သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ်ရုရှားသင်္ဘော ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်ဆဲ


ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေ နစ်မြုပ်ငါးဖမ်းသင်္ဘောDalniy Vostok က အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသားတွေကို အကူအညီပေးနေစဉ်။ (ဧပြီလ ၃၊ ၂၀၁၅)
ရုရှားအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာန ဝန်ထမ်းတွေ နစ်မြုပ်ငါးဖမ်းသင်္ဘောDalniy Vostok က အသက်ရှင်ကျန်ရစ်တဲ့ သင်္ဘောသားတွေကို အကူအညီပေးနေစဉ်။ (ဧပြီလ ၃၊ ၂၀၁၅)

မြန်မာသဘောၤသားတွေပါဝင်တဲ့ရုရှားငါးဖမ်းသဘောၤ နစ်မြုပ်ခဲ့တာကို ဒီကနေ့မှာလည်း ဆက်ပြီး ရှာဖွေနေပါတယ်။ အခုချိန်ထိ သဘောၤသား ၁၃ ဦး ပျောက်ဆုံးနေဆဲလည်း ဖြစ်ပါတယ်။ ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေနဲ့ သဘောၤနစ်မြုပ်မှုမှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေ၊ အသက်ဘေးနဲ့ ကြုံတွေ့ရသူတွေ အတွက် ရသင့်ရထိုက်တဲ့ ခံစားခွင့်အတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ဆောင်ရွက်သင့်သလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံသား၄၂ ဦးပါဝင်ပြီး သဘောၤဝန်ထမ်းပေါင်း ၁၃၂ ဦးတို့လိုက်ပါခဲ့တဲ့ ငါးဖမ်းသဘောၤ Dalniy Vostok ဟာ ရုရှား အရှေ့ဘက် ကမ်းလွန် ပင်လယ်ပြင်မှာ ရုရှားစံတော်ချိန် ကြာသပတေးနေ့ မနက် ၆ နာရီခွဲလောက်မှာ နစ်မြုပ်ခဲ့တာပါ။အခုချိန်ထိ သဘောၤသား ၆၃ ယောက်ကို ကယ်ဆယ်ထားပြီး ၁၃ ဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုဆက်ပြီးလုပ်နေတယ်လို့ ရုရှား အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာန ဒေသဆိုင်ရာ အကြီးအကဲ Yerem Arutyunyan က အခုလို ပြောပါတယ်။

ကယ်ဆယ်ရေး ဆက်လုပ်ဖို့ ရာသီဥတုက အခြေအနေကောင်းနေပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ စတုရန်းမိုင် ၄,ဝဝဝ နီးပါး ရှာဖွေပြီးစီးခဲ့ပါပြီ။ ဆက်ပြီးတော့လည်း ရှာဖွေနေပါတယ်လို့ ပြောခဲ့တာပါ။

နစ်မြုပ်သဘောၤကနေ ကယ်ဆယ်ထားသူတွေကိုတော့ Andromeda သဘောၤပေါ်မှာ ကယ်ဆယ်ထားပြီး ဆေးဝါးကုသပေးနေသလို တချို့ကိုလည်း ရဟတ်ယာဉ်နဲ့ ဆေးရုံကို သယ်သွားတဲ့ ပုံတွေကို ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြသထားတဲ့ ဗွီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

မြန်မာ သဘောၤသားတွေ ကယ်ဆယ်ရရှိမှုနဲ့ပတ်သက်ပြီး ရုရှားဆိုင်ရာ မြန်မာသံရုံးက နောက်ဆုံးရ အချက်အလက်တွေကို ထုတ်ပြန်တာမှာတော့ ၂၂ ဦး အသက်ရှင်၊ တဦးသေဆုံးပြီး ကျန်တဲ့ ၁၉ ဦးတို့ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သေဆုံးသူကိုတော့ ကိုမင်းသူရ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံသားတွေ နိုင်ငံခြား သဘောၤတွေမှာ အလုပ်လုပ်ကိုင်ရာကနေ ထိခိုက်ဒဏ်ရာရမှုတွေ ၊ အသက်ဘေးနဲ့ ကြုံတွေ့ရတာတွေအတွက် သက်ဆိုင်ရာ မိသားစုတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာကိုတော့ မြန်မာနိုင်ငံ သဘောၤသားများအသင်းရဲ့ တွဲဖက် အတွင်းရေးမှူး ဦးမင်းဇော်က အခုလို ပြောပါတယ်။

“ကျနော်က အကြံပေးချင်တာကတော့ ပထမတချက် သူတို့ရဲ့ owner ကို ရအောင်ဆက်သွယ်ရပါမယ်။ Owner ကိုဆက်သွယ်လို့ မရဘူးဆိုရင်လည်း ကျနော်တို့ဆီကို အကူအညီလာတောင်းပါ။ ကျနော်တို့ MSF သဘောၤသားအသင်းပေါ့နော်။ ဒီကို အကူအညီလာတောင်းပါ။ တောင်းတဲ့အခါကျရင် သူတို့ လုပ်နိုင်တဲ့ဟာတွေ လုပ်ပါ။ ကျနော်တို့လည်း ကျနော်တို့ လုပ်နိုင်တဲ့ဟာတွေ လုပ်ပေးပါ့မယ်။ အဓိက-ကတော့ ဒီမှာရှိတဲ့ Owner ပေါ့နော်၊ နောက် တချက်က လာဆက်သွယ်တဲ့အခါကျရင်သူ့ရဲ့ အထောက်အထား ပစ္စည်းအစုံအလင်တော့ ယူလာရမှာပေါ့နော်၊ ဘယ်နေ့က ဘယ်ကိုထွက်သွားတယ်၊ ဘယ်လိုပုံစံနဲ့ပေါ့နော်၊ အဲဒါတွေက အကုန်အရေးကြီးတာပေါ့နော်။ ကျန်တဲ့ပစ္စည်းက သူ့ရဲ့….. CV form လုပ်ထားတာပေါ့နော်၊ ကျနော်တို့အကုန်လုံး ကျကျနန အစုံယူလာရင်တော့ လုပ်လို့ကိုင်လို့ ပိုကောင်းပါတယ်။ ကျနော်တို့ ဒီမှာသတ်မှတ်ထားတာတော့ ရိုးရိုးသင်္ဘောသားဆိုရင် ၂ သောင်းခွဲပေါ့နော်၊ …… အရာရှိမဟုတ်တဲ့သင်္ဘောသားတွေပေါ့နော်၊ အဲလိုဆိုရင်တော့ ဒီမှာသတ်မှတ်ထားတာ ဒေါ်လာ ၂ သောင်းခွဲပေါ့၊ သေလို့ရှိရင်ပေါ့နော်။ အရာရှိဆိုလို့ရှိရင် ၅ သောင်းကစပါတယ်။”

မြန်မာ့ သဘောၤသား အသိုင်းအဝိုင်းအတွင်းမှာလည်း အလုပ်အကိုင် ရှားပါးလွန်းတာကြောင့် ဘေးကင်းလုံခြုံမှု၊ ရသင့်ရထိုက်တဲ့ခံစားခွင့် စတာတွေကို မရွေးချယ်နိုင်ဘဲ ရရာအလုပ်ကို ဝင်ရောက် လုပ်ကိုင်ကြရတာကြောင့်လည်း အခုလို မတော်တဆမှုတွေနဲ့ ကြုံနေရတာ ဖြစ်တယ်လို့လည်း ဦးမင်းဇော်က ပြောပါတယ်။

“ဂရုစိုက်ဖို့ဆိုတာက ကျနော်တို့ကိုလာမေးရင်တော့ ကျနော်က ဘယ်လိုသင်္ဘောလဲ၊ ဘာလဲ အကုန်လုံး ကိုယ်စားလှယ်မေးမယ်၊ ဟိုဘက်က owner တွေကိုလှမ်းချိတ် သေချာမေးပြီးမှ မဟုတ်ဘူး၊ ဟုတ်တယ် ပြောလို့ရမယ်။ အများအားဖြင့်က သင်္ဘောတက်ရရင်ပြီးရော၊ ပိုက်ဆံပေးရတာတွေ မသိစေချင်တာတွေရှိတယ်။ အခုဟာက ကျနော်သိရသလောက် အတော်များများက ပိုက်ဆံပေးပြီး တက်သွားကြတာလို့ ပြောပါတယ်။ service ရှိတဲ့လူက နည်းနည်း၊ ပိုက်ဆံပေးပြီး တက်သွားကြတာ။ သူတို့ဟာသူတို့ ဘယ်လိုနည်းနဲ့ပဲတက်တက်ပေါ့နော်၊ လာမစုံစမ်းကြပါဘူး။ အလုပ်ရှားပါးတာပေါ့နော်။ အဲဒါပါ၊ အဓိက-ကတော့။”

ငါးဖမ်းသဘောၤ Dalniy Vostok ဟာ ကြာသပတေးနေ့ မနက်ပိုင်း စတင်နစ်မြုပ်ချိန်ကနေ ၁၅ မိနစ် အတွင်းလုံးဝ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ထားသူ ၅ဝ ကျော်ထဲက ၉ ဦးတို့က အခြေအနေ စိုးရိမ်ရတယ်လို့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနရဲ့ ဒေသဆိုင်ရာ ပြောခွင့်ရအမျိုးသမီးက ပြောပါတယ်။ သဘောၤနစ်မြုပ်ခဲ့တဲ့ ပင်လယ်ပြင်ကလည်း ရေခဲမှတ်အထိ အေးနေတာလို့လည်း ပြောခွင့်ရက ပြင်သစ် သတင်းအေဂျင်စီ AFP ကို ပြောခဲ့ပါတယ်။

၁၉၈၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Dalniy Vostok ငါးဖမ်းသဘောၤကိုတော့ ရုရှားနိုင်ငံအရှေ့ပိုင်း Sakhalin ကျွန်းပေါ်က ဆိပ်ကမ်းမြို့ Nevelsk မြို့ အခြေစိုက် Magellan ကုမ္ပဏီက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG