သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းသမား ၂ ဦး လွတ်မြောက်ရေး လူ့အခွင့်အရေးရှေ့နေ Amal Clooney တောင်းဆို


Amal Clooney
Amal Clooney

အင်းစိန်အကျဉ်းထောင်မှာ အဖမ်းအဆီးခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့လွတ်မြောက်ရေး တွန်းအားပေးမှုတွေက ကုလသမဂ္ဂအထွေထွေညီလာခံအထဲထိ ရောက်လာပါပြီ။

အင်းစိန်အကျဉ်းထောင်မှာ အဖမ်းအဆီးခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့လွတ်မြောက်ရေး တွန်းအားပေးမှုတွေက ကုလသမဂ္ဂအထွေထွေညီလာခံအထဲထိ ရောက်လာပါပြီ။ မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေ ထွေညီလာခံရဲ့ သီးခြားကျင်းပတဲ့ ကမ္ဘာတဝှမ်း အဖမ်းဆီးခံ သတင်းသမားများဆိုင်ရာ ဆွေးနွေးပွဲမှာ သတင်းအဖွဲ့ အစည်း တွေနဲ့ သတင်းလွတ်လပ်ခွင့်လှုပ်ရှားသူတွေက အခုလိုတိုက်တွန်းခဲ့ကြတာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ရှင်းပြ ပါလိမ့်မယ်။

နယူးယောက်မြို့မှာကျင်းပနေတဲ့ ၇၃ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ သီးခြားဆွေးနွေးပွဲတခုမှာ အဖမ်းဆီးခံ သတင်းသမားတွေလွတ်မြောက်ရေးအကြောင်း မနေ့က ဆွေးခဲ့ကြပါတယ်။ အီဂျစ်၊ ကာရ်ဂစ်စတန်၊ ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာနိုင်ငံတွေက အဖမ်းဆီးခံ သတင်းထောက်တွေအကြောင်းကို အဓိကထားပြီးပြောဆိုခဲ့ကြတာဆိုပေမဲ့လည်း အစည်းဝေး ရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို လွှမ်းမိုးထားတာက ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့အကြောင်းပါပဲ။ အခမ်းအနားရဲ့ ပင်တိုင်ဆွေး နွေးသူတွေက နယူးယောက်အခြေစိုက် CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မီတီက အမှုဆောင် ညွှန်ကြားရေးမှုး Joel Simon၊ Reuters သတင်းဌာနရဲ့ဥက္ကဌ Stephen Alderနဲ့ လူ့အခွင့်အရေးရှေ့နေ Barrister Amal Clooney တို့ဖြစ်ပါတယ်။ ဆွေးနွေးပွဲအစပိုင်းမှာပဲ ကိုဝလုံးတို့၂ဦး အဖမ်းခံရတဲ့ဖြစ်စဉ်အကျဉ်းနဲ့ သူတို့ရဲ့ဇနီးသည်တွေရဲ့ တုန့်ပြန်မှုတွေအကြောင်း ဗီဒီယိုပြသခဲ့ပြီး လွန်ခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝှမ်းအဖမ်းခံခဲ့ရတဲ့ သတင်းသမားတွေက မကြုံဖူးအောင် များခဲ့တယ်လို့ CPJ အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး Joel Simon ကပြောပါတယ်။

“အဖမ်းခံရတဲ့သတင်းသမားအရေအတွက်က မကြုံဖူးလောက်အောင်ကိုမြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ကမ္ဘာတဝှမ်းမှာ သတင်းသမား ၂၆၂ဦး အဖမ်းခံခဲ့ရပါတယ်။ ဒီအရေအတွက်က CPJ အဖွဲ့ရဲ့မှတ်တမ်းမှာ အမြင့်ဆုံးပါ။ တူရကီနိုင်ငံမှာ ၇၃ဦး၊ တရုတ်နိုင်ငံမှာ ၄၁ဦး၊ အီဂျစ်နိုင်ငံမှာ ၂၀ ဒီသုံးနိုင်ငံပေါင်းအဖမ်းခံ သတင်းသမား ၁၃၄ဦးရှိပါတယ်။ ဒါပေမဲ့ဒီကနေ့အခမ်းအနားမှာ အရေအတွက်အကြောင်းကို ကျနော်တို့ပြောမှာမဟုတ်ပါဘူး။ အဖမ်းခံသတင်းသမားတွေ အကြောင်းကိုပြောမှာပါ။”

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ကျေးရွာက မူဆလင်အမျိုးသား(၁၀) ဦး ပြီးခဲ့တဲ့နှစ်တုန်းက အခုလိုအချိန်မှာအသတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး သတင်းလိုက်နေတဲ့ ရိုက်တာစ်သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဘယ်လို့အဖမ်းခံခဲ့ရ သလဲဆိုတာနဲ့ပတ်သက်ပြီး ရိုက်တာစ်သတင်းဌာနရဲ့ဥက္ကဌ Stephen Alderက ရှင်းပြပါတယ်။ သူတို့၂ဦးလွတ်မြောက်တဲ့ အထိ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့လည်း ကတိပြုပါတယ်။

“ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ဟာ မတရားသဖြင့်အဖမ်းခံခဲ့ရပါတယ်။ မတရားသဖြင့် စီရင်ချက်ချခံခဲ့ရပြီး မတရားသဖြင့် ထောင်ဒဏ်တွေချမှတ်ခံခဲ့ကြရပါတယ်။ သူတို့တွေဟာ ထောင်ထဲမှာ နောက်တရက်တောင်ထပ်ပြီး ရှိမနေသင့်ပါဘူး။ သူတို့ရဲ့ ကိုယ်စား ကျနော်တို့က သူတို့လွတ်မြောက်ရေးကို မလွတ်မချင်းလုပ်သွားမှာပါ”

မနေ့ကဆွေးနွေးပွဲမှာ လူတွေစိတ်ဝင်စားမှုအများဆုံးခံရတာကတော့ လူ့အခွင့်အရေးရှေ့နေ Barrister Amal Clooney ပါ။ သူက ကိုဝလုံးတို့၂ဦးလွတ်မြောက်ရေး နိုင်ငံတကာဥပဒေအကျိုးဆောင်တဦးအနေနဲ့ ဆောင်ရွက်ပေးနေသူဖြစ်ပြီး ဟောလီးဝုဒ်ရုပ်ရှင်မင်းသား ဂျော့ချ် ကလူနီရဲ့ဇနီးလည်းဖြစ်ပါတယ်။ သတင်းထောက်၂ဦးလွတ်မြောက်ရေးက မြန်မာအစိုးရ လက်ထဲမှာရှိနေပါတယ်လို့ Amal Clooneyကဆိုပါတယ်။

“ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့၂ဦးဟာ သူတို့ရဲ့အိမ်ထောင်ဦးအစ မိသားစုဘဝမှာပဲ မိသားစုတွေနဲ့ခွဲခွါနေရတာ တနှစ်နီးပါးရှိပါ ပြီ။ တရားရုံးမှာ သူတို့ဟာ မမှန်မကန်တရားစီရင်ခံခဲ့ကြရပါတယ်။ သူတို့ကို ထောင်ဒဏ် ၇နှစ်စီချမှတ်လိုက်တာဟာ တရား မျှတမှုအစော်ကားခံရတဲ့အဖြစ်ပါ။ သူတို့တွေကို လွှတ်ပေးမလား ဆက်ဖမ်းထားမလားဆိုတာက အစိုးရအပေါ်မှာ မူတည်ပါတယ်။”

မြန်မာအစိုးရအနေနဲ့ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့၂ဦးကိုပြန်လွှတ်ပေးစရာ လမ်းကြောင်းရှိနေတဲ့အကြောင်းကိုလည်း မစ္စ Clooney ကထောက်ပြပါတယ်။

“ကိုဝလုံးတို့လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို လတွေနဲ့ချီပြီး မေးမြန်းခဲ့တာပါ။ အဲဒီတုန်းက ပြန်ဖြေတာကတော့ သူတို့အမှုက တရားရုံးမှာရောက်နေတဲ့ကာလဖြစ်လို့ အစိုးရအနေနဲ့ ဝင်ပါလို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ အခုတော့ ဒီအမှုက တရားရုံးမှာမရှိတော့ပါဘူး။ အစိုးရအနေနဲ့ ဝင်ပါလို့ဖြစ်နိုင်ပါပြီ။ မြန်မာနိုင်ငံရဲ့အခြေခံဥပဒေပုဒ်မ ၂၀၄အရ နိုင်ငံတော်သမ္မတဟာ တရားစီရင်ချက်ချပြီးနောက်ပိုင်း အချိန်မရွေး အပြစ်ကနေ လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိပါတယ်။ သတင်းသမားတွေရဲ့မိသားစုတွေကလည်း အပြစ်ကနေလွတ်ငြိမ်းခွင့်ပေးဖို့လျှောက်ထားပြီးပါပြီ။ အစိုးရက တကယ်ပဲလုပ်ချင် တယ်ဆိုရင် ဒီကနေ့ပဲ လွတ်ငြိမ်းခွင့်ပေးလို့ရပါတယ်”

မစ္စ Clooney ဟာ ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့တဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှာ တက်ခဲ့တဲ့သူဖြစ်တာကြောင့် ဒေါ် စုက သူ့ရဲ့ သူရဲကောင်းတဦးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သတင်းထောက်၂ဦးလွတ်မြောက်အောင် တခါးဖွင့်ပေးမဲ့ သော့ကို ကိုင်ထားသူက ဒေါ်အောင်ဆန်းစုကြည်ပဲလို့လည်း မစ္စ Clooney ကပြောပါတယ်။

“သူဟာ နိုဘလ်ငြိမ်းချမ်းရေးဆုရှင်ပါ။ သူရော ကျမရော ပညာသင်ကြားခဲ့ဖူးတဲ့ အောက်စဖိုဒ့်တက္ကသိုလ်မှာ သူ့နာမည်ကို လူတိုင်းကပြောနေခဲ့ကြတာပါ။ ကျမကောလိပ်ကျောင်းသူဘဝမှာ သူက ကျမရဲ့သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက်လည်း သူက သူရဲကောင်းတဦးဖြစ်ခဲ့တာပါ။ တရားဥပဒေစိုးမိုးမှုကိုလေးစားပြီး လွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်လာရေးမှာ သူက မြန်မာလူငယ်တွေအတွက် မျှော်လင့်ချက်ဖြစ်ခဲ့ပါတယ်။”

“နိုင်ငံရေးအကျဉ်းသားဘဝက ဘယ်လိုလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်အသိဆုံးပါ။ အခုသူအိပ်ခဲ့တဲ့ သီးသန့်အကျဉ်းခန်းထဲမှာ ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ အိပ်နေရပါပြီ။ သူတို့၂ဦးလွတ်မြောက်ရေး၊ မိသားစုနဲ့ပြန်ဆုံရေး၊ သတင်းလွတ်လပ်ခွင့်၊ အမှန်တရားနဲ့ တာဝန်ခံတာဝန်ယူမှု၊ မြန်မာပြည်ဒီမိုကရေစီ ပိုဆန်လာရေးနဲ့ အောင်မြင်တိုးတက်ရေး တို့အတွက် သော့ကို ကိုင်ဆောင်ထားသူက ဒေါ်အောင်ဆန်းစုကြည်ပါ။ သူရဲ့လုပ်ရပ်တွေကို သမိုင်းကဆုံးဖြတ်ပါလိမ့်မယ်”

ကမ္ဘာတဝှမ်းက အဖမ်းခံခဲ့ရတဲ့သတင်းသမားတွေအားလုံးရဲ့ ၅၂ ရာခိုင်နှုန်းဟာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို သတင်း လုပ်ခဲ့တာကြောင့်လို့ CPJ အဖွဲ့ညွန်ကြားရေးမှုးကဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ အခု လိုအဖမ်းခံနေရတဲ့ပြဿနာတွေကိုဖြေရှင်းရေး စီမံကိန်းချပြီးဆောင်ရွက်ပေးဖို့လည်း မနေ့ကအခမ်းအနားကို ဦးဆောင် ကျင်းပခဲ့တဲ့ CPJ သတင်းသမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG