သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ အဖွဲ့နဲ့ တွေ့ဆုံမှု NLD ရဲ့ တာဝန်ပေးချက်မဟုတ်


ပန်ဆန်းကိုရောက်နေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးနဲ့ အဖွဲ့ဝင်နှစ်ဦး UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ( Wa State TV)
ပန်ဆန်းကိုရောက်နေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးနဲ့ အဖွဲ့ဝင်နှစ်ဦး UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ( Wa State TV)

UWSA ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့နဲ့ NDAA ကိုးကန့် လက်နက်ကိုင် အဖွဲ့တို့ကို NLD ပါတီ အဖွဲ့ဝင် တချို့ မကြာသေးခင်က တွေ့ဆုံခဲ့တာဟာ ပါတီရဲ့ ခွင့်ပြုချက် မယူဘဲ ကိုယ့်သဘောနဲ့ ကိုယ် သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်တဲ့အတွက် မှားယွင်းတယ်လို့ NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လဲဖြစ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီဝင် တဦးလည်းဖြစ်တဲ့ စစ်သံမှုးဟောင်း ဦးစိုးဌေး နဲ့အတူ NLD ရဲ့လွှတ်တော်ရေးရာဆက်ဆံရေးမှုး ဦးသန်းလွင်နဲ့ NLD ပါတီဝင် လည်းဖြစ် တရုတ်မြန်မာချစ်ကြည်ရေး အသင်းဝင်လည်းဖြစ်တဲ့ ဦးမြင့်ကြည် တို့ သုံးဦးဟာ ဧပြီလ (၂၅)ရက်ကနေ (၂၉)ရက်နေ့ထိ ၀ ဒေသ ပန်ဆန်းကို သွားရောက်ခဲ့တာပါ။ အဲဒီမှာ UWSA တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး အလားအလာတွေ အပေါ် အချက်အလက် စုဆောင်းမှုတွေ လုပ်ခဲ့တယ်လို့ ဦးစိုးဌေးက ပြောဆိုခဲ့ပါတယ်။

ဒီလို သွားရောက်တွေ့ဆုံမှုနဲ့ ပတ်သက်လို့ NLD ထိပ်ပိုင်း ခေါင်းဆောင်တဦး လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကို ဗွီအိုအေက မေးမြန်းရာမှာ သူကအခုလိုစပြောပါတယ်။

“အခုအချိန်က ကျွန်တော်တို့ ငြိမ်းချမ်းရေးက အရေးကြီးနေတဲ့ အချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အရေးကြီါ်နေတဲ့ အချိန်မှာ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို သတိလေးတော့ ထားရပါတယ်။ ဆောင်ရွက်မယ်လို့ ပြောထားတာ ရှိလို့ ရှိရင်လည်း မူဝါဒ မှားသွားမှာလည်း ကျွန်တော်တို့ စိုးရိမ်ပါတယ်။ အထိခိုက်မခံတဲ့ ကိစ္စပေါ့လေ။ အထိခိုက်မခံတဲ့ ကိစ္စ၊ အရှအနာ ဖြစ်နိုင်တဲ့ ကိစ္စမျိုးကို မိမိ သဘောနဲ့ မိမိဆောင်ရွက်တဲ့အနေရာမှာ သတိလေးထားဖို့ လိုပါတယ် ခင်ဗျ။ ”

မအင်ကြင်းနိုင်။ ။အန်ကယ်တို့ဘက်ကကော အခုသွားခဲ့တဲ့ ဦးစိုးဌေးတို နဲ့ ကျန်တဲ့ နှစ်ဦပေါ့နော်။ ဒီ သုံးဦးနဲ့ တွေ့ပြီးပါပြီလားရှင့်။

ဦးထွန်းထွန်းဟိန်။ ။ကျွန်တော်တို့ ခေါ်ပြီးတော့ မေးမြန်းပြီးပြီလို့ သိရပါတယ်။ ဦးစိုးဌေးတို့ ကိစ္စမှာ ဒီ ငြိမ်းချမ်းရေး ကိစ္စ ဖြစ်တဲ့အခါမှာ ထိလွယ်ရှလွယ် အနေအထားရှိတယ်။ NLD အနေနဲ့ နာမည်သုံးပြီးတော့ ဆောင်ရွက်တဲ့ အခါမှာ စေတနာ အရ ဆောင်ရွက်တာပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်တို့ NLD ရဲ့ မူပေါ့နော်။ ငြိမ်းချမ်းရေး မူတွေနဲ့ လွှဲချော်သွားမှာ စိုးတယ်။ ဒါတွေက ဗဟိုက မသိပဲနဲ့၊ ဗဟိုက တာဝန်မပေးပဲနဲ့ လုပ်ဆောင်ဖို့ မသင့်ဘူးလို့ ဒီလို ဒီလိုပါ။ ကျွန်တော် ပြောတာက။

မအင်ကြင်းနိုင်။ ။ အဲဒါနဲ့ ပက်သက်ပြီး ဦးစိုးဌေးတို့ သုံးယောက်ကိုကော အန်ကယ်တို့ ဘက်က အရေးယူဖို့ ရှိမရှိ။ အဲဒါရော အန်ကယ် ပြောလို့ ရမလားရှင့်။

ဦးထွန်းထွန်းဟိန်။ ။ဒီဥစ္စာက ခုနက ကျွန်တော် ပြောနေသလိုပဲ။ ဒီကိစ္စမှာ ဒါ ဦးစိုးထွေးတို့ ဆောင်ရွက်လိုက်တဲ့ ကိစ္စဟာ ကျွန်တော်တို့အနေနဲ့ မှားယွင်းတယ်လို့ ယူဆထားတာပါ။

မအင်ကြင်းနိုင်။ ။ မှားယွင်းတယ်လို့ ယူဆထားတဲ့ အတွက် နောက်ပိုင်း ဆက်ဖြစ်မှာတော့ အန်ကယ် ပြောလို့ မရသေးဘူးပေါ့။

ဦးထွန်းထွန်းဟိန်။ ။ဟုတ်ပါတယ်။ နောက်ပိုင်းက ပြောလို့ မရသေးပါဘူး။

မအင်ကြင်းနိုင်။ ။တစ်ဖက်က UWSAတို့ NDAA တို့ ဦးစိုးဌေးတို့ တွေ့ခဲ့တဲ့ အဖွဲ့တွေ့တော့ ဒီလို လာတွေ့တဲ့အတွက် ရလဒ်ကောင်းတွေ ရှိတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆောင်ရွက်ချက်တွေမှာလည်း ပူးပေါင်း ပါဝင်ချင်တယ် ဆိုတဲ့ စကားတွေ ပြန်ပြီး ပြောလိုက်တာလည်း ရှိတဲ့ အခါကျတော့ ဒီအပေါ်ကော အန်ကယ်တို့ ဘယ်လို မြင်သလဲ ရှင့်။

ဦးထွန်းထွန်းဟိန်။ ။ငြိမ်းချမ်းရေး ကိစ္စမှာ သူတို့ ဘက်က အပြုသဘော ဆောင်ရွက်လာတယ်ပေါ့။ ဝမ်းသာတယ်ပေါ့။ NLD က လာတွေ့တဲ့အတွက် ဝမ်းသာတယ်ပေါ့။ ဒါကတော့ ပြောစရာ မရှိပါဘူး။ ကျွန်တော်တို့ ပြောနေတဲ့ ဥစ္စာက ဒီလို သိမ်မွေ့တဲ့ ကိစ္စမှာ NLD က တာဝန်ပေးလိုက်တာ မဟုတ်ပဲနဲ့ NLD အနေနဲ့ ဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စဟာ အန္တရာယ် ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလို အန္တရာယ် ကြီးတဲ့ ကိစ္စမျိုးကို ဒီလို မဆောင်ရွက်သင့်ပါဘူး။ ဒါကို ပါတီဘက်ကနေ ဒီလို ကိုင်ထားတာ ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ လွှတ်တော်ဘက်ကကော ဘယ်လို ဆောင်ရွက်ဖို့ ရှိပါသလဲရှင့်။ သူတို့ဟာ လွှတ်တော် အမတ်တွေလည်း ဖြစ်တယ်။ နောက် သုံးယောက်စလုံးက နယ်စပ်ရေးရာ ကိစ္စ၊ တိုင်းရင်းသားရေးရာ ကိစ္စတွေမှာလည်း လွှတ်တော်ရဲ့ ကော်မတီတွေမှာ ပါဝင်နေတော့လေ။

ဦးထွန်းထွန်းဟိန်။ ။ ကျွန်တော်ပြောနေတာက အခု ပါတီဘက်က ဟာကို မေးနေတာလေ။ လွှတ်တော် ကိစ္စ ဆိုရင်တော့ လွှတ်တော် ဥက္ကဌ ကြီးကို မေးမှ ရမှာပေါ့။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG