သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အပေါ် Republican ပါတီ သဘောထားတင်းမာ


ရီပတ်ဘလီကင်သမ္မတလောင်း Mitt Romney၊ ဇနီး အဲန်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleezza Rice(ယာ)
ရီပတ်ဘလီကင်သမ္မတလောင်း Mitt Romney၊ ဇနီး အဲန်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleezza Rice(ယာ)
စစ်အေးတိုက်ပွဲကာလ တုန်းကဘောထားမျိုးပဲ ရှိနေသေးတဲ့ Republican ပါတီက မစ်တ်ရော်မနီကို သမ္မတလောင်းအဖြစ် ရွေးချယ်ကြတယ်လို့ တရုတ်အစိုးရ သတင်းစာမှာဖော်ပြပြီး ပုတ်ခတ်လိုက် တဲ့ကြားကပဲ မနေ့ကကျင်းပတဲ့ ရီပတ်ဘလစ်ကင် ပါတီညီလာခံမှာ တရုတ်အစိုးရအပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ကြပါတယ်။

တရုတ်အစိုးရရဲ့ ယွမ်ငွေတန်ဖိုး မချတဲ့ကိစ္စနဲ့ ဉာဏမူပိုင်ခွင့် ချိုးဖောက်ပြီး ခိုးယူ အသုံးချမှုတွေနဲ့ ပတ်သက်ပြီး ခပ်တင်းတင်း ကိုင်တွယ်သွားဖို့ ဆုံးဖြတ်ထားကြောင်း အပြင် တောင်တရုတ် ပင်လယ်ပြင်ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ရှုတ်ချလိုက်ပြီး တိုင်ဝမ်ကို လက်နက်တွေ ဆက်လက် ရောင်းချမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

တရုတ်အစိုးရကတော့ ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာ တရားဝင် ထုတ်မပြောပါဘူး။
ဖလော်ရီဒါပြည်နယ် Tampa မြို့မှာ မနေ့ကကျင်းပတဲ့ ရီပတ်ဘလစ်ကင်ပါတီ ညီလာခံမှာ Wisconsin ပြည်နယ် အောက်လွှတ်တော်အမတ် Paul Ryan က ဒုသမ္မတအဖြစ် အမည်စာရင်း တင် သွင်းမှုကို လက်ခံလိုက်ပါတယ်။ သမ္မလောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်မယ့် Mitt Romney က ဒီလ အစောပိုင်းတုန်းက သူနဲ့အတူ ဒုသမ္မတအဖြစ် ပါဝင်အရွေးခံဖို့ မစ္စတာ Ryan ကို ရွေးချယ်ခဲ့ပြီး ကတည်းက သူဟာ သူရဲ့ပါတီဝင်တွေကို တက်တက်ကြွကြွ လုပ်ဆောင်လာအောင် စည်းရုံးလှုပ်ရှားနိုင် ခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ လွှတ်တော် ဘတ်ဂျက်ကော်မတီဥကဋ္ဌဖြစ်သူ ပေါလ် ရိုင်ယင်ဟာ ကျန်းမာရေး စောင့်ရှောက်ကုသမှုဆိုင်ရာနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအာမခံ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အကြံပြုချက်တွေအပြင် လူမှုဖူလုံရေး အစီအစဉ်အတွက် ဘဏ္ဍာငွေဖြတ်တောက်ဖို့ လုပ်ဆောင်မှာတွေကြောင့် ပြင်းပြင်းထန်ထန် အဝေဖန်ခံနေရသူပါ။

Mitt Romney နဲ့ Paul Ryan တို့ကို အင်္ဂါနေ့ ရီပတ်ဘလစ်ကင် ပါတီညီလာခံကြီး ကနေ သမ္မတနဲ့ ဒုသမ္မတလောင်းအဖြစ် တရားဝင် အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံမှာ မစ္စတာရော်မနီရဲ့ ဇနီး Ann Romney ကရော နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie ကပါ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Chris Christie က ဒီမိုကရက်တစ်ပါတီရဲ့ အစီအစဉ်တွေဟာ အမေရိကန်ပြည်ထောင်စု ကြီးကို ငွေကြေးပြဿနာ ချောက်နှုတ်ခမ်းပေါ်မှာ လေတချွန်ချွန်နဲ့ လျှောက်ခိုင်းသလို ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ ကျဆုံးအောင် ဒီမိုကရက်တစ်ပါတီက လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
XS
SM
MD
LG