သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ဒုသမ္မတလောင်း စကားစစ်ထိုးပွဲအတွက် ပြင်ဆင်


Republican ဒုသမ္မတလောင်း Mike Pence
Republican ဒုသမ္မတလောင်း Mike Pence

အမေရိကန်ရွေးကောက်ပွဲဝင်ကြမယ့် ဒုတိယသမ္မတလောင်း ၂ ယောက်ကြား တကြိမ်တည်းလုပ်မယ့် စကားစစ်ထိုးပွဲကို အောက်တိုဘာလ ၄ ရက် ဒီကနေ့ အင်္ဂါနေ့ အမေရိကန်စံတော်ချိန် ညပိုင်းကျရင် Virginia ပြည်နယ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရနိုင်ဖို့အတွက်Virginia ပြည်နယ် အထက်အလွှတ်တော်အမတ် Tim Kaine က Democratic ပါတီအတွက်၊ တခါ Indiana ပြည်နယ်အုပ်ချုပ်ရေးမှူး Mike Pence က Republican ပါတီအတွက် အသီးသီးမဲဆွယ် စကားရည်လုကြရမှာပါ။ ဒါကြောင့် မြန်မာလူမျိုးတွေ အများအပြားနေထိုင်ကြတဲ့ Indiana ပြည်နယ်အုပ်ချုပ်ရေးမှူး Republican ဒုတိယသမ္မတလောင်း Mike Pence ရဲ့ အကြောင်းကို မစုမြတ်မွန်က VOA သတင်းထောက် Katherine Gypson ရဲ့သတင်းကို အခြေခံပြီး တင်ပြပါလိမ့်မယ်။

Republican ဒုသမ္မတလောင်း Mike Pence နဲ့ Democrat ဒုသမ္မတလောင်း Tim Kaine တို့ကြား နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင် တကြိမ်တည်းသော မဲဆွယ် စကားစစ်ထိုးပွဲကို Virginia ပြည်နယ် Farmville မြို့က Longwood တက္ကသိုလ်မှာ အောက်တိုဘာ ၄ ရက် ည ၉ နာရီကျရင် စတင်မှာဖြစ်ပါတယ်။ Republican ပါတီအတွက် ဒုသမ္မတလောင်း Mike Pence ဟာ အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းဒေသကဖြစ်ပြီး Conservative သဘောထားအမြင်တွေကို ခိုင်ခိုင်မာမာစွဲကိုင်ထားသူဖြစ်ပါတယ်။

“ကျွန်တော်ဟာ ခပ်ရိုးရိုးရှင်းရှင်းနေထိုင်သူတယောက်ဆိုတာ ကျွန်တော့်အကြောင်း ကောင်းကောင်းသိထားသူတွေ သိကြပါတယ်။ ကျွန်တော်ဟာ ခရစ်ယာန်တယောက်ဖြစ်တယ်။ Conservative ဝါဒီတယောက်ဖြစ်တယ်။ Republican တယောက်လည်းဖြစ်ပါတယ်။”

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက Mike Pence ဟာ Indianapolis မြို့မှာ Sunday TV show ဆိုတဲ့ တနင်္ဂနွေ ရုပ်သံအစီအစဉ်နဲ့ The Mike Pence Show ဆိုတဲ့ ဆွေးနွေးခန်း ရေဒီယိုအစီအစဉ်တွေကို ပင်တိုင်တင်ဆက်ခဲ့သူဖြစ်ပါတယ်။ အောက်လွှတ်တော်အမတ်နေရာအတွက် ၂ ကြိမ်တိုင် ဝင်ရောက် အရွေးခံမှု မအောင်မြင်ခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်မှာတော့ Indiana ပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ Washington မြို့တော် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ သူဟာ အတေ့ွအကြုံတွေ ရလာခဲ့ပေမဲ့ ပြည်သူတွေရဲ့ အခက်အခဲအားလုံးကို အစိုးရကသာ ဖြေရှင်းပေးနိုင်တယ်လို့ သူက မမြင်ခဲ့ပါဘူး။

“ကျွန်တော်တို့ရဲ့ ဘဝတွေပိုမိုကောင်းမွန်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် အစီအစဉ်တွေလုပ်တာထက်၊ မြို့တော်ကြီးက ပညာတတ် အထက်တန်းလွှာ လူနည်းစုက အစီအစဉ်တွေ လုပ်ပေးနိုင်မယ်ဆိုတဲ့ အပြောတွေကို ကျွန်တော်တို့ စိတ်ကုန်နေပါပြီ။”

Mike Pence ဟာ 2012 ခုနှစ်မှာ Indiana ပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ Indiana ပြည်နယ်ဟာဆိုရင်တတိယနိုင်ငံမှာ အခြေချအစီအစဉ်နဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ၂ သောင်းကျော် ရောက်ရှိနေထိုင်နေတဲ့ပြည်နယ်ဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Mike Pence အနေနဲ့ ပြည်နယ်အကျိုးအတွက် အောင်မြင်အောင်ဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေရှိသလို အငြင်းပွားစရာ ဆောင်ရွက်မှုတွေလည်းရှိတယ်လို့ ပြည်နယ်ရဲ့မြို့တော် Indianapolis မှာနေထိုင်နေတဲ့ မြန်မာအမေရိကန်အသင်းက အမှုဆောင်ညွှန်ကြားရေးမှူး Elaisa Vahnie က ခုလိုပြောပါတယ်။

"၂၀၁၂ ကတည်းကနေပြီးတော့မှ Governor Mike Pence နဲ့လည်း သိခဲ့ပါတယ်။ ပထမအနေနဲ့ ကျနော်တို့ ကြည့်မယ်ဆိုရင် သူ ဘာတွေလုပ်ဆောင်နိုင်ခဲ့သလဲ၊ ဒီ Indiana State အတွက်ပဲဖြစ်ဖြစ် ၊ community အတွက်ပဲဖြစ်ဖြစ် နံပတ် ၁ က Tax အခွန်ကို လျော့ပေးလိုက်တာ ကိုတွေ့ရတယ်။ ဒီ personal tax ဖြစ်ဖြစ် Business Tax ဖြစ်ဖြစ် ဆိုတော့ အဲဒါကောင်းတဲ့အချက်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒုတိယအချက်က အလုပ်အကိုင်ကိုတော်တော်လေး ပိုကောင်းလာအောင်ပြင်ဆင်ပေးခဲ့တယ်၊ သူလုပ်နိုင်ပေးခဲ့တယ်ပေါ့လေ။ အဲဒီအလုပ်အကိုင်လို့ပြောတဲ့အချိန်မှာ သူလစာကောင်းတဲ့ အလုပ်အကိုင်လိုမျိုးများများ Indiana State မှာ ပေါ်လာအောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ နံပတ် ၁ အနေနဲ့ကတော့ ပညာရေး၊ ပညာရေးကတော်တော်လေးအရေးကြီးသလိုပဲ ဒီမှာ လူငယ်ပညာရေးစနစ်ကို လွတ်လွတ်လပ်လပ်နဲ့ ကြိုက်တဲ့ကျောင်းတွေရွေးပိုင်ခွင့် ပေးတဲ့စနစ်ကိုလည်း သူထူထောင်နိုင်ခဲ့တယ်။ နောက်ဆုံးအနေနဲ့က Indiana State က အမေရိကန်နိုင်ငံရဲ့ corssroads ဖြစ်တော့ သူက transportation infrastructure ကို သူလုပ်နိုင်ခဲ့တယ်။ အဲဒါလုပ်ခြင်းအားဖြင့် Business တွေတော်တော်လေး ခေါ်နိုင်တာတင် မကပဲနဲ့ ၊ အလုပ်အကိုင်အတွက်လည်း အတော်လေးအထောက်အကူပြုတယ်လို့ ကျနော်တို့ တွေ့ရတယ်။ ဆိုတော့ ဒီ ၄ ချက်ကို တော်တော်လေးအောင်မြင်ခဲ့တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။"

ပြောသွားတဲ့အချက်တွေက ပြည်နယ်အုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့တဲ့အချက်တွေပေါ့။ တချိန်ထဲမှာပဲ သူက ပဋိသန္ဓေဖျက်ချမှုကို ကန့်ကွက်တဲ့ ကိစ္စ၊ လိင်တူချစ်သူတွေကို လက်မခံတဲ့ကိစ္စမျိုး၊ နောက် ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ဥပဒေပြဌာန်းပြီး ဆောင်ရွက်ခဲ့တာတွေကလည်း အငြင်းပွားစရာ ကိစ္စတွေဖြစ်ပါတယ်။ ဒါတွေကို အားနည်းချက် အနေနဲ့ရော ပြောနိုင်မလားရှင့်။ ဆလိုင်းအေလိုက်ဆာရဲ့ အမြင်ကိုပြောပါဦးရှင့်။

"ဒီ Reglion နဲ့ပတ်သက်တဲ့ ဥပဒေကို သူလုပ်တဲ့အချိန်မှာ ဒီဥပဒေဟာ လိင်တူချစ်သူတွေ၊ တခြားဘာသာရေးကိုင်းရှိုင်းတဲ့သူတွေအတွက်ပါ ထိခိုက်နိုင်တဲ့ အလားအလာမျိုးဖြစ်သွားတယ်။ ဒီအပေါ် National, international attention လည်းရပြီးတော့ ဝေဖန်လည်းခံခဲ့ရတယ်။ အဲဒီအတွက် Indiana ပြည်နယ်မှာ စီးပွားရေးလုပ်နေတဲ့ စီးပွားရေးသမားတွေ၊ ကုမ္ပဏီတွေလည်း ထွက်သွားတာလည်းရှိသလို၊ ကုမ္ပဏီကြီးတွေ၊ ထွက်သွားမယ်ဆိုပြီးမှ ခြိမ်းခြောက်တဲ့အထိပါဖြစ်လာနိုင်တယ်။ အဲဒါတော့ ပြန်ပြင်ပြီးပါပြီ။ ဒါပေမဲ့လို့ တကယ်ကျေနပ်လောက်အောင်ကို ပြင်တာမျိုး မဟုတ်သေးဘူး။ ဒုတိယအချက်က ဆီးရီးယားနိုင်ငံက ဒုက္ခသည်တွေကို လက်မခံဘူး၊ Indiana ပြည်နယ်ထဲကို မဝင်ခိုင်းဘူးလို့ သူကိုယ်တိုင်က ပိတ်ပင်ခဲ့တယ်။ အဲဒီအတွက်လည်း မကောင်းဘူးလို့ တော်တော်များများ ဝေဖန်ကြတယ်။ အဲလိုခွဲခြားတဲ့ဟာက သူ့ရဲ့အားနည်းချက်လို့ ပြောလို့ရပါတယ်။"

မြန်မာအမေရိကန်အသင်းက အမှုဆောင်ညွှန်ကြားရေးမှူး Elaisa Vahnie ဖြစ်ပါတယ်။ Republican သမ္မတလောင်း Donald Trump က သူနဲ့အတူ ရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတလောင်းအဖြစ် Mike Pence ကိုရွေးချယ်ခဲ့ပြီးနောက် Trump ကိုမဲပေးသင့်မသင့် မရေမရာဖြစ်နေတဲ့ Republican တွေရဲ့ မဲကိုရအောင်စည်းရုံးနိုင်မယ့်သူတယောက်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ကြပါတယ်။ လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ Republican ပါတီဝင် Paul Ryan ကလည်း Mike Pence ယုံကြည်ထိုက်သူတယောက် ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

“သူဟာ ဘာသာတရားကိုင်းရှိုင်းသူတယောက်ဖြစ်တယ်။ ခိုင်မာတဲ့ ယုံကြည်ချက်ရှိသူ။ ယုံကြည်ရလောက်တဲ့သူတယောက်ဖြစ်ပါတယ်။ သူဟာ ရင်ထဲက ယုံကြည်ချက်အတိုင်းဆောင်ရွက်သူ။ အမေရိကန် Conservative ဝါဒကို လက်ခံယုံကြည်သူ။ အမေရိကန် စံတန်ဖိုးတွေကို တန်ဖိုးထားသူတယောက်ဖြစ်ပါတယ်။”

George Washington တက္ကသိုလ်က ပါမောက္ခ Gary Nordlinger ကလည်း Pence ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေက Republican ပါတီအတွက် မဲရစေနိုင်တယ်လို့ သုံးသပ်ပါတယ်။

“Donald Trump အပေါ် သံသယဝင်နေကြတဲ့ ပါတီထဲက Conservative တွေအနေနဲ့ Pence ကို ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ သိကြတယ်။ အောက်လွှတ်တော်အမတ်ဖြစ်ခဲ့ဖူးတယ်။ Indiana ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့အတွက် သူ့မှာ အတေ့ွအကြုံတွေရှိပါတယ်။ တကယ်လို့ Trump သာ ရွေးကောက်ပွဲနိုင်ခဲ့ရင် အစိုးရကိုယ်စား လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေး ဆက်ဆံတဲ့နေရာမှာ Pence ရဲ့အတွေ့အကြုံတွေက ကောင်းကောင်းကြီး အသုံးဝင်မယ်လို့ ထင်ပါတယ်။”

နိုင်ငံရေးအတေ့ွအကြုံတွေအပြင် ပြတ်သားပြီး မဟာဗြူဟာချဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်တယောက်ဆိုတဲ့ သူ့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကလည်း မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်မယ်လို့ Mike Pence ကမျှော်လင့်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG