သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ပြန်ပြောင်းသတိရ


ရန်ကုန်မြို့ ဆူးလေးဘုရားရှေ့ လူထုဆန္ဒပြပွဲ- သြဂုတ်လ (၈)ရက် ၁၉၈၈ ခုနှစ်
ရန်ကုန်မြို့ ဆူးလေးဘုရားရှေ့ လူထုဆန္ဒပြပွဲ- သြဂုတ်လ (၈)ရက် ၁၉၈၈ ခုနှစ်

ဒီကနေ့ဟာ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်ခဲ့တဲ့ ၂၉ နှစ်မြောက် အထိမ်းအမှတ်ဖြစ်ပါတယ်။ မဆလ တပါတီအာဏာရှင်စနစ်ကနေ ပါတီစုံ ဒီမိုကရေစီစနစ် ပြောင်းလဲဖို့ နိုင်ငံတဝှမ်း တောင်းဆိုဆန္ဒပြမှုကို စစ်တပ်ကနေ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် လူပေါင်း သုံးထောင်ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတွေက ခန့်မှန်းဖေါ်ပြခဲ့ကြပါတယ်။

သြဂုတ်လ ၈ ရက် ၁၉၈၈ခုနှစ်မှာ ကိုယ်တိုင်ပါဝင်ခဲ့ကြသူတွေကတော့ အဲဒီအချိန်က လက်နက်မပါတဲ့ပြည်သူတွေကို စစ်တပ်က သေနတ်နဲ့ တည့်တည့်ပစ်ပြီး အကြမ်းဖက်ဖြိုခွဲမှုကို အခုချိန်ထိ မမေ့နိုင်ကြသေးဘူးလို့ ပြောပြခဲ့ကြပါတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလမှာ စစ်အာဏာသိမ်းမှုကို မခံမရပ်နိုင်ဖြစ်ပြီး တောခိုခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြသူတချို့ရဲ့ ရှစ်လေးလုံး အတွေ့အကြုံတွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ၂၆ နှစ်ကြာ တိုင်းပြည်ကို တပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းဟာ ပါတီဥက္ကဌရာထူးက အနားမယူခင် ၁၉၈၈ခုနှစ် ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ ပါတီအစည်းအဝေး အခမ်းအနား မိန့်ခွန်းပြောကြားချိန်မှာ လူထုဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နှင်းဖို့ အသင့်ရှိနေကြောင်း အခုလိုပြောသွားပါတယ်။

“နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ် ။ မိုးပေါ်ထောင်ပြီးခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကိုဆူဆူပူပူလုပ်မယ်ဆိုရင်တော့ တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးမှတ်ပေတော့လို့။”

ဒါပေမယ့်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရဲ့ စီမံခန့်ခွဲမှု ညံဖျင်းတာ၊ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ နိမ့်ကျနေတဲ့ အခြေအနေတွေကို ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ခဲ့တဲ့အတွက် သြဂုတ်လ ၈ ရက်နေ့မှာ မြန်မာတနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူတွေအားလုံး လမ်းမပေါ် ထွက်ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီအချိန်က 141 ခေါင်းဆောင်အဖြစ် လူသိများခဲ့တဲ့ တက္ကသိုလ်ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်သိမ်းက ပြောပါတယ်။

“မတ်လကတည်းကစလာတဲ့ ဖုန်းမော်အရေးအခင်း ၊ ဇွန်လအရေးအခင်း မတ်လမှာပါသွားတဲ့ ကျောင်းသားတွေ ၇ ဇူလိုင်မှာ ပြန်ထွက်လာပြီးတော့ ကျောင်းသားတွေ အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ ဒီရှစ်လေးလုံးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လူထုဆန္ဒပြပွဲကြီးဖော်ထုတ်ဖို့ဆိုပြီးတော့ လှုံ့ဆော်ပြီးတော့ BBC ၊ VOA တို့နဲ့ ကျနော်တို့ ဝိုင်းအော်ခဲ့ကြပြီးတော့ ကျနော်တို့ဒီရှစ်လေးလုံးအရေးတော်ပုံကြီးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်မြောက်အောင် လှုံ့ဆော်လှုပ်ရှားခဲ့ကြတာပေါ့နော်။”

Myanmar uprising in 1988
Myanmar uprising in 1988

ပါတီစုံ ဒီမိုကရေစီရရှိရေးအတွက် သြဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အနှံ လူထုဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲရာမှာ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့ ညသန်းခေါင်အချိန် စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့ပုံကို မြင်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုယဉ်ထွေးက အခုလိုပြောပြပါတယ်။


“အဲဒီအချိန်မှာ ကျနော်တို့ ဆူးလေဘုရားလမ်းကနေပြီးတော့ မီးသတ်ကားတွေရယ် ၊ ကျနော်တို့ အဲဒီတုန်းကတော့ တင့်ကားတော့မဟုတ်ဘူးပေါ့နော်၊ အပေ့ါစားတင့်ကားလေးတွေ ဝင်လာတယ်။ ဝင်လာပြီးတော့ မြို့တော်ခန်းမရှေ့မှာရှိတဲ့လူအုပ် ကို ပတ်လိုက်တယ် ။ ပတ်လိုက်ပြီးတော့ ဘာပြောသလဲဆိုတော့ ပြည်သူတွေ ၊ ဆန္ဒပြတဲ့ ကျောင်းသားကျောင်းသူတွေ ၊ ရဟန်းရှင်လူတွေ ကျနော်တို့အခုအချိန်ကစပြီး ဖြိုခွဲရပါတော့မယ်။ အမြန်ဆုံးဖြိုခွဲပါဆိုတော့..လူတွေက အဲဒီ အပေါ့စား တင့်ကားလေးတွေရှေ့မှာဝိုင်းပြီးတော့ သီချင်းတွေဆိုကြ တယ်။ အဲဒီအချိန်မှာဗျာ ကျနော်ရှေ့မှာ ကျနော်တို့ကလည်းဘာပဲဖြစ်ဖြစ် ထမင်းထုတ်တွေဝေတယ်၊ ရတဲ့လူတွေစားတယ် ၊ ထိုင်စားကြ၊ အော်ကြဆိုကြ နေတဲ့အချိန်မှာ အဲဒီတင့်ကားတစီးကနေပြီးတော့ မြို့တော်ခန်းမရှေ့မှာရပ်ပြီးတော့ ဆူးလေဘက်ကို မဟာဗန္ဓုလပန်းခြံဘက်ကို မျက်နှာမူပြီးတော့ တင့်ကား ပေါ်ကနေ စပစ်တဲ့ ကျည်တွေဟာ ၊ ကျည်တတောင့်ကို အနည်းဆုံး ၂ ယောက်သုံးယောက်လောက်ကတော့ အနည်းဆုံးတိုးတယ်။ ဘုန်းဘုန်းနဲ့ ပစ်တယ် ၊ ဒီဘက်ကလည်း ကျနော်တို့ ဆူးလေဘုရားလမ်းကဝင်လာတဲ့ တင့်ကားအသေးတွေကလည်းပစ်တယ်။ ကျနော်တို့ အပေါက်ကို တပေါက်ပဲဖွင့်ထားတယ်။ပန်းဆိုးတန်း အလယ်လမ်း တပေါက်ပဲ ဖွင့်ထားတယ်။ အဲလိုပစ်တာ ကိုယ့်ရှေ့မှာ အတုန်းအရုံးနဲ့ ပြုတ်ကျတဲ့လူတွေ၊ လဲတဲ့လူတွေ အော်တဲ့လူတွေ ကိုယ်လည်းလက်ထဲမှာ ဘာမှမရှိတော့ ပစ်ပြီဆိုတော့ ပြေးကြတာပေါ့ဗျာ ၊ ဝုန်းဝုန်းနဲ့ နင်းတဲ့လူကလည်းနင်း တကယ်ဗျာ ရုပ်ပျက်ဆင်းပျက်ကြီး။”

အဲဒီအချိန်က ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် လူတွေအတုန်းအရုံးနဲ့ လမ်းမတွေမှာ လဲနေတဲ့ ဗွီဒီယိုမှတ်တမ်းတွေကို နိုင်ငံတကာ သတင်းဌာနတွေမှာပြသခဲ့ပါတယ်။

ရှစ်လေးလုံးလူထု လှုပ်ရှားမှုကြီးကပေးလိုက်တဲ့ သင်ခန်းစာကတော့ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရမျိုးကို ပြည်သူတွေက လက်မခံဘူးဆိုတာပဲဖြစ်ကြောင်း ကိုမောင်မောင်သိမ်းကအခုလိုပြောပါတယ်။

“အဓိက ပြည်သူလူထုရဲ့ နိုင်ငံရေးအသိအမြင်နိုးကြားလာမှု လို့ပြောရမယ်။ ပြည်သူတွေ အသိအမြင်နိုးကြားလာမှ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အာဏာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အပ်နှင်းတဲ့ အာဏာနဲ့ တိုင်းပြည်ကို တာဝန်ယူ အကော်အထည်ဖော်တာပဲ ဖြစ်ရမယ်ဆိုတဲ့ ပြည်သူတွေမှာ နိုင်ငံရေးအသိအမြင်နိုးကြားလာတာဟာ နောင်တချိန်မှာ ဘယ်တော့မှ အာဏာရှင်စနစ် မြန်မာပြည်မှာ မဖြစ်ပေါ်လာနိုင်တော့ဘူးလို့ အာမခံနိုင်တဲ့ ကိစ္စတခုပါ။”

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လူထုမိန့်ခွန်းပြောကြားနေစဉ်- ရွှေတိဂုံဘုရား အနောက်ဘက် မုဒ် သြဂုတ်လ ၂၆ ရက် ၁၉၈၈ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လူထုမိန့်ခွန်းပြောကြားနေစဉ်- ရွှေတိဂုံဘုရား အနောက်ဘက် မုဒ် သြဂုတ်လ ၂၆ ရက် ၁၉၈၈ ခုနှစ်

ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးကြောင့် တပါတီအာဏာရှင်စနစ်ဖျက်သိမ်းခဲ့ရပြီး လူထုအပြည့်အဝထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် လိုပုဂ္ဂိုလ်မျိုးလည်း ပေါ်ထွက်လာခဲ့ကြောင်း ကိုယဉ်ထွေးကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG