အမေရိကန်ပြည်ထောင်စုမှာ သိပ္ပံနည်းကျ သုတေသနလေ့လာတဲ့ လုပ်ငန်းတွေအတွက် Trump အစိုးရက အထောက်အပံ့တွေ ဖြတ်တောက်လိုက်တဲ့အပေါ် အမေရိကန်တဝန်း သောကြာနေ့က ဆန္ဒပြခဲ့ကြပါတယ်။
“Stand Up for Science” သိပ္ပံပညာအတွက် ကာကွယ်ရပ်တည်ကြလို့ အဓိပ္ပါယ်ရတဲ့ ဆောင်ပုဒ်နဲ့ သုတေသီတွေ၊ ဆရာဝန်တွေ၊ လူနာတွေနဲ့ သူတို့ကို ထောက်ခံသူတွေဟာ ဝါရှင်တန်မြို့တော်အပါအဝင် မြို့ပေါင်း ၃၀ ကျော်မှာ ဆန္ဒပြခဲ့ကြပါတယ်။ လွှတ်တော်အမတ်တချို့လည်း ဆန္ဒပြသူတွေနဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ သိပ္ပံပညာဟာ လူသားအားလုံးအတွက်ဖြစ်ကြောင်းနဲ့၊ လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ လေ့လာစမ်းသပ်မှုတွေ လုပ်နေတာဖြစ်တယ်လို့ သူတို့က ဖော်ပြပြောဆိုပါတယ်။
ကျန်းမာရေး၊ မိုးလေဝသနဲ့ ရာသီဥတုအပါအဝင် လေ့လာသုတေသနလုပ်နေတဲ့ လုပ်ငန်းတော်တော်များများအတွက် အစိုးရငွေကြေးထောက်ပံ့မှုကို သမ္မတ Trump တက်လာပြီး ၄၇ ရက်အတွင်းမှာပဲ ဖြတ်တောက်ခဲ့သလို သုတေသီတွေကိုလည်း အလုပ်ဖြုတ်ခဲ့ပါတယ်။ ခိုင်လုံတဲ့ အထောက်အထားတွေကို အခြေခံလေ့လာထားတဲ့ လေ့လာမှုတွေအပေါ် နိုင်ငံရေးအရ ဆင်ဆာဖြတ်တာမလုပ်ဖို့၊ အချက်အလက်တွေကို အများပြည်သူ သိရှိနိုင်အောင် ပွင့်ပွင့်လင်းလင်းဖော်ပြနိုင်ဖို့၊ သုတေသနလုပ်ငန်းတွေကို ဘက်မလိုက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ပြုဖို့ မတ်လ ၇ ရက် သောကြာနေ့က ပါဝင်ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
သမ္မတ Trump တက်လာပြီးနောက် အစိုးရ အသုံးစရိတ်ကို သိသိသာသာလျှော့ချနေသလို အစိုးရလုပ်ငန်းတွေ မြန်ဆန်ထိရောက်ရေးအတွက် ပြည်ထောင်စုအစိုးရ ဝန်ထမ်း ထောင်နဲ့ချီကို လျှော့ချခဲ့ပါတယ်။
Forum