သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ပါတီညီလာခံ လုံခြုံရေးတင်းကျပ်


Republican ပါတီကိုကိုယ်စားပြုမယ့် အမေရိကန် သမ္မတလောင်းကို တရားဝင် ရွေးချယ်သွားမယ့် ပါတီညီလာခံကို Ohio ပြည်နယ်မှာ ဒီကနေ့မှာပဲ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ Republican ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Donald Trump အပေါ် အပြင်းအထန် ကန့်ကွက်သူတွေ၊ ထောက်ခံသူတွေကြားက ကျင်းပမယ့် ညီလာခံအတွက် Cleveland မြို့မှာ လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ညီလာခံကျင်းပမယ့် အခြေအနေတွေကိုတော့ Cleveland မြို့ကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦး ကို ဆက်သွယ်မေးမြန်းကြည့်ပါမယ်။

“မဆုမွန်။ ။ ကိုအောင်လွင်ဦးရေ Republican ပါတီကိုကိုယ်စားပြုမယ့် အမေရိကန် သမ္မတလောင်းကို တရားဝင် ရွေးချယ်သွားမယ့် ပါတီညီလာခံက မကြာခင်စတော့မှာဆိုတော့ အဲဒီမှာ အခြေအနေတွေ ဘယ်လိုတွေ့ရသလဲ၊ ပါတီညီလာခံအတွက် အတော်လေးကို တက်တက်ကြွကြွ ဖြစ်နေကြပြီလား။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့ပါ။ ညီလာခံအတွက်ပြင်ဆင်ထားတာကတော့ အကြီးအကျယ်ပါပဲ။ အခမ်းအနားကျင်းပမယ့်… နဲ့ အနီးအနားတဝိုက်က မြို့နယ်တွေမှာဆိုရင်လည်း လမ်တွေအားလုံးနီးပါးလောက်ကို ပိတ်ထားပါတယ်။ မနေ့က ကျနော်တို့ ရောက်ရောက်ချင်းဆိုရင်လည်း ဒီလုံခြုံရေး အဝင်အထွက်ကို ဘယ်လိုတွေ၊ ဘာတွေလုပ်ရမလဲဆိုတာ ကြိုပြီးတော့ သွားကြည့်ပါသေးတယ်။ အဲဒီမှာတွေ့ရတာကတော့ ဒီလုံခြုံရေးက လမ်းထောင့်တိုင်းမှာချထားတာရှိတယ်။ နောက် ထရပ်ကားအကြီးတွေနဲ့လမ်းတွေကို ပိတ်ဆို့ထားတာရှိတယ်။ နောက်ရဲနဲ့ စစ်သားတွေ ၊ နောက်ပြီးတော့ ဒီ Secret Service တွေ အထူးလုံခြုံရေးတွေနဲ့ နေရာတိုင်းမှာ လုံခြုံရေးယူထားတာ တွေ့ရပါတယ်။ နောက်တခုကတော့ သတင်းတခုလည်းတွေ့လိုက်ပါသေးတယ်။ မနေ့တုန်းကပဲ ဒီ ယာယီ ရဲအယောက် ၄၀၀ ကိုတောင်မှ ထပ်ပြီးတော့ ကျမ်းကျိန်ပြီးတော့ ခန့်လိုက်တာတွေလည်း ရှိပါသေးတယ်။ ဆိုတော့ ညီလာခံနဲ့အချိန်ကိုက် ဆန္ဒပြဖို့ ပြင်နေတာတွေလည်းရှိတယ်ဆိုတော့ မနေ့ကတော့ ဒီ ညီလာခံမစသေးဘူးဆိုတော့ ဆန္ဒပြတဲ့လူတွေကိုတော့ သိပ်များများမတွေ့ရဘူးပေါ့လေ။ ဒါပေမယ့် ကျနော်တို့ သတင်းထောက်တွေကြားထဲမှာကိုတောင်မှ နောက်ပြောင်ပြီးတော့ တောင်ပြောလိုက်ပါသေးတယ်။ လောလောဆယ်တွေ့နေတာ လမ်းပေါ်မှာ လုံခြုံရေးရယ် သတင်းထောက်ရယ်၊ ဆန္ဒပြတဲ့လူတွေပဲ ရှိနေသေးတယ်လို့ ပြောဖြစ်ပါသေးတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ပါရှင့်။ အဲ့လောက်တောင် လုံခြုံရေးတွေ တိုးချထားတယ်ဆိုတဲ့ လုံခြုံရေးကိစ္စက ဘယ်လောက်အထိတောင် စိုးရိမ်စရာကောင်းနေလို့လဲ၊ အန္တရာယ်ရှိလောက်တဲ့အထိ စိုးရိမ်ရလို့လား။

ကိုအောင်လွင်ဦး။ ။ လုံခြုံရေးကတော့ ၂ ပိုင်းစဉ်းစားပြီးတော့ သူတို့အထူးသဖြင့် တွက်နေတာပေါ့လေ။ တခုကတော့ ပြင်သစ်မှာဖြစ်သွားတဲ့ဟာမျိုးတို့၊ လူစည်ကားတဲ့နေရာတွေမှာ အကြမ်းဖက် တိုက်ခိုက်နိုင်တဲ့ဟာမျိုးကို ကာကွယ်ဖို့ ဆိုတဲ့ ကိစ္စလိုမျိုးပါ။ နောက် ညီလာခံမတိုင်ခင်မှာတုန်းကလည်း လုံခြုံရေးအရ သတင်းထောက်တွေကို အသိပေးတဲ့နေရာမှာလည်း အဲဒီ ကိစ္စတွေကို ပြောထားတာရှိပါတယ်။ တိုက်ခိုက်မှုတွေဖြစ်နိုင်တယ်ဆိုတာမျိုး တိတိကျကျသတင်းမရပေမယ့်လည်း ကြိုပြီးတော့ သတိထားသင့်တယ်ဆိုတဲ့ဟာမျိုး အကြံပေးထားတာတွေရှိပါတယ်။ နောက်ပြီးတော့Republican ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ Donald Trump အပေါ် အပြင်းအထန်ကန့်ကွက်နေကြတဲ့ လူတွေဆန္ဒပြမယ့်အခြေအနေပါ။ ဒီဆန္ဒပြတဲ့လူတွေထဲမှာ Black Lives Matter ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမဲတွေ အာဏာပိုင်လက်ချက်တွေနဲ့ အသတ်ခံနေရတာတွေက အစပေါ့လေ၊ ဒီ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေ တင်းကျပ်ဖို့ ၊ နယ်စပ်မှာ ခြံစည်းရိုးကာမယ်ဆိုပြီးတော့ Trump ပြောထားတာ မကြိုက်တာတွေကအဆုံး ပြင်းပြင်ထန်ထန်မကျေနပ်နေတဲ့သူတွေ ဆန္ဒပြမယ်ဆိုတာတွေလည်း ရှိနေပါတယ်။ နောက်တခုကလည်း ဒီ ဆန္ဒပြပွဲတွေလုပ်ဖို့ဆိုပြီးတော့ ခွင့်ပြုချက် ပါမစ်တွေ ပေးထားတာတောင်မှပဲ အားလုံး ၁၇၀ ကျော်ရှိတယ်ဆိုတော့ ဒါက ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်လာမှာကတော့ သေချာသလောက်ရှိနေပါတယ်။နောက် တခုကလည်း အမေရိကန်နိုင်ငံရေးမှာ ဗီယက်နမ် စစ်ပွဲနောက်ပိုင်းမှာ သဘောထားကွဲစရာအဖြစ်ဆုံး အခြေအနေဆိုပြီးလို့တောင် တချို့ လူတွေက သုံးသပ်နေတာဆိုတော့လည်း နိုင်ငံရေးအရ အကြမ်းဖက်မှုတွေဖြစ်မှာကို စိုးရိမ်ရတဲ့ သဘောရှိပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ပါရှင့်။ ဒီနေ့ Republican ပါတီကိုကိုယ်စားပြုမယ့် အမေရိကန် သမ္မတလောင်းကို တရားဝင် ရွေးချယ်သွားမယ့် ပါတီညီလာခံအဖြစ် အခုမကြာခင် ညီလာခံစတော့မှာဆိုတော့ ဘယ်ကိစ္စတွေ အဓိက ပြောကြဆိုကြမှာတဲ့လဲ၊ ဘယ်သူတွေရော စကားပြောကြဖို့ ရှိပါသလဲရှင့်။

ကိုအောင်လွင်ဦး။ ။ အခုညီလာခံမှာတော့ အမျိုးသားလုံခြုံရေးကိစ္စမျိုးတွေ၊ လူဝင်မှု ကြီးကြပ်ရေးကိစ္စတွေက အဓိက ပါဝင်ဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီညီလာခံမှာ စကားပြောမယ့်အထဲမှာဆိုပဲ ဒီ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတွေရှိနေတဲ့ မက်စီကိုနဲ့ နယ်စပ်ချင်း ထိနေတဲ့ Texas ပြည်နယ်က အုပ်ချုပ်ရေးမှူးဟောင်း Rick Perry နောက်တခြားလူဝင်မှု ကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ လှုံ့ဆော် နေတဲ့သူတွေလည်း ပါနေတာကို တွေ့ရပါတယ်။ နောက်တခါ Libya နိုင်ငံ ဘန်ဂါဇီ က အမေရိကန် ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရတဲ့အထဲမှာ သေသွားတုန်းက ပါသွားတဲ့ အမေရိကန် တယောက်ရဲ့ အမေဟာလည်း ဒီမှာလာပြီး စကားပြောမယ်ဆိုတော့ ဒီအမျိုးသားလုံခြုံရေးကိစ္စတွေ ပါတယ်ဆိုတာတော့ သေချာသလောက်ရှိနေပါတယ်။ ဒါတွေကလည်း သူဌေးကြီး Donald Trump ရဲ့ မဲဆွယ်ပွဲတလျှောက်မှာ ကြွေးကြော်ပြီးပြောနေတဲ့ကိစ္စတွေပါ။ နောက်ဒီ အမေရိကန်က တကျော့ပြန်ကြီးကျယ် ခမ်းနားလာစေရမယ်ဆိုပြီး ပြောနေတဲ့ Trump က မနေ့ညတုန်းကလည်း CBS နဲ့ ရုပ်သံ မေးမြန်းခန်းမှာလည်း အင်အားကောင်းဖို့လိုတယ်။ သမ္မတ အိုဘားမားနဲ့ လက်ရှိ သူနဲ့ ပြိုင်နေတဲ့ ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်ရဲ့ မူဝါဒတွေဟာ ပျော့ညံ့လွှန်းတယ်ဆိုပြီး ပြောတာတွေလည်းရှိပါတယ်။ ဆိုတော့ အခုညီလာခံ တလျှောက်မှာလည်း Trump က သူ့မူဝါဒတွေ ခိုင်မာအောင် ပံ့ပိုးနိုင်မယ့်အကြောင်းအရာတွေကို အဓိကအာရုံစိုက်ပြောဖြစ်မယ်။ ပြောဖြစ်အောင်လည်း ကြိုးပမ်းမယ်လို့ မျှော်လင့်ရပါတယ်ခင်ဗျ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင် ဒီညီလာခံစတင်ချိန်ကစလို့ ထူးခြားဖြစ်စဉ်တွေရှိရင် ကျမတို့ကို ပြောပြပေးပါဦး ကိုအောင်လွင်ဦးရှင့်။

ကိုအောင်လွင်ဦး။ ။ ကောင်းပါပြီခင်ဗျ။”

Republican ပါတီကိုကိုယ်စားပြုမယ့် အမေရိကန် သမ္မတလောင်းကို တရားဝင် ရွေးချယ်သွားမယ့် ပါတီညီလာခံကျင်းပမယ့် အခြေအနေတွေကိုတော့ Cleveland မြို့ကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦး ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG