သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတလောင်းအဖြစ် Donald Trump ကို ပါတီညီလာခံအတည်ပြု


အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ် Cleveland မြို့မှာ Republican ပါတီ ညီလာခံ ကျင်းပနေတာ ၂ ရက်မြောက်နေ့ဖြစ်တဲ့ အင်္ဂါနေ့က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အဲဒီကို ကိုယ်တိုင် သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုအောင်လွင်ဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ကိုအောင်လွင်ဦးရေ - အခု ညီလာခံ ဒုတိယမြောက်နေ့ စပြီဆိုတော့ ဒီနေ့ အစီအစဉ် ဘာတွေ ထူးခြားသလဲဆိုတာကို အရင်ဆုံး ရှင်းပြပေးပါလား။

ဖြေ - ဒီနေ့အစီအစဉ်ကတော့ Republican ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump နဲ့အတူ ဒုသမ္မတအဖြစ် အဆိုပြုထားတဲ့ Indiana ပြည်နယ် အုပ်ချုပ်ရေးမှူး Mike Pence ကို တရားဝင် ရွေးချယ်တင်မြှောက်ဖို့ ရည်ရွယ်ထားကြတာပါ။ Alabama ပြည်နယ် အထက်လွှတ်တော်အမတ် Jefferson Sessions ကလည်း အခမ်းအနားအစမှာပဲ Donald Trump ကို သမ္မတလောင်းအဖြစ်နဲ့ အဆိုပြုလိုက်တာပါ။

“အမေရိကန်လူထုရဲ့ မျှော်မှန်းချက်တွေနဲ့ တသဘောတည်းရှိတဲ့ Donald Trump နဲ့အတူ အမေရိကန်ကို ကြီးကျယ်ခမ်းနားအောင် တကျော့ပြန်လုပ်နိုင်မှာဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ နောက်တက်မယ့် သမ္မတအဖြစ်နဲ့ Donald Trump ကို ဝမ်းမြောက်ဝမ်းသာ အဆိုပြုလိုတဲ့အကြောင်း ပြောကြားလိုပါတယ်။”

အလားတူ နယူးယောက်ပြည်နယ်က လွှတ်တော်အမတ် Chris Collins ကလည်း Trump ကို သမ္မတလောင်းအဖြစ်နဲ့ ထပ်လောင်းပြီးတော့ အဆိုပြုထားပါသေးတယ်။ ညီလာခံရဲ့ ဒုတိယမြောက်နေ့ ခေါင်းစဉ်အနေနဲ့ကတော့ Great America Work Again ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲပေါ့လေ အမေရိကန်ကို တကျော့ပြန် ပြန်ပြီးတော့ ဦးမော့လာအောင် ပြန်လည် လည်ပတ်နိုင်အောင် လုပ်ရမယ့်ကိစ္စတွေ အထူးသဖြင့်ကတော့ စီးပွားရေးကိစ္စတွေ ပါမှာဆိုတော့ ဒါတွေကို စီးပွားရေး၊ နိုင်ငံရေးခေါင်းဆောင်တွေက ပြောကြဆိုကြဖို့ စီစဉ်ထားတာပါ။

မေး - အဲတော့ သမ္မတလောင်းက Donald Trump ဖြစ်ဖို့ သေချာသလောက်ပေါ့နော် ရွေးချယ်နေကြပြီဆိုတော့ အခု ဒုသမ္မတလောင်း အမည် တင်သွင်းရွေးချယ်မယ့် အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ - အခုအချိန်ထိကတော့ ကိုယ်စားလှယ်မဲတွေ ရေတွက်နေတဲ့ကိစ္စကတော့ မပြီးသေးဘူးခင်ဗျ။ ဒါပေမဲ့လည်း အခုထိ သိရသလောက်တော့ Donald Trump အနေနဲ့ သမ္မတလောင်းအဖြစ် အတည်ပြုခံရဖို့ လိုအပ်တဲ့ ၁၂၃၇ မဲ ရဖို့ လိုတယ်ဆိုပေမဲ့လည်း အခုအချိန်ထိ ရေတွက်ပြီးသမျှမှာ ၁၇၂၅ မဲအထိ နောက်ဆုံးအချိန်ထိ ရထားပြီဖြစ်တဲ့အတွက် သူကတော့ သမ္မတလောင်းဖြစ်ဖို့ သေချာသွားပါပြီ။ သမ္မတလောင်းအဖြစ် Donald Trump ကို တရားဝင် တင်မြှောက်ပြီဆိုရင်တော့ Mike Pence ကို ဒုသမ္မတလောင်းအဖြစ် တင်မြှောက်တဲ့ လုပ်ငန်းစဉ်ကိုလည်း သူတို့ ဆက်လုပ်သွားကြမှာ ဖြစ်ပါတယ်။

မေး - အဲတော့ ဒီအဆင့်ပြီးသွားလို့ရှိရင် ဒီနေ့ ဒုတိယနေ့ညီလာခံမှာ ဘယ်သူတွေစကားပြောဖို့ ရှိပါသလဲရှင့်။

ဖြေ - ညီလာခံဒုတိယနေ့မှာတော့ ပါတီထိပ်တန်းခေါင်းဆောင်တွေ ဆက်ပြီး စကားပြောကြမှာပါ။ အခမ်းအနားဖွင့်ပွဲမှာတော့ Donald Trump ကို အရင်တုန်းက ထောက်ခံမှုပေးဖို့ တွန့်ဆုတ်နေတဲ့ အောက်လွှတ်တော်ဥက္ကဌ Paul Ryan ကိုယ်တိုင်လည်း စကားပြောသွားတာရှိပါတယ်။ နောက် ထင်ထင်ရှားရှား ခေါင်းဆောင်တွေထဲကဆိုရင်တော့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell လည်း မိန့်ခွန်းပြောဖို့ရှိပါတယ်။ နောက်ပြီးတော့ Republican သမ္မတလောင်းအဖြစ်နဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ခပ်စောစောပဲ ထွက်သွားကြတဲ့ ခွဲစိပ်ဆရာဝန် Ben Carson, နောက်ပြီးတော့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie တို့လည်း ပါကြပါလိမ့်မယ်။ အထူးသဖြင့် Trump က ဒုသမ္မတအဖြစ် ရွေးနိုင်တယ်ဆိုပြီး အစောပိုင်းမှာ ထင်ကြေးပေးခံခဲ့ရတဲ့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Christie ကတော့ Trump ကို အခိုင်အမာ ထောက်ခံပြီးတော့ စကားပြောလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

နောက်ပြီးတော့ ဒီနေ့ပွဲမှာပဲ စီးပွားရေးလောကက ထင်ရှားတဲ့သူတွေလည်း စကားပြောဖို့ရှိသလို Trump ရဲ့သား Trump Jr. နောက်ပြီးတော့ သမီးဖြစ်တဲ့ Tiffany Trump တို့ကလည်း သူ့အဖေဘက်က မားမားမတ်မတ်ရပ်ပြီးတော့ စကားပြောလိမ့်မယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။

မေး - မနေ့တုန်းကတော့ ညီလာခံထဲမှာ တော်တော်လေး အချေအတင်ဖြစ်ခဲ့ကြတော့ ဒီနေ့ သမ္မတလောင်း သူတို့ မဲပေးရွေးချယ်တဲ့အခါမှာရော အလားတူ ပြဿနာတွေ ကြုံရနိုင်သလားရှင့်။

ဖြေ - အဓိကအချေအတင်ဖြစ်ရတဲ့ ကိစ္စကတော့ Trump ကို တရားဝင် သမ္မတလောင်း ဖြစ်လာမယ့်ကိစ္စဖြစ်နေတော့ တကယ်လို့သာ တရားဝင် တင်မြှောက်လိုက်ပြီဆိုရင် ကိုယ်တင်မြှောက်ပြီးသွားပြီဆိုတော့ ပါတီတွင်းမှာ အတိုက်အခံလုပ်နေတဲ့ ကိစ္စတွေကတော့ ရှင်းသွားမှာပါ။ မနေ့တုန်းကတော့ ကိုယ်စားလှယ်တွေ အဆိုပြုသလိုပေါ့လေ သမ္မတလောင်းအဖြစ် ရွေးချယ်တဲ့လုပ်ငန်းစဉ် တောင်းဆိုခဲ့ကြတဲ့ ကိုယ်စားလှယ်တွေကတော့ ထပ်ပြီးတော့ အတိုက်အခံ လုပ်နိုင်တယ်ဆိုပြီးတော့လည်း အစောပိုင်းမှာ မျှော်လင့်ခဲ့တာတွေလည်း ရှိပါတယ်။ ဆိုတော့ ပါတီတွင်းမှာ အခုလိုမျိုး Donald Trump ကို သမ္မတလောင်းအဖြစ် ရွေးတဲ့ကိစ္စက ပြီးပြတ်သွားမယ်ဆိုရင်တော့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီနဲ့ ယှဉ်ဖို့ကိစ္စကိုပဲ ပါတီအနေနဲ့ အာရုံစိုက်ကြရတော့မယ့် အခြေအနေမျိုးပါ။

မေး - အဲတော့ မနက်ဖြန် တတိယမြောက်နေ့ ကျင်းပတဲ့အခါမှာရော ထူးထူးခြားခြား ဘာတွေများ ရှိနိုင်မလဲရှင့်။

ဖြေ - တတိယမြောက်နေ့မှာတော့ သူနဲ့ အကြိုရွေးကောက်ပွဲ ကာလတွေတုန်းက အပြင်းအထန် ပြိုင်ခဲ့ကြတဲ့ ပြိုင်ဘက်တွေကလည်း ကိုယ်တိုင်လာရောက် စကားပြောကြမှာဆိုတော့ အထူးသဖြင့်ပေါ့လေ Florida ပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio၊ Texas ပြည်နယ်က အထက်လွှတ်တော်အမတ် Ted Cruz တို့ကလည်း အဓိကမိန့်ခွန်းပြောကြမယ့် ပုဂ္ဂိုလ်တွေထဲမှာ ပါမယ်ဆိုတော့ သူတို့နဲ့ ဘယ်လောက်အထိ စေ့စပ်ပြေလည်မှုရအောင် လုပ်နိုင်မလဲ။ ဘယ်လောက်အထိ သင့်မြတ်ရေးကို ရှေးရှုနိုင်မလဲဆိုတာကတော့ မနက်ဖြန် ညီလာခံ တတိယနေ့မှာတော့ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းမယ့် ကိစ္စတွေကတော့ အဲဒီကိစ္စတွေပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။

Republican ပါတီသမ္မတလောင်း Donald Trump ဖြစ်ပြီ
please wait

No media source currently available

0:00 0:06:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG