သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သတင်းထောက် ၂ ဦး လွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံကို RSF ပန်ကြား


ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြသူများ

လွန်ခဲ့တဲ့ငါးရက်က ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ပြန်လွှတ်ပေးဖို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် နယ်စည်းမထားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ အတွင်းရေးမှူးချုပ်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပန်ကြားလိုက်ပါတယ်။

သတင်းထောက်တွေရဲ့ တခုတည်းသောပြစ်မှုဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက ရိုဟင်ဂျာ အရပ်သား ၁၀ ယောက်ကို မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက သတ်ပစ်လိုက်တဲ့ဖြစ်ရပ်ကို စုံစမ်းခဲ့ တာသာဖြစ်တယ်လို့ RSF အတွင်းရေးမှူးချုပ် Christophe Deloire လက်မှတ်ရေးထိုးထားပြီး ဒေါ်အောင်ဆန်းစုကြည်ထံကိုပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ရဲမှူးမိုးရန်နိုင်က ဧပြီလ ၂၀ ရက်နေ့မှာ တရားရုံးမှာ ထွက်ဆိုထားတဲ့အတိုင်း သတင်းထောက် နှစ်ယောက်ကို ရဲတပ်ဖွဲ့က ထောင်ခြောက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတာ သိပြီးသားဖြစ်ပါတယ် လို့လည်း ရေးထားပါတယ်။

ဒီသတင်းထောက်နှစ်ယောက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တခုတည်းသော ပြောဆိုချက်အပေါ် အထူးပဲ ဝမ်းနည်းရ ပါတယ်လို့ဆိုပြီး ဂျပန်အခြေစိုက် NHK သတင်းဌာနနဲ့ ဇွန်လကလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူတို့ဟာ ရခိုင်ကိစ္စကို သတင်း ရေးသားဖော်ပြတဲ့အတွက် အဖမ်းခံရတာမဟုတ်ကြောင်း၊ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တဲ့အတွက်ကြောင့်သာ ဖြစ်ကြောင်း၊ အမှုကို ဆုံးဖြတ်တာဟာ တရားရေးပိုင်းနဲ့ပဲ သက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာကို အိတ်ဖွင့်ပေးစာမှာ ပြန်လည် ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ မဖြစ်မနေ အပေးအယူလုပ် ညှိနှိုင်းဆောင်ရွက်ရတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို သတိပြုမိပါတယ်လို့ လည်း ရေးထားပါတယ်။

ဒါပေမဲ့ ကိုယ်တိုင်ရဲ့ ကောင်းမွန်တဲ့ဂုဏ်သတင်းကို တည်ဆောက်ယူထားတဲ့ စံတန်ဖိုးတွေကို သစ္စာဖောက်သူအဖြစ် သမိုင်း မှတ်တမ်းတင်ခံရအောင် ဘယ်အရာကမှ အတင်းတွန်းပို့နေတာ မဟုတ်ပါဘူးလို့ Christophe Deloire ကရေးထားပါတယ်။

ဒါကြောင့်လည်း ရိုက်တာသတင်းထောက်နှစ်ယောက် လွတ်မြောက်ရေးအတွက် ချက်ခြင်း ဝင်ရောက် လုပ်ဆောင်ဖို့ မိမိတို့ တိုက်တွန်းတာဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ဆုံးလူတဦးဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ဟာ သတင်းထောက်တွေ ကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးဖို့ အာဏာရှိထားပါကြောင်း၊ ရဲစွမ်းသတ္တိအပြည့်နဲ့ နှစ်ပေါင်းများစွာ ကိုယ်တိုင် ခုခံကာကွယ် ခဲ့တဲ့ စံတန်ဖိုးတွေကို ထောက်ခံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီကနေ့မှာပဲ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်လို့ဆိုပြီး RSF အတွင်းရေးမှူးချုပ်ရဲ့စာကို အဆုံးသတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG