သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် မြစ်ဝကျွန်းပေါ် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


မြစ်ဝကျွန်းပေါ် ဒေသခံတွေ မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်နေရ (မေ ၁၁၊ ၂၀၂၃)
မြစ်ဝကျွန်းပေါ် ဒေသခံတွေ မုန်တိုင်းဘေးလွတ်ရာ တိမ်းရှောင်နေရ (မေ ၁၁၊ ၂၀၂၃)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ Mocha မိုခါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာခရိုင်နဲ့ ငပုတောမြို့နယ်ရှိ ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ ပြည်သူတွေဟာ ဘေးလွတ်ကင်းရာကို ပြောင်းရွှေ့နေကြပါတယ်။ လောလောဆည် လပွတ္တာခရိုင်မှာ လူတသောင်းခန့်ပြောင်းရွှေ့ထားပြီး ဟိုင်းကြီးကျွန်းနဲ့ ကဒုံကနိ၊ ကမာကလူ စတဲ့ဒေသက လူတွေလည်း ဘေးကင်းရာကို ပြောင်းရွှေ့တာတွေရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင် တင်ပြထားပါတယ်။

ကြာသပတေးနေ့မှာ ဆိုင်ကလုံးအဖြစ်ရောက်ရှိလာတဲ့ Mocha မိုခါ အမည်ရှိ ဆိုင်ကလုံးမုန်တိုင်းဟာ ဒီနေ့ညနေပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကနေ သောကြာနေ့မှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

နောက်ဆုံးတိုင်းထွာချက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားက ဖြတ်သန်းဖွယ်ရှိကြောင်း ခန့်မှန်းထားပေမဲ့ မုန်တိုင်းရဲ့ အန္တရာယ်ကို စိုးရိမ်တာကြောင့် ဧရာဝတီတိုင်း ပင်လယ်ကမ်းခြေဒေသက ပြည်သူတွေဟာလပွတ္တာမြို့ကို ပြောင်းရွှေ့နေကြပါတယ်။ လက်ရှိ ပြောင်းရွှေ့နေတဲ့အခြေအနေကို ဧရာဝတီတိုင်း လပွတ္တာမြို့က ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ လက်ရှိ မုန်တိုင်းရှောင်တွေကတော့ လပွတ္တာမြို့နယ်အောက်ပိုင်းပေါ့။ ပင်လယ်နဲ့နီးတဲ့အခြမ်းတွေက များတာပေ့ါ။ အဲဒီမှာ ပြင်စလူတို့၊ စလူဆိပ်တို့၊ နောက်ပြီးတော့ ကိုင်းသောင်ပေါ့။ အဲဒီဘက်အစွန်၊ နောက် ကွင်းပေါက်ပေါ့။ အဲဒီ ပင်လယ်ကမ်းခြေနေရာတွေ။ ကျနော်တို့ လပွတ္တာမြို့မှာက ဘုန်းကြီးကျောင်းက ၄၀ ကျော်ရှိတယ်။ အဲဒီမှာ စာသင်တိုက်ကြီးတွေမှာတော့ အနေများတာပေါ့။ အချို့စာသင်တိုက်တွေမှာဆို လူ ထောင်နဲ့ချီရှိတယ်။ တချို့တွေလည်း ၆၀၀- ၇၀၀။ တချို့ ၅၀၀- ၄၀၀ အဲလိုပေါ့။ ”

အရင်ရက်ပိုင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ခဲ့တဲ့နောက် ပင်လယ်ပိုင်းဒေသက ပြည်သူတွေ တိမ်းရှောင်လာကြတာဖြစ်ပါတယ်။ မုန်တိုင်းရှောင်တွေကို ကူညီနေတဲ့အခြေအနေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“ ဒီ လက်ရှိအနေအထားမှာတော့ မြို့နယ်မှာ စားရေးသောက်ရေးကိုတော့ ဘုန်းကြီးကျောင်းက ကျွေးတာရှိတယ်။ အလှုရှင်တွေ ရှိလို့ ကြွေးတာရှိတယ်။ မြို့ထဲမှာလည်း ဒီ ထမင်းထုတ်တွေ အလှုခံပြီးတော့ ဝေခြမ်းတာမျိုးလည်း ရှိတယ်။ နောက် ဒီမုန်တိုင်းရှောင်တွေ ကိုယ်တိုင် အိုးခွက်ပန်းကန်တွေပါလာပြီး ကိုယ်တိုင်ချက်ပြုတ်စားသောက်တာမျိုးလည်း ရှိပါတယ်။ ”

ဧရာဝတီတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့ တိုင်းရုံး တာဝန်ခံ ဦးဘိုဘိုကတော့ မုန်တိုင်းကြောင့် လပွတ္တာခရိုင်နဲ့ ငပုတောမြို့နယ်မှာ အဓိက ရှောင်တိမ်းနေပြီး လပွတ္တာမြို့မှာ စခန်း ၇ ခု ၊ လူ တသောင်းနီးပါး ခိုလှုံနေကြောင်း ပြောပါတယ်။

“ ပြောင်းရွှေ့လုပ်ငန်းကတော့ လပွတ္တာမှာ ကယ်ဆယ်ရေးစခန်းပေါ့ ဘုန်းကြီးကျောင်းတွေ ဖွင့်ပေးထားတယ်။ ၇ ဌာနလောက်တော့ရှိတယ်။ လူဦးရေပေါင်း ၉၅၀၀ကျော်လောက်တော့ ရှိပါတယ်။ တခြားတွေမှာက ဟိုင်းကြီးကျွန်းဘက်မှာလည်း လုပ်ပေးထားတယ်။ ဟိုင်းကြီးကျွန်းဒေသမှာရော၊ နောက် သင်္ဃန်းကြီးဘက်မှာ၊ ဟို နာဂစ်ပြီးတုံးက ဆောက်ထားတဲ့ နာဂစ်ရှောင် အဆောက်အဦးတွေ ရှိတယ်။ အဲဒီတွေကိုတော့ အကုန်လုံး ပြောင်းရွှေ့ပြီးတော့ နေကြတာများပါတယ်။ လပွတ္တာခရိုင်ပေါ့။ လပွတ္တာခရိုင်နဲ့ ငပုတောမြို့နယ်က အဓိက ကျတယ်။ ”

လပွတ္တာခရိုင်အတွင်းမှာ လပွတ္တာမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တို့ ပါဝင်တာဖြစ်ပါတယ်။ လတ်တလော မှာတော့ မုန်တိုင်းရှောင်တွေအတွက် သောက်ရေ ဖြန့်ဝေပေးနေပြီး ကျန်းမာရေးအကူအညီတွေလည်း ဆောင်ရွက်ပေးနေကြောင်း ပြောပါတယ်။ ဘိုကလေးမြို့ပေါ်မှာလည်း မုန်တိုင်းရှောင်ပြည်သူ ရာဂဏန်းလောက်ရောက်ရှိနေပါတယ်။ ၂၀၀၈ခုနှစ် မေလ ၂ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းမှာ လူ ၁ သိန်း ၄ သောင်းလောက် သေကျေ၊ ပျောက်ဆုံးခဲ့ရပြီး လပွတ္တာမြို့နယ်က အသေအပျောက်အများဆုံးဖြစ်ခဲ့ပါတယ်။

ဒီကနေ့ နေ့ခင်း ၁၂နာရီခွဲ အချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မြောက်နဲ့ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေခဲ့ပြီး ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၄၅မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၆၀အကွာ၊ စစ်တွေမြို့ရဲ့ တောင်နဲ့အနောက်တောင်ဘက် ရေမိုင် ၅၈၀အကွာမှာ ဗဟိုပြုနေကြောင်းနဲ့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်တာကြောင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ၁၂ရက်နေ့မှာ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိပြီး ၁၄ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ( Cox’s Bazar)နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့အကြားကို ဝင်ရောက်လာနိုင်ကြောင်းလည်း မိုးဇလ ဌာနက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG