သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတရွေးချယ်မှုနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအမြင်


SNLD ရဲ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်
SNLD ရဲ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်

ပြည်ထောင်စု လွှတ်တော် သမ္မတ အရည်အချင်း စိစစ်ရွေးချယ်ရေး အဖွဲ့က ဒီကနေ့ ဒုတိယ သမ္မတအဖြစ် အစုအဖွဲ့ ၃ ခုက ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ် ၃ ဦးကို စိစစ်ပြီး မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ ရွေးကောက်ခံ လွှတ်တော် အမတ်များ အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ သမ္မတတွေကို သမ္မတ အရည်အချင်းစိစစ်ရေး အဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ်က ကန့်ကွက်မဲ၊ ကြားနေမဲ ပေးခဲ့တာပါ။ အခြေခံ ဥပဒေ အရ ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာတဲ့ တပ်မတော်သား အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ သမ္မတကတော့ ကန့်ကွက်မဲ မရှိခဲ့ပါဘူး။ ဒီအခြေအနေ အပေါ် လွှတ်တော် အမတ်တွေဘယ်လို တုံ့ပြန်သလဲ ဆိုတာကို မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

တပ်မတော်သား အစုအဖွဲ့က တင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ရန်ကုန်မြို့တော်ဝန် ဦးမြင့်ဆွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ နိုင်ငံသား ဟုတ်မဟုတ် မေးခွန်းထုတ်မှုတွေ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပေမယ့် သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့က အရည်အချင်း ပြည့်မီကြောင်း အတည်ပြုထားတာမို့ အခက်အခဲ မရှိဘူးလို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“လူတွေကတော့ အများကြီး ဝေဖန်နေကြတာပဲ ။ ကျမတို့လည်း ဝေဖန်တဲ့ အသံတွေ ကြားနေရပါတယ်။ သို့သော်လည်း ခုနက ကျမတို့နာယကကြီး ကြေညာသွားပြီးပါပြီ။ ဦးမြင့်ဆွေရဲ့အပေါ်မှာ ဒီ စိစစ်ရေးအဖွဲ့က ထောက်ခံပါတယ်လို့ ဒီလိုပြောသွားတဲ့အတွက်ကြောင့် ကျမတို့ကြားထဲမှာတော့ ဒါဟာ ပြဿနာတခုရယ်လို့ မရှိဘူးလို့ နားလည်ပါတယ်ရှင့်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒုတိယ သမ္မတ ၂ ဦးထဲက ဦးထင်ကျော်ကို သမ္မတ ဖြစ်ရေး အဓိက မဲပေးသွားမှာ ဖြစ်တယ်လို့လည်း NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ ကျမတို့အားလုံး မျှော်မှန်းထားပြီးသားပါပဲ။ အဲတော့ ကျမတို့ ဦးထင်ကျော်ကိုပဲ မဲပေးမှာပါ။”

ဒုတိယ သမ္မတတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကအခြေခံ ဥပဒေ ပြဌာန်းချက်နဲ့ တကယ်တန်း ကိုက်ညီမှု ရှိပါသလားဆိုတာကိုတော့ သမ္မတ အရည်အချင်း စိစစ်ရွေးချယ်ရေး အဖွဲ့က တင်ပြသလောက်သာ သိရှိရတာမို့ ဝေဖန်ဖို့ ခက်တယ်လို့လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရဲ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော်က ပြောပါတယ်။

“ဒီ စိစစ်ရေးပေါ့နော် ဒုတိယသမ္မတ အရည်အချင်း စိစစ်တဲ့အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲပေါ့နော် ။ ဒုတိယ သမ္မတတွေရဲ့ သူတို့ရဲ့ Biography အားလုံးလည်း မဖတ်ရတော့လေ ပြည့်စုံတယ်၊ မပြည့်စုံဘူးဆိုတာလည်း ကျနော်တို့က မသိဘူးပေါ့နော်။ ဒီ စိစစ်တဲ့အဖွဲ့ရဲ့ တွေ့ရှိချက်ကို တင်ပြလာတာပဲ ကျနော်တို့ သိရပါတယ်။ ဒီနေ့လွှတ်တော်မှာ လာတင်ပြတဲ့ကိစ္စတွေ ကျနော်တို့ သိရတယ်။ အဲဒီတော့ စိစစ်ရေးအဖွဲ့ရဲ့ အများသဘောတူ ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်တဲ့ အတိုင်းကိုပဲ ကျနော်တို့က လက်ခံပါတယ်။”

ဒီအချက်ကိုတော့ ရခိုင်အမျိုးသား ပါတီ ANP ရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ကလည်း ထောက်ခံပါတယ်။ ဒုတိယ သမ္မတ တင်မြှောက်ခံရသူတွေထဲက ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေ တဦးနဲ့ ပတ်သက်ပြီးသာ မြင်တွေ့ သိရှိထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကတော့ ဒီလိုရွေးကောက်ခံ ကိုယ်စားလှယ်တွေဘက်က တင်ပေးတဲ့ ဒုသမ္မတ ၂ ယောက်အပေါ်မှာ ဆွေးနွေးပြီးတော့ သုံးသပ်တာတွေ ရှိတယ်ဆိုတာကတော့ သူတို့အနေနဲ့ ဒီလူတွေကို ကြိုပြီးတော့ မသိထားတာကြောင့်လား။ သူတို့ သံသယဖြစ်လောက်တဲ့ အချက်အလက်တွေ ရထားသလားဆိုတာတော့ အန်ကယ်က တိတိကျကျ မပြောနိုင်ဘူးပေါ့လေ။ အဲလို အချက်တွေ ရှိနိုင်တာပေါ့။ ဒုသမ္မတ အဖြစ် ရွေးထားတဲ့ ပုဂ္ဂိုလ် ၃ ယောက် တပ်ကလာတဲ့ ဗိုလ်ချုပ်ကြီး မြင့်ဆွေကလွဲရင် ကျန်တဲ့လူတွေကို အန်ကယ်မသိဘူး။ ဗိုလ်ချုပ်ကြီး မြင့်ဆွေအနေနဲ့ကတော့ သူတို့က တပ်ဘက်က လာတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက်ကြောင့် ဒီလူနဲ့ ဆက်စပ်ပြီးတော့ ကောင်းတာရော၊ မကောင်းတာရော ဘာညာဆိုတဲ့ သတင်းတွေကတော့ ရှိနေတာပေါ့နော်။ အန်ကယ်တို့ရဲ့ ကြားရတာတွေလည်းရှိတယ်။ မကြားတာတွေလည်းရှိတာပေါ့လေ။”

ရွေးကောက်ခံ လွှတ်တော်အမတ်များ အစုအဖွဲ့ ၂ ခုက တင်သွင်းတဲ့ ဒုတိယ သမ္မတ ၂ ဦးနဲ့ ရွေးကောက်ခံစရာ မလိုဘဲ အခြေခံ ဥပဒေ လုပ်ပိုင်ခွင့် အရ တိုက်ရိုက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကြတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက တင်မြှောက်တဲ့ ဒုတိယ သမ္မတ တို့ကို ပြည်ထောင်စု လွှတ်တော် သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့က အရည်အချင်း ပြည့်မီကြောင်း မဲခွဲ အတည်ပြုလိုက်တာကြောင့် အင်္ဂါနေ့မှာတော့ သမ္မတ နဲ့ ဒုတိယ သမ္မတတွေကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲမှာ ဖြစ်ပါတယ်။

XS
SM
MD
LG