သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-မဲဆောက် တံတားအမှတ် (၁) ပြန်ဖွင့်


မြဝတီ-မဲဆောက် တံတားအမှတ် (၁) ကို ဖြတ်ကူးကြမည့် မြန်မာနိုင်ငံသားများ (ဓါတ်ပုံ - VOA)
မြဝတီ-မဲဆောက် တံတားအမှတ် (၁) ကို ဖြတ်ကူးကြမည့် မြန်မာနိုင်ငံသားများ (ဓါတ်ပုံ - VOA)

မြဝတီမြို့မှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားခဲ့တဲ့ မြဝတီ-မဲဆောက် တံတားအမှတ် (၁) ကို ဒီနေ့ ဧပြီ ၂၇ ရက်မှာ မြန်မာဘက်က ပြန်ဖွင့်ပေးလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို လာရောက်ခိုလှုံခဲ့သူတွေ နေရပ်ပြန်ဖို့ လုပ်နေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြဝတီမြို့မှာ ဧပြီ ၂၃ ရက်နေ့ထဲက မြန်မာဘက်က ပိတ်ထားတဲ့ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား (၁) ကို ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ စနေနေ့ မနက် ၁၀ နာရီခွဲလောက်ကစပြီး မြန်မာဘက်က ပြန်ဝင်ခွင့် ပြုလိုက်ခဲ့ပြီးနောက် မြဝတီမြို့ကို ပြန်သွားသူ ရာဂဏန်း ရှိပါတယ်။

နယ်စပ်ဖြတ်သန်းခွင့် အနည်းဆုံး ၇ ရက် လက်မှတ်ရှိထားပေမဲ့ ၇ ရက်ကျော်အထိ ထိုင်းဘက်မှာ နေနေကြသူတွေကိုတော့ ထိုင်းဘက်ကို ရက်လွန်ကြေးပေးရတယ်လို့ ပြန်သွားသူတယောက်က ပြောပြပါတယ်။

"ဒီနေ့မနက် ၁၀နာရီလောက်မှ ပြန်ဖွင့်တာ ဒဏ်ကြေးကတော့ တရက်ကို ဘတ် ၁၀၀ ပေးရတယ်။ ၃ ရက်နေ့က ၇ ရက်နေ့ထိဆိုရင်တော့ ဘတ် ၂၀၀ လောက် ပေးရတယ်။ အဲဒီ ၇ ရက်ကနေ ကျော်ရင်တော့ အခြေအနေပေါ် မူတည်ပြီး ဘတ် ၅၀၀ လောက်တော့ ပေးရတယ်၊ မြန်မာဘက်ကို ရောက်သွားတော့ မြန်မာဘက်ကိုတော့ ဒဏ်ကြေး မပေးရဘူး။"

တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား (၁) ကို မြန်မာဘက်က ပိတ်ထားခဲ့ပေမဲ့ ထိုင်းဘက်ကတော့ နယ်စပ်ဂိတ်ကို တောက်လျှောက်ဖွင့်ပေးထားတာ ဖြစ်ပါတယ်။ မဲဆောက်ကို နေ့ချင်းပြန်သွားလာ အလုပ်လုပ်နေကြသူတွေဟာ မြန်မာနိုင်ငံဘက် ပြန်သွားပြီးရင် မဲဆောက်ဘက် ပြန်မလာနိုင်မှာ စိုးရိမ်တာကြောင့် ပြန်မသွားကြသူတွေ ရှိနေတာပါ။

"ဟိုဘက် မြန်မာဘက်ကို ဝင်သွားပြီးရင် မြန်မာဘက်ကနေ မဲဆောက်ဘက်ကို ပြန်ဝင်လာဖို့ အဆင်မပြေလို့ မပြန်ကြတာပါ။ မြန်မာဘက်က ဘာကြောင့် မဖွင့်တာက ၇ ရက်နဲ့ ၁၄ ရက် နယ်စပ်ဖြတ်ကျော် လက်မှတ်တွေ ကုန်သွားလို့ ပြတ်သွားလို့ ပိတ်ထားတာလို့ အကြောင်းပြပါတယ်။"

မြဝတီမြို့မှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း စစ်တပ်နဲ့ KNLA/ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့လို့ မြဝတီမြို့ခံ ထောင်နဲ့ချီဟာ စစ်ဘေးလွတ်အောင် မြဝတီ-မဲဆောက် တံတား (၁) ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG