သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး Air Asia လေယာဉ် ဆက်လက်ရှာဖွေ


အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက လေယာဉ်ရှိနိုင်မယ့် ခန့်မှန်းခြေနေရာတခုကို ညွှန်ပြနေစဉ်။
အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက လေယာဉ်ရှိနိုင်မယ့် ခန့်မှန်းခြေနေရာတခုကို ညွှန်ပြနေစဉ်။

ပျောက်ဆုံးနေတဲ့ Air Asia လေယာဉ်ဟာ ပင်လယ်ပြင်အောက်ထဲမှာ ရောက်နေလောက်ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ခရီးသည်နဲ့လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၆၂ ဦး ပါသွားတဲ့ Airbus 320 အမျိုးအစား အဲဒီ လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ Java ပင်လယ်ပြင်အတွင်းမှာ တနင်္ဂနွေနေ့က ပျက်ကျသွားခဲ့တယ်လို့ ယူဆရကြောင်း အဲဒီ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ Bambang Sulistyo က သတင်းထောက်တွေကို ဒီကနေ့ ပြောလိုက်တာပါ။

ရှာဖွေရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပေးပို့တဲ့ သတင်းအချက်လက်တွေနဲ့ လေယာဉ်ပျက်ကျသွားတယ်လို့ ခန့်မှန်းတွက်ဆထားတဲ့နေရာဟာ ပင်လယ်ပြင်ပေါ်မှာဖြစ်နေတယ် စတဲ့အချက်တွေကို အခြေခံပြီး တွက်ဆခန့်မှန်းလို့ရတာကတော့ လေယာဉ်ဟာ ပင်လယ်ပြင်အောက်မှာ ရောက်နေပြီ ဆိုတာပဲ ဖြစ်ပါတယ်လို့ Bambang Sulistyo က ပြောပါတယ်။

အခုလို လေယာဉ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှားရဲ့ လေကြောင်းဆိုင်ရာ နည်းနာတွေကို ပြန်လည်သုံးသပ်ဖို့ အမိန့်ထုတ်ထားကြောင်း သမ္မတ Joko Widodo က ပြောပါတယ်။

သောကဖိစီးနေကြတဲ့ ခရီးသည်တွေရဲ့မိသားစုဝင်တွေက မျှော်လင့်ချက်တစုံတရာ ထွက်လာနိုးနဲ့ စောင့်ဆိုင်းနေကြတဲ့အချိန်မှာပဲ ဒီကနေ့ ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက် ပြုလုပ်နေပါတယ်။ သင်္ဘောတွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက် ပြုလုပ်နေကြတာမှာ အမေရိကန်အပါအဝင် နိုင်ငံတကာကလည်း ကူညီရှာဖွေပေးဖို့ အဆိုပြုထားကြပါတယ်။

လေယာဉ်ရှိနေတဲ့နေရာကို ကူညီရှာဖွေပေးဖို့ တနင်္လာနေ့မှာ အင်ဒိုနီးရှားအစိုးရက ပေးပို့ထားတဲ့ တောင်းဆိုထားချက်အပေါ် သုံးသပ်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

XS
SM
MD
LG