အမေရိကန်ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ်တွေ၊ တိုင်းပြည်ရဲ့ အကြွေးတွေကို လျှော့ချဖို့နဲ့ အစိုးရက ချုပ်ကိုင် လွှမ်းမိုးမှုတွေကို လျှော့ချဖို့ တိုက်တွန်းသွားတဲ့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ နောက်ဆုံး နိုင်ငံတော်အခြေပြ မိန့်ခွန်းအပေါ် ရီပတ်ဘလီကန် ပါတီဘက်က တရားဝင် တုံ့ပြန်တဲ့ မိန့်ခွန်းကို ဝစ်စ်ကွန်ဆင်ပြည်နယ် အောက်လွှတ်တော်အမတ် ပေါလ် ရိုင်ယန် (Paul Ryan) က ပြောကြားခဲ့ပါတယ်။
အစိုးရ အသုံးစရိတ် လွန်ကျူးခြင်းက နိုင်ငံတော်ကို အကြွေးတွင်းနက်ထဲ ရောက်စေတယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့တာကို အောက်လွှတ်တော် နိုင်ငံတော် ဘတ်ဂျက် ရသုံးမှန်းခြေ ငွေရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရီပတ်ဘလီကန်အမတ် ပေါလ် ရိုင်ယန်က ဝေဖန်ကဲ့ရဲ့လိုက်ပါတယ်။
သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး ဝန်ဆောင်မှု ပြုပြင်ပြောင်းလဲရေး အစီအစဉ်က ကျန်းမာရေး အာမခံစရိတ်တွေ တိုးမြင့်စေသလို အလုပ်အကိုင်သစ်တွေ ပေါ်ထွန်းရေးကို နှောင့်နှေးစေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး အစီအစဉ်ကို အစားထိုးနိုင်ဖို့ ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တွေက ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ သူတို့ အဆိုပြုမယ့် ကျန်းမာရေး အစီအစဉ်ကတော့ လူနာတွေရဲ့ ကောင်းကျိုးကို ရှေ့ထားပြီး စရိတ်သက်သာ ပိုမိုထိရောက်တဲ့ ဆေးကုသမှုတွေကို ရရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရင်ပတ်တွင်းက ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ်တွေက သမ္မတ အိုဘားမားရဲ့ ကျန်းမာရေး အစီအစဉ်တွေ အားလုံးကို ရုပ်သိမ်းလိုက်ဖို့ မဲပေးခဲ့ကြပါတယ်။ တကယ်လို့ အစိုးရ ထိန်းချုပ်မှုတွေကို ပြန်လည်မဆန်းစစ်၊ စိန်မခေါ်ဘဲ ထားမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ အောင်မြင်မှုတွေဟာ အတိတ်က အကြောင်းအရာတွေပဲ ဖြစ်သွားမယ့် အခြေအနေကို ရောက်နေတယ်လို့လည်း လွှတ်တော်အမတ် ရိုင်ယန်က ပြောပါတယ်။
လွှတ်တော်အမတ်တွေ အနေနဲ့ ပြည်သူတွေကို ဒီ့ထက်ပိုကောင်းတဲ့ ရွေးချယ်စရာတွေနဲ့ အမြော်အမြင်သစ်တွေကို ဆောင်ကြဉ်းပေးဖို့ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။
ရီပတ်ဘလီကန်ပါတီက အဆိုပြုမယ့် ဘတ်ဂျက် အစီအစဉ်ဟာ ကြွေးမြီတွေ လျှော့ချနိုင်ဖို့၊ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ဖို့နဲ့ အစိုးရတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်စေရမယ်လို့လည်း ကတိပြု ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ အမေရိကန် လွှတ်တော် ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်မှာ အများစု နေရာကို ရခဲ့တာ ဖြစ်ပါတယ်။