သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်အမှု ရိုက်တာသတင်းဖေါ်ပြချက် တပ်မတော်စုံစမ်းပြီးမှ တုံ့ပြန်မည်


(1/1)Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။
(1/1)Reuters Investigates: Massacre in Myanmar မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်။

ရိုက်တာသတင်းဌာနက မကြာသေးခင်က ထုတ်ဖော်လိုက်တဲ့ အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့တပ်မတော်ဘက်က တော့ ဒီသတင်းဟာမှန်ကန်မှုရှိမရှိမစုံစမ်းပြီးမှသာ ထုတ်ဖော်ပြောဆိုမယ်လို့ဆိုလိုက်ပါတယ်။ ရိုက်တာသတင်းရေး သားမှုနဲ့ပတ်သတ်လို့ကတော့အမျိုးမျိုးထောက်ပြပြောဆိုမှုတွေလည်းရှိနေသလို ဒီလိုစုံစမ်းစစ်ဆေးမှုက တဖက်ထဲမလုပ်ဘဲ အာဆာအကြမ်းဖက်အဖွဲ့လုပ်ဆောင်မှုတွေပါ စုံစမ်းဖို့လိုတယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကတော့ဆိုနေကြပါ တယ်။ ရိုက်တာထုတ်ဖော်မှုနဲ့ပတ်သတ်လို့ အစိုးရဘက်ကတော့ဘာမှ ထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ဒီသတင်း ကို ဗွီအိုအေသတင်းဌာနကမေခကပေးပို့ထားပါတယ်။

မနေ့ကထုတ်တဲ့ ရိုက်တာထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိဖမ်းဆီးခံရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ဒီသတင်းစုံစမ်းမှုကြောင့် ရဲတပ်ဖွဲ့က ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့ လျို့ဝှက်အချက်အလက်တွေ ရယူမှုနဲ့ အမှုဆင်ကာဖမ်းခဲ့တယ်လို့ သဘောသက်ရောက်စေတာမျိုးကိုဖော်ပြထားပါတယ်။ ဒီအပြင် မကြာသေးခင်က တပ်မတော်ဘက်က အင်းဒင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ထုတ်ပြန်ထားမှုဟာလည်း တကယ့်လက်တွေ့နဲ့ကွဲလွဲနေတယ် လို့ဖော်ပြထားပြန်ပါတယ်။

အင်းဒင်မှာရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေနေတဲ့နေရာတွေကို တပ်မတော်ဘက်က ရှင်းလင်းရန်အမိန့်ပေးခဲ့ကြောင်း လက်နက်ကိုင်ရဲတပ်ဖွဲ့ အချို့ကလည်း အစ္စလာမ်ဘာသာဝင်တွေပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်လို့ဖော်ပြထားပြီး အင်း ဒင်ကျေးရွာက အစ္စလာမ် ဘာသာဝင် ၁၀ဦး သေ ဆုံးမှုက ခြေလ ျှင်တပ် ၃၃၊ နယ်ခြားစောင့်ရဲများနဲ့ နယ်မြေခံရွာသား တွေသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာပါ။

တပ်မတော်ဘက်ကတော့ ဒီအင်း ဒင်ကျေးရွာက အစ္စလာမ် ဘာသာဝင် ၁၀ဦး သေ ဆုံးမှုကစုံစမ်းစစ်ဆေးမှုတွေအရ ဒီလူတွေ ဟာ တပ်မတော်က ဖမ်းဆီးထားခဲ့တဲ့ အကြမ်းဖက်သမားတွေ ဖြစ်ကြပြီး၊ လုံခြုံရေးအခြေအနေအရ ရဲတပ်ဖွဲ့ကို မလွဲှပြောင်းနိုင်ဘဲ သတ်ဖြတ်မြှုပ်နှံခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပြီး ဒီအတွက်ပါဝင်သူ တွေကို အရေးယူမယ်လို့ပြောထားပါတယ်။

ဒါနဲ့ပတ်သတ်လို့ တပ်မတော်သတင်းအမှန်ပြန်ကြားရေးက ညွှန်ကြားရေးမှုး ဗိုလ်ချုပ် ထွန်းထွန်းညီကို ဗွီအိုအေက လက်ရှိဖမ်းဆီးခံရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရမှုဟာ အင်းဒင်ကိစ္စမှုနဲ့ သက်ဆိုင်ခြင်းရှိ-မရှိအပါအဝင် ရိုက်တာသတင်းဖော်ပြမှုတွေနဲ့ပတ်သတ်ပြီး မှမေးမြန်းရာ

"လက်တလော အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ကို ဘာမှ ပြောထားတာ မရှိသေးဘူး။ ပြောစရာမရှိသေးပါဘူးခင်ဗျ ။ ဖြစ်စဉ်တခုမှ ဘာမှ သေသေချာချာ မရှိသေးပဲနဲ့ ဘာမှ ပြောနိုင်တဲ့အနေအထား မျိုးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီစွပ်စွဲချက်တွေ မှန်သလား မမှန်ဘူးလားဆိုတာ ကျနော်တို့ သေသေချာချာ မသိပဲနဲ့ ဘာမှပြောလို့ရတဲ့အနေအထားမရှိဘူးလေ။ လက်တလောတော့ ဘာမပြောနိုင်သေးပါဘူးနော်။ ကျနော်တို့ သေချာသိရရင်တော့ ပြောပေးမှာပါ။ ကျနော်တို့ကတော့ no COMMENT ဆိုတာကို တခြားအဓိပါ္ပယ် မဖွဲ့ရင်တော့ ကျနော့်မှာ COMMENT ပေးစရာမရှိသေးပါဘူး။"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဒီဖြစ်စဉ်မျိုးမဖြစ်အောင်လုပ်ဆောင်ဖို့ ၂ဖက်စလုံး ရဲ့လုပ် ဆောင်မှုကို ဖော်ထုတ်ဖို့ တောင်းဆိုလာပါတယ်။

"တပ်မတော်အနေနဲ့ ဒီလို ကျူးလွန်တယ်ဆိုတာကတော့ ဘင်္ဂါလီတွေပဲ သပ်သပ်ဖြစ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့လည်း အများကြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေက မှန်မှန်ကန်ကန်ဖြစ်လာသလို ဟုတ်တယ် ဆိုရင်တော့ ဖော်ထုတ်အရေးယူရမှာပေါ့။ သတင်းဌာနတွေပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂ ပဲ ဖြစ်ဖြစ် အမေရိကန်ဖြြစ်ဖစ်ပေါ့နော် တပ်မတော်ဘက်ကနေ အင်အားအလွန်အကျွံသုံးပြီးတော့ လုပ်တဲ့ ကိစ္စတွေ ဖော်ထုတ်တယ်၊ အရေးယူ တောင်းဆိုတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာမရှိဘူး အန်ကယ်တို့အနေနဲ့။ ဘာလိုအပ်နေသလဲဆိုတော့ မနှစ်က အရေးအခင်းမတိုင်ခင်မှာ လူ ၉၀ ကျော်လောက်အသတ်ခံရတာရှိတယ်။ အရေးအခင်းကာလအတွင်းမှာ ဟိန္ဒူတွေအပါအဝင် တိုင်းရင်းသား ၁၀၀ ကျော်လောက် တွေအသတ်ခံရတယ်။ ဒီကနေ့ ပြန်လာဖို့ ဆော်သြတဲ့ ဘင်္ဂါလီ လူကြီးတွေ အသတ်ခံရတာ ၂ မှု၊ ၃ မှု ရှိတယ်။ တဖက်တည်းကိုပဲ ရပ်ပြီးတော့ ပြောတာကတော့ အန်ကယ်တဦးချင်းအနေနဲ့ မကြိုက်ပါဘူး။ တဖက် ARSA အကြမ်းဖက် အဖွဲ့ရဲ့ လုပ်ရပ်တွေမှာလည်း ရာနဲ့ ချီပြီး သတ်ထားတာ တွေလည်း အများကြီးရှိပါတယ်။ ဒါတွေကိုလည်း ဖော်ထုတ်ပါ ။ အဲဒါမှ မဟုတ်ရင်တော့ အကြမ်းဖက်သမားတွေကို အကာအကွယ် ပေးရာရောက်လိမ့်မယ်။ ARSA အကြမ်းဖက်သမားတွေ အားကောင်းလာမယ့်ဟာတွေကိုတော့မလုပ်သင့်ဘူးလို့ မြင်တယ်။"

ရိုက်တာသတင်းရေး သားမှုနဲ့ပတ်သတ်လို့ကတော့ ပြည်တွင်းလေ့လာသုံးသပ်မှုတွေမှာ အမျိုးမျိုးသုံးသပ်နေတာရှိ နေပြီး ဒီအပေါ် ဦးမောင်မောင်စိုးက အခုလိုစုံစမ်းစစ်ဆေးဖော်ထုတ်မှုကို ကြိုဆိုလက်ခံပေမယ့် သတင်းရေးသားမှုပိုင်း ကိုတော့ခုလို သုံးသပ်ပြောဆိုလိုက်ပါတယ်။

"ရိုက်တာသတင်းဌာနရဲ့ သတင်းရေး သားပုံက နည်းနည်းအံသြစရာကောင်းပါတယ်။ ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်တဲ့လူတွေက သူတို့အသုံးအနှုန်းအရ ဗုဒ္ဓဘာသာဝင်တွေလို့ သုံးထားတယ်။ တဖက်ကို လူမျိုးရေးပြီး တဖက်ကို ဘာသာဝင်တွေလို့ သုံးထားတယ်။ လူမျိုးနဲ့ ဘာသာတွဲရေးရင် ဒီဘက်ကို လူမျိုးနဲ့ ဘာသာ တွဲရေးသင့်တယ်။ ဟိုဘက်ကို လူမျိုး ရေးပြီး ဒီဘက်ကို ဘာသာရေးတာက ဗုဒ္ဓဘာသာဝင်တွေကို ထိခိုက်စေတဲ့လုပ်ရပ်များဖြစ်တဲ့အတွက် ဒါအစွန်းရောက်တဲ့ ကိစ္စမျိုးဖြစ်တယ်လို့ မြင်ပါတယ်။"

ရိုက်တာထုတ်ဖော်မှုနဲ့ပတ်သတ်လို့ အစိုးရဘက်ကတော့ဘာမှ သီးခြားထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။ အာဆာ အကြမ်းဖက်မှုနောက်ပိုင်း အစ္စလမ်ဘာသာဝင်တွေ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရတယ်လို့ နိုင်ငံတကာမီဒီယာ တွေတော်တော်များများက ဖော်ထုတ်ရေးသားလာပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း AP သတင်းဌာနကလည်းထုတ်ဖော် ရေးသားလာခဲ့တာရှိပါတယ်။ ဒီအပေါ် အစိုးရဘက်ကငြင်းဆန်ထားပြီး AP သတင်းဌာနကို တရားစွဲမယ်လို့ဆိုခဲ့ဖူးပါ တယ်။ AP ဘက်ကတော့ သက်သေခိုင်မာရှိလို့ ပြန်လည်ရင်ဆိုင်သွားမယ်လို့ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG