သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အယူခံတင် Reuters သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရေး လူ့အခွင့်အရေးအဖွဲ့တွေတောင်းဆို


စက်တင်ဘာ ၁ ရက်နေ့က Reuters သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးရေး အတွက် ဆန္ဒပြစဉ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦးကို ခြွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးပို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၅၀ ကျော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာ ရေးသားတောင်းဆို လိုက်ကြပါတယ်။ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုနဲ့ပတ်သက်လို့ အကျိုးဆောင်ရှေ့နေက ရန်ကုန်တိုင်းတရားရုံးမှာ နိုဝင်ဘာ ၅ ရက်၊ မနေ့တုန်းက အယူခံဝင်ခဲ့ပြီးနောက် လူ့အခွင့်အရေးအဖွဲ့တွေကလည်း အခုလို တောင်းဆိုလိုက်ကြတာပါ။ အပြည့်စုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ ၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF စတဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေအပါအဝင်၊ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့ AI တို့လို လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၅၀ ကျော်က နိုဝင်ဘာလ ၅ ရက် နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာတစောင် ပေးပို့ ခဲ့တာပါ။ အဲဒီစာထဲမှာ အဓိက တောင်းဆိုတာက ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီလိုတောင်းဆိုရတာပါလဲ။ CPJ အဖွဲ့ရဲ့ အာရှရေးရာ ဒါရိုက်တာ Mr. Steve Butler ကတော့ ရိုက်တာသတင်းထောက်တွေဟာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ယုံကြည်တာကြောင့် အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုရတာဖြစ်ကြောင်း ပြောပါတယ်။

“ ဒီ သတင်းထောက် ၂ဦးကို မတရား ထောင်ချခဲ့တာပါ။ သူတို့ဟာ ပြစ်မှုကျူးလွန်ခဲ့သူတွေ မဟုတ်တာကြောင့် သူတို့ကို အမြန်ဆုံး ပြန်လွှတ် ပေးသင့်ပါတယ်။ ကျနော်တို့ သိထားတာက ကိုဝလုံးတို့ရှေ့နေက တရားရုံးမှာ အယူခံဝင်ထားပါတယ်။ ဒါက နည်းတခုပါ။ နောက်တနည်း ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရက ဒီသတင်းထောက်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလို့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရင်တော့ သူတို့မိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံခွင့်ရနိုင်မှာပါ။”

HRW အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Mr. Brad Adams ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အသိမှတ်ပြု လေးစားတဲ့အနေနဲ့ ရိုက်တာသတင်းထောက်တွေကို အမြန်ပြန်လွှတ်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

“ ဒီ ရိုက်တာ သတင်းထောက် ၂ဦးဟာ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သတင်းထောက်တွေအနေနဲ့ အစုအပြုံလိုက် သတ်ဖြတ်တဲ့ သတင်းကို ရရှိနိုင်ဖို့အတွက် သူတို့အလုပ်ကိုသူတို့ လုပ်ခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အသိမှတ် ပြုသင့်ပါတယ်။ သူမ အတိုက်အခံဘဝမှာ ကတည်းက သတင်းလွတ်လပ်ခွင့်ရှိရမယ်ဆိုတာကို ပြောဆိုခဲ့သူပါ။ NLD အစိုးရ လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ဆက်မရှိသင့်တော့ပါဘူး။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပြန်လွှတ်မပေးမချင်း သူတို့အနေနဲ့ ဒီရိုက်တာသတင်းထောက် ၂ဦးအမှုကိစ္စကို နိုင်ငံတကာက ပိုသိလာအောင် လုပ်သွားဖို့နဲ့ မြန်မာအစိုးရအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ဖိအားတွေ ပိုတိုးလာအောင် လုပ်ဆောင်သွားမယ်လို့ CPJ ရော၊ HRW အဖွဲ့တွေကပါ ပြောပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးကိုဖမ်းဆီးထားပြီး အမှုရင်ဆိုင်နေရချိန်မှာပဲ သူ့သမီးလေးကို ဖွားမြင်ခဲ့တာကြောင့် မိသားစုအမြန်ပြန်ဆုံတွေ့ နိုင်မယ့်အချိန်ကို မျှော်လင့်နေကြောင်း ကိုဝလုံးရဲ့ဇနီး မပန်းအိမွန်က ပြောပါတယ်။

"သူကိုယ်တိုင်ကလည်း အခုအချိန်အထိ သူ့သမီးနဲ့ မတွေ့ရသေးဘူး။ မွေးပြီးသွားတဲ့ကလေးက အပြင်မှာ ဖြူသလားမဲသလားဆိုတာ အခုအချိန်အထိမသိဘူး။ ဓါတ်ပုံလောက်ပဲ သူမြင်ရတာပေါ့။"

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှု မြောက်အောင်လို့ သတင်းထောက် ကိုဝလုံးတို့ကို အမှုဆင်ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်တယ်လို့ အစိုးရသက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းဒေသ အင်းဒင်ရွာမှာ မွတ်ဆလင်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အစုအပြုံလိုက်သတ်ဖြတ်မှုတွေ ရှိခဲ့ပြီး၊ ရိုက်တာသတင်း ဌာနက အဲဒီသတင်းကို ဖေါ်ထုတ်ရေးသားခဲ့တာပါ။ နိုင်ငံတကာက ဝေဖန်ပြစ်တင်မှုတွေနောက်ပိုင်းမှာ တပ်မတော်က အရေးယူအပြစ်ပေး တာတွေ လုပ်ခဲ့ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုနဲ့ ၉ လကြာ ရုံးတင်စစ်ဆေး ပြီးနောက် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG