သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံ့ပုံရိပ် ရိုက်ခတ်မယ့် သတင်းထောက် ၂ ဦးအမှု ဘယ်လိုဆုံးဖြတ်မလဲ


နိုင်ငံတော် လျှို့ဝှက် အက် ဥပဒေနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာသတင်းဌာနသတင်းထောက် တွေရဲ့အမှုမှာ အပြစ်ရှိမရှိဆိုတာကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချတော့ မှာပါ။ ဒီလို စီရင်ချက် ချခါနီးမှာ ဒီအမှုနဲ့ပတ်သတ်လို့ သတင်းမီဒီယာအပါအဝင် နိုင်ငံတကာကပါ ဒီအမှုကို ဘယ်လို စီရင်ချက်ချမလဲ ဆိုတာကို အထူးစိတ်ဝင်စားနေကြပါတယ်။ ဒီအမှုရဲ့ တရားစီရင်ချက်က မြန်မာ့ဒီမိုကရေစီရေးနဲ့ သတင်း လွတ်လပ်ခွင့်ကို မီးမောင်းထိုးပြနိုင်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက စုစည်းတင်ပြထားပါတယ်။

လာမယ့် ၂၇ ရက်နေ့မှာ ရိုက်တာသတင်းထောက်တွေကို အပြစ်ရှိမရှိ စီရင်ချက်ချတော့မှာ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်နဲ့ပတ်သက်တဲ့ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ် တွေ့ရှိ တယ်လို့ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းထောက်၂ ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဖမ်းဆီး စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာတော့ ဒီသတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ တရားစွဲ ရုံးတင် စစ်ဆေးခဲ့ပြီး အမှုစစ် ဆေးလို့ ၉ လနီးပါးအကြာမှာ စီရင်ချက်ချတော့မှာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရိုက်တာ သတင်းထောက ၂ ဦးစလုံးကတော့ စွပ်စွဲချက်တွေအတွက် တရားလိုဘက်က သက်သေ ခိုင်ခိုင် လုံလုံ မပြနိုင်ခဲ့ကြောင်းနဲ့ သူတို့ဟာ ဘယ်တုန်းကမှ နိုင်ငံကို ထိခိုက်နစ်နာအောင် မလုပ်ခဲ့သလို သစ္စာ ဖောက်ခဲ့တာလည်းမရှိခဲ့တာမို့ တရားဥပဒေဘက်က မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပြီး သူတို့ လွတ်မြောက် မယ်လို့ မျှော်လင့်နေကြပါတယ်။

ရိုက်တာရှေ့နေတွေဘက်ကတော့ လျှို့ဝှက် အက်ဥပဒေနဲ့ ငြိစွန်းတာမရှိသလို သတင်းသမား တာဝန်ကိုသာ ထမ်းဆောင်ခဲ့ပြီး အပြစ်မရှိဘဲ ထောင်ခြောက်ဆင် ဖမ်းဆီးခံရတာလို့ ပြောဆိုထားပါတယ်။ ထောင်ချောက်ဆင်ဖမ်းခံခဲ့ရတယ်ဆိုတာကို ပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

ရိုက်တာသတင်းသမားတွေရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးသန်းဇော်အောင်ကတော့ ဒီအမှုဟာ မြန်မာ့ဒီမို ကရေစီ ရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို မီးမောင်းထိုးပြနိုင် မယ့် အကောင်းဆုံးသာဓကတခု ဖြစ်တယ်လို့ ဆိုပါတယ်။

“ဥပဒေပိုင်းနဲ့ပြောရရင် ဒါဟာ လုံးဝအပြစ်မပေးရမယ့်ကိစ္စ။ ဒါပေမယ့် အကြောင်းအချင်းရာမှာက အခုလက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်အများကြီးမူတည်တယ်။ နိုင်ငံကို ထိခိုက်တယ်လို့ ယူဆသူတွေရှိသလို တရား ဥပဒေစိုးမိုးရေးက အဓိကကျတယ်လို့ယူဆသူတွေ လည်းရှိတယ်။ အဲတော့ အကြောင်းအချင်းရာနဲ့ တွက်ရင်တော့ ဒါက အခြေအနေမကောင်းနိုင်ဘူး။ ဥပဒေပိုင်း အရကတော့ ဒါက လုံးဝအပြစ်မပေးသင့်တဲ့ အမှု တခုပါ။ ဒီအမှု ဆုံးဖြတ်ချက်က မြန်မာ့ဒီမို ကရေစီ ရေးကော၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး အပိုင်း တွေကို အားလုံးကို ဆုံးဖြတ်ပေးလိမ့်မယ်။”

စွဲချက်ဟာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့ရင် တည်ဆဲဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိ ပြစ် ဒဏ်ချမှတ်နိုင်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တွေ၊ ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာကလည်း ရိုက်တာသတင်း သမားတွေကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။

မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ သတင်းစာဆရာ ကိုဇေယျာလှိုင်ကတော့ သတင်းသမားပီပီ အမှန်တရားကို ချပြဖို့ လုပ်ဆောင်ခဲ့တဲ့ သူတို့တွေအတွက် တရားမျှတစွာ လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

“အဲဒီနေ့ရဲ့ဆုံးဖြတ်ချက်က လက်ရှိမြန်မာနိုင်ငံရဲ့တရားစီရင်ရေးနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ မီဒီယာအပေါ် ထားတဲ့ သဘောထားကို ကမ္ဘာကပါ မြင်ရမယ့် ကိစ္စပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီဆရာနှစ်ယောက် ရေးသားဖော်ထုတ် လိုက်တဲ့သတင်းကြောင့် အဲဒီမှာတာဝန်ရှိတဲ့ သူတွေမှာ အပြစ်ရှိတယ်ဆိုပြီး အပြစ်ပေးတာတွေလုပ်ပြီးသွားပြီ။ အရာရှိတွေ။ … ဆိုတော့ သူတို့ ဖော်ထုတ်တာက အမှန်တရားကိုဖော်ထုတ်ခဲ့တယ်ဆိုတာ - ဒါ သက်သေပဲ လေ။ အမှန်တရားကိုဖော်ထုတ်လို့အပြစ်ပေးအရေးယူတယ်ဆိုတာက ကျော်မကောင်းကြားမကောင်းတဲ့ ကိစ္စ လို့ပဲ ကျနော်တို့က မြင်ပါတယ်။ ကျနော်တို့ကတော့ လွတ်မြောက်ပါစေလို့ ဆုတောင်းပြီး လွတ်မယ်လို့ပဲ မျှော်လင့်ပါတယ်။ တရားရေးစနစ်ကလည်း အရင်စနစ်နဲ့မတူဘဲနဲ့ ကောင်းမွန်တဲ့ဘက်ကို ချဉ်းကပ်ပါစေလို့ပဲ ကျနော်တို့က ဆုတောင်းပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ကတိကဝတ်ပြုထားတဲ့တရားဥပဒေစိုးမိုးမှု၊သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီအတွက်အရေးကြီးတဲ့ခြေလှမ်းတရပ်ဖြစ်လာနိုင်တဲ့ တရားရုံးကနေ သူတို့ကို လွှတ်ပေးတာကို ကျနော်တို့ မျှော်လင့်နေ ပါတယ်လို့ ရိုက်တာက ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ရှေ့နေ ဦးသိန်းသန်းဦးကတော့ ဒီအမှုနဲ့ပတ်သတ်လို့ အာဏာပိုင်တွေရဲ့အရေးယူမှုအပေါ် အခုလို သုံးသပ်လိုက်ပါတယ်။

“ပကတိအခြေအနေနဲ့ဆို ထောင်ချမှာပါပဲ။ ဒါက သူတို့က မလွဲမသွေကိုချရမှာ။ ဒီမှာ ဖြစ်စဉ်ကြီးက တကယ်က တော့ အင်းဒင်ကို အခြေခံတာပေါ့နော်။ အဲဒီဇာတ်လမ်းကြီးကို သူတို့က ငြင်းကွယ်နေရတာကိုး။ ဒါတွေက ကျန်တဲ့ သတင်းအဖွဲ့အစည်းတွေက မလျော်မကန်ဝါဒဖြန့်ချိနေပြီးတော့ နိုင်ငံတကာတွေက မတော်မတရား လုပ်တာပါ-လို့ ပြောရမှာ ဖြစ်တဲ့အတွက် မလွှဲမသွေ ချမှာ-နော်။ ဥပဒေသဘောအရဆိုရင်တော့ ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ နောက်တခါ - free of information – တားမြစ်တဲ့အချက်က လွတ်လပ်စွာ သတင်းရယူခွင့်မရှိဘူး။ အာဏာပိုင်ကနေဆွဲရင်၊ ပြည်ထဲရေးကဆွဲရင် ဘယ်တော့မှ အမှန်တရားမရနိုင်ဘူး။”

တချိန်တည်းမှာပဲ ရိုက်တာ သတင်းထောက်နှစ်ယောက်အဖမ်းခံရတဲ့ ကိစ္စဟာ မြန်မာနိုင်ငံ အရပ်သား အစိုးရ လက်ထက် သတင်းလွှတ်လပ်ခွင့် အခြေအနေကို တိုင်းတာတဲ့ ပေတံတခု အဖြစ်လည်း နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေ သတင်းသမားကာကွယ်ရေးအဖွဲ့တွေက ထောက်ပြ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG