သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်အမှု အယူခံလျှောက်လဲ


ကိုဝလုံးရဲ့ဇနီးဖြစ်သူ မပန်းအိမွန် သတင်းထောက်များအားဖြေကြားစဉ်
ကိုဝလုံးရဲ့ဇနီးဖြစ်သူ မပန်းအိမွန် သတင်းထောက်များအားဖြေကြားစဉ်

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံလွှာနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၄ ရက်၊ တနင်္လာ နေ့ ဒီကနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးမှာ နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။ သတင်းထောက်တွေရဲ့ ဥပဒေအကျိုး ဆောင်တွေကရော၊ မိသားစုဝင်တွေကပါ သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်နေကြဆဲပါ။ ဒီကနေ့ အယူခံကြားနာပွဲကို ကိုယ်တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်ခဲ့တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုလွဲမှားတယ်ဆိုတာတွေကို အထက် အယူခံတရားရုံးကသိရှိအောင် ဒီကနေ့ လျှောက်လဲချက်ပေးတာဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်သူ ဦးသန်းဇော်အောင်က လျှောက်လဲချက်ပေးအပြီး တရားရုံးအပြင်ဘက် မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီအယူခံလျှောက်ထားချက်အပေါ် သူတို့မျှော်လင့်ထားတာကိုလည်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က အခုလို ပြောပါတယ်။

"ကျနော်တို့တော့ ဒီအယူခံမှာ ဒီ အောက်တရားရုံးရဲ့ မူလအမှုစစ်တရားရုံးရဲ့ လွဲမှားမှုတွေကို အထက် အယူခံတရားရုံးကနေပြီးတော့ သေချာ သုံးသပ်လေ့လာတွေ့ရှိပြီးတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ဖို့အတွက် သူတို့ ဆုံးဖြတ်ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ နောက်တခါ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က သတင်းသမားအလုပ်ကို မီဒီယာ ဥပဒေ ကျင့်ဝတ်တွေနဲ့အညီ သူတို့လုပ်ဆောင်ခဲ့တာ ရိုးရိုးသားသားသတင်းသမားအလုပ်ကို လုပ်ခဲ့တာဖြစ်တယ်။ နောက်တခါ ဒီအောက်တရားရုံးက သက်သေပြရန်တာဝန်ကို အယူခံတရားလိုတွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ သတင်းထောက်တွေအပေါ်ကို ပုခုံးပြောင်းတာဝန်ပေးထားတာတွေကလည်း မသင့်တော်တဲ့ အကြောင်းအရာတခုပါ။"

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ လျှို့ဝှက်လို့ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေကို သူတို့ကိုယ်တိုင် သူတို့လက်ထဲမှာ ရယူသိမ်းဆည်း ထားတာမဟုတ်ဘဲ ရဲတပ်ဖွဲ့က သူတို့လက်ထဲကို စာရွက်စာတမ်းတွေ ထည့်ပေးပြီးတော့ ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့တာသာ ဖြစ်တယ်လို့ အရင်တရားရုံးတင်စစ်ဆေးချိန်မှာ သူတို့ကိုယ်တိုင်က အခိုင်အမာ ပြောထားဖူးသလို ဥပဒေအကျိုးဆောင်တွေက လည်း တရားခွင်မှာ အဲဒီအတိုင်း လျှောက်လဲခဲ့ကြတာပါ။ ဒီကနေ့ အယူခံကြားနာပွဲမှာလည်း ဒီကိစ္စကိုပဲ ထပ်ပြီး အသေအချာ ပြောခဲ့တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်ကပြောပါတယ်။

"ထောင်ချောက်ဆင် ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ဒီနေ့ သေသေချာချာလေးပြောခဲ့ပါတယ်။ ကျနော်တို့ အောက်တရားရုံးမှာ စစ်တဲ့အထဲမှာ လူသတ်သေထွက်ချက်တွေနောက်ပြီးတော့ စာရွက်စာတန်းတွေအချင်းချင်းမှာကိုက မှားယွင်းမှုတွေက ရှိခဲ့ပြီးသား ၊ အောက်တရားရုံးရဲ့ တရားလိုပြသက်သေတွေ ရဲတပ်ဖွဲ့ဝင်တွေ၊ နောက် အရပ်သားသက်သေတွေရဲ့ ထွက်ဆိုချက်မှာကိုက မှားယွင်းချက်တွေရှိပြီးသား အဲဒါတွေကို အောက်တရားရုံးမှာ ကျနော်တို့သေချာဖော်ပြထားတယ် အဲဒါတွေကို အမှုတွဲကို သေသေချာချာလေ့လာမယ်ဆိုရင် ဒီရဲတပ်ဖွဲ့ရဲ့ အမှုဆင်တယ်ဆိုတဲ့ဟာက ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။ ဆိုတော့ ဒီအယူခံတရားရုံးကနေ အောက်ရုံးအမှုတွဲကို သေသေချာချာ လေ့လာသုံးသပ်ပြီးတဲ့အခါကျရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်မှုဆိုင်ရာ ကိစ္စတွေကို ကတိကဝတ်ဖြည့်ဆည်းပေးနိုင်မယ်လို့တော့ ယူဆပါတယ်။"

ဒီကနေ့ အယူခံကြားနာပွဲမှာ နှစ်ဘက် ဥပဒေအကျိုးဆောင်တွေက အသီးသီး လျှောက်လဲချက်ပေးကြတာဖြစ်ပြီး သတင်း ထောက်တွေအတွက် လျှောက်လဲချက်ပေးသူကတော့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်သူ အယ်လ်ခွန်ရိန်ပန်ပါ။ သတင်းထောက်တွေဆီမှာ တွေ့ရတယ်ဆိုတဲ့ အထောက်အထား မှတ်တမ်းတွေဟာ လျှို့ဝှက်ချက်တွေမဟုတ်ဘူး၊ သူတို့ဟာ သတင်းထောက်တွေအနေနဲ့ သူတို့အလုပ်ကို သူတို့လုပ်တာသာဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်လုပ်ဆောင်တာ မဟုတ် သလို သူတို့အပေါ် စွဲတင်ခံရတဲ့ ပြစ်မှုဖြစ်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ် ၃ (၁) (ဂ) ကို ချိုးဖောက်မှုမရှိဘူးဆိုတာ အဓိက လျှောက်လဲ တင်ပြသွားပါတယ်။

တဖက်က အစိုးရရှေ့နေဖြစ်သူရဲ့ လျှောက်လဲချက်နဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင် ပြောပြတာကတော့

"ဥပဒေပိုင်းကတော့ တရားစွဲအဖွဲ့အစည်းပိုင်းက ဆုပ်ကိုင်ထားတာကတော့ သက်သေခံစာရွက်တွေလက်ထဲမှာတွေ့တယ်၊ တွေ့တဲ့အတွက် ဒါဖမ်းတယ်ပေါ့ဗျာ ၊ နောက်တခါ တယ်လီဖုန်းထဲမှာ တွေ့တဲ့အထောက်အထားတွေ ဒါတွေကလည်း နိုင်ငံတော် လျို့ဝှက်အဆင့်ဆိုတဲ့ စာရွက်စာတန်းတွေပေါ့ အဲဒါကိုပဲ တရားသေ ဆုပ်ကိုင်ပြီးတော့ ဒီလိုလျောက်လွဲချက်ပေးတာပေါ့နော် အဓိကတော့။"

ဒီကနေ့ကြားနာပွဲကို သတင်းမီဒီယာသမားတွေအပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ သံရုံးနဲ့အဖွဲ့အစည်းတချို့က တာဝန်ရှိသူ တွေ၊ လေ့လာသူတွေနဲ့ မိသားစုဝင်တွေပါ တက်ရောက်နားထောင်ကြပါတယ်။ ဒီထဲမှာ ကိုဝလုံးရဲ့ဇနီးဖြစ်သူ မပန်းအိမွန်လည်း အပါအဝင်ပါ။ ပြီးခဲ့တဲ့စနေနေ့ကပဲ ကိုဝလုံးနဲ့ ထောင်မှာ သွားတွေ့ခဲ့သေးပြီး သူတို့လည်း အကောင်းဆုံးမျှော်လင့်နေကြတယ်လို့ မပန်းအိမွန်ကပြောသလို သူကိုယ်တိုင်ရဲ့ဆန္ဒကိုလည်း အခုလိုပြောပြပါတယ်။

"ညီမကတော့ သူတို့၂ ယောက်စလုံးက ကိုယ်တွေ မိသားစုတွေကို သတင်းအလုပ်လုပ်ပြီးတော့ ရိုးရိုးသားသားနဲ့ သမာအာဇီဝအလုပ်ကိုပဲ ရှာကျွေးနေတဲ့လူ ၂ ယောက်ပေါ့နော် ။ မဟုတ်တာလည်း ဘာမှ မလုပ်ထားဘူး။ သူတို့ ဘဝတလျောက်မှာလည်း တခါမှ ဥပဒေနဲ့ ငြိစွန်းခဲ့တာ မရှိတဲ့အတွက် အမှန်တရားနဲ့ နေထိုင်တဲ့ သူတို့ ၂ ယောက်ကို အမြန်ဆုံးလွတ်မြောက်စေချင်တယ်။ "

ဒီကနေ့ အယူခံကြားနာပွဲပြီးတဲ့နောက် နောက်တဆင့်ကတော့ အယူခံတရားရုံးက အမိန့်ချမှတ်မှာဖြစ်ပြီး အမိန့်ချမှတ်မယ့်နေ့ကို ကြိုတင်ကြေညာမှာဖြစ်ပါတယ်။ ဘယ်နေ့မှာ ဆုံးဖြတ်ချက်ချမယ်ဆိုတာကို လောလောဆယ် အတိအကျ မသိရသေးပေမယ့် လည်း နောက်နှစ် ဇန်နဝါရီလထဲလောက်မှာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG