုဝင်တွေက နိုင်ငံတဝှမ်းကမြို့ကြီးတွေရဲ့လမ်းမတွေကို ပိတ်ဆို့ခဲ့ကြပြီး ရဲတွေနဲ့လည်း တညလုံးပဋိပက္ခတွေဖြစ်ခဲ့ကြတာပါ။ Asia Bibi ဆိုတဲ့ ခရစ်ယာန်အမျိုးသမီးရဲ့အမှုမှာ အပြစ်မရှိကြောင်း နိုင်ငံတော်တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့ကတည်းက ဆန္ဒပြပွဲတွေ စတင်ခဲ့တာပါ။
အငြင်းပွါးစရာဖြစ်နေတဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေးစော်ကားမှုဆိုင်ရာဥပဒေအရ Asia Bibiဟာ ၂၀၁၀ ခုနှစ် ကတည်းက သေဒဏ် အပြစ်ပေးမှုနဲ့ရင်ဆိုင်နေရတာပါ။ သူ့ကိုရေတိုက်တာကို ခရစ်ယာန်ဖြစ်တာကြောင့် ငြင်းခဲ့ ရာက တခြားအမျိုးသမီးတွေနဲ့ အငြင်းအခုန်ဖြစ်ခဲ့ကြပြီးနောက်ပိုင်း သူဟာ မဟုတ်မမှန် စွပ်စွဲခံခဲ့ရတယ်လို့ Asia Bibi ကပြောပါတယ်။ မနေ့တုန်းကလည်း တခြား ဘာသာရေးအုပ်စုတွေရဲ့ဆန္ဒပြမှုတွေရှိခဲ့တယ်ဆိုပေမဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပါတယ်။
ဆန္ဒပြမှုတွေကိုတော့ ရုပ်မြင်သံကြားတွေကနေမထုတ်လွှင့်ဖို့ ပါကစ္စတန်အစိုးရက တားမြစ်ထားပါ တယ်။ ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေကိုလည်းမပြုလုပ်ဖို့ ပါကစ္စတန် အစိုးရက တားမြစ် ထားပြီး ဆဲလ်ဖုန်းဆက်သွယ်မှုတွေကိုလည်း မြို့တော် တော်များများမှာ ပိတ်ပင်ထားပါတယ်။
စာသင်ကျောင်းတွေလည်း နိုင်ငံတလွှားပိတ်ပင်ထားပါတယ်။