သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူလစ်ဇာဆု ချီးမြှင့်ခံရတဲ့ ရိုက်တာ ဓါတ်ပုံသတင်းထောက်အဖွဲ့ထဲ မြန်မာပါဝင်


The Reuters Pulitzer Prize winning photography team
The Reuters Pulitzer Prize winning photography team

အမေရိကန်ပြည်ထောင်စုမှာသာမက နိုင်ငံတကာ သတင်း၊စာနယ်ဇင်းလောကမှာ ဂုဏ်သတင်းကြီးတဲ့ နှစ်စဉ်ချီးမြှင့်နေတဲ့ ပူလစ်ဇာဆု ပေးပွဲအခမ်းအနားကို နယူးရောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပရာမှာ သတင်းမှတ်တမ်းဓါတ်ပုံဆုအတွက် မြန်မာဓါတ်ပုံသတင်းသမား ကိုစိုးဇေယျထွန်း ပါဝင်တဲ့ ရိုက်တာ ဓါတ်ပုံသတင်းထောက် အဖွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ ပဋိပက္ခ သတင်းမှတ်တမ်းတင် ဓါတ်ပုံတွေအတွက် ရိုက်တာ သတင်းဌာနကို ပူလစ်ဇာဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

The Reuters Pulitzer Prize winning photography team
The Reuters Pulitzer Prize winning photography team

ကိုလံဘီယာတက္ကသိုလ် အဓိပတိ Lee Bollinger ကနေ ဒီနှစ်အတွက် အကောင်းဆုံး သတင်းဓါတ်ပုံဆုအဖြစ် ရိုဟင်ဂျာတွေအပေါ် ညှမ်းပန်းနှိပ်စက်မှုတွေကို ကမ္ဘာသိအောင် တုန်လှုပ်ဖွယ်ရာ သတင်းမှတ်တမ်းဓါတ်ပုံတွေနဲ့ ဖေါ်ထုတ်နိုင်ခဲ့တဲ့ ရိုက်တာ သတင်းသမားတွေကို ချီးမြှင့်လိုက်ကြောင်း ကြေညာသွားတာပါ။

မြန်မာနိုင်ငံဘက်ခြမ်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် လှေတွေနဲ့ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ သတင်းဓါတ်ပုံတွေ၊ ပင်လယ်မှာ ရေနစ်သေဆုံးခဲ့တဲ့ ကလေးတွေအပါအဝင် ရိုဟင်ဂျာရုပ်အလောင်းတွေ၊ နှိပ်စက်ညှမ်းပန်းမှုကြောင့် ကိုယ်ခန္ဓာနေရာအနှံမှာ ရထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ရိုဟင်ဂျာရွာတွေ မီးလောင်ခံထားရပုံတွေ စတဲ့ တုန်လှုပ်ဖွယ်ရာ ရာနဲ့ချီတဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်အထိ ဖိနှိပ်မှုတွေ ရင်ဆိုင် ခဲ့ရသလဲဆိုတာ ကမ္ဘာက သိရှိအောင် ထုတ်ဖေါ်နိုင်တဲ့အတွက်ကြောင့် ပူလစ်ဇာဆု- သတင်းဓါတ်ပုံအတွက် ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း ဆုရွေးချယ်ရေး ဘုတ်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာပဋိပက္ခ သတင်းဓါတ်ပုံအတွက် ၂၀၁၈ ပူလစ်ဇာဆုချီးမြှင့်ခံရတဲ့ ရိုက်တာ ဓါတ်ပုံသတင်းသမားတွေကတော့ မြန်မာနိုင်ငံက ကိုစိုးဇေယျထွန်းအပါအဝင်၊ အိန္ဒိယနိုင်ငံက Danish Siddiqui နဲ့ Mohammad Ponir Hossain၊ ဗြိတိန်နိုင်ငံက Hannah McKay အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ တရုတ် စတဲ့နိုင်ငံအခြေစိုက် ရိုက်တာ ဓါတ်ပုံသတင်းထောက် စုစုပေါင်း ၇ ဦးဖြစ်ပါတယ်။ ရိုက်တာသတင်းဓါတ်ပုံ ကမ္ဘာလုံးဆိုင်ရာ တာဝန်ခံတဦးဖြစ်တဲ့ Ricky Roger ကတော့ ရိုဟင်ဂျာ အကျပ်အတည်း သတင်းတင်ပြမှုမှာ ရိုက်တာဓါတ်ပုံသတင်းထောက်တွေ အဖွဲ့ရဲ့ ကြိုးပမ်းမှုအတွက် ဂုဏ်ယူမိကြောင်း အခုလိုပြောပါတယ်။

"ရိုက်တာအနေနဲ့ ပုံမှန်လုပ်နေကြထက် လူအများအပြားပါဝင်တဲ့ အဖွဲ့ကြီးတခု အနေနဲ့ ဒီသတင်းတင်ပြနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာပါ။ သူတို့တွေ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဆိုတာ ဒီဆုက သက်သေပြနေပါတယ်။"

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဂျပန်သတင်းထောက် ကင်ဂျိနာဂါအိ ပစ်သတ်ခံခဲ့ရတဲ့ ဓါတ်ပုံကို ရိုက်ယူနိုင်ခဲ့ပြီး အဲဒီဓါတ်ပုံနဲ့ ပူလစ်ဇာ သတင်းဓါတ်ပုံဆုရခဲ့တဲ့ နယူးရောက်အခြေစိုက် ရိုက်တာ ဓါတ်ပုံသတင်း အယ်ဒီတာ Adrees Latif ကလည်း-

"ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေ ကမ္ဘာသိအောင် ရိုက်တာ ဓါတ်ပုံသတင်းထောက်အဖွဲ့အနေနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့တာပါ။ ပင်လယ်လှိုင်းတွေကြား ကိုယ်တိုင်သွားရောက်ခဲ့ကြသလို၊ အခက်အခဲတွေရင်ဆိုင်ကျော်ဖြတ်ပြီး ရိုဟင်ဂျာ သတင်းတွေကို ဓါတ်ပုံအထောက်အထားတွေနဲ့တင်ပြနိုင်ခဲ့တာပါ။ အဲဒီအတွက်လည်း ကျနော် အလွန်ပဲဂုဏ်ယူပါတယ်။ အခုရိုဟင်ဂျာ သတင်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ သတင်းထောက်နှစ်ဦးရှိနေပါတယ်။ သူတို့တွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက်လည်း ကျနော်တို့ ဆုတောင်းပါတယ်။"

ကိုစိုးဇေယျထွန်းဟာ မြန်မာဓါတ်ပုံသတင်းသမားတဦးအနေနဲ့ ပထမဆုံးအကြိမ် ပူလစ်ဇာဆု ရရှိခဲ့တာဖြစ်သလို အင်ဒိုနီးရှားကျွန်းမှာ လူကုန်ကူးခံရတဲ့ မြန်မာငါးဖမ်းသမားတွေအကြောင်း စုံစမ်းဖေါ်ထုတ်နိုင်ခဲ့တဲ့အတွက် ၂၀၁၆ခုနှစ် ပူလစ်ဇာ စုံစမ်းထောက်လှမ်းတဲ့သတင်းထောက်ဆုကို အေပီသတင်းဌာနကိုချီးမြှင့်ရာမှာ မြန်မာနိုင်ငံက အေပီ သတင်းထောက် အယ်စတာ ထူးဆန် Esther Htusan လည်း ဆု ရရှိခဲ့တာပါ။

ဒီနှစ်အတွက် ပူလစ်ဇာ သတင်းဓါတ်ပုံဆုချီးမြှင့်ဖို့ ရိုက်တာသတင်းဌာနအပါအဝင် စကာတင်စာရင်းသွင်းခံရတဲ့ ဗင်နီဇွဲလားနိုင်ငံက အကြောင်း သတင်းဓါတ်ပုံရိုက်ထားတဲ့ နယူးရောက် တိုင်းမ်စ် သတင်းစာ၊ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေအကြောင်း ဓါတ်ပုံရိုက်ကူးထားတဲ့ Getty Images နဲ့ ရောဂါဝေဒနာခံစားနေရပေမယ့် ဘဝကိုအရှုံးမပေးတဲ့ အမေရိကန် လူငယ်လေးအကြောင်း သတင်းဓါတ်ပုံမှတ်တမ်းတင် ရိုက်ကူးထားတဲ့ San Antonio Express သတင်း တွေထဲက ရိုက်တာသတင်းဌာနကို ၂၀၁၈ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် နောက်ထပ်ပူလစ်ဇာဆုဖြစ်တဲ့ အကောင်းဆုံး နိုင်ငံတကာသတင်းတင်ပြမှု အတွက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေး စစ်ပွဲအတွင်း ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ဖော်ထုတ်တင်ပြခဲ့တဲ့ ရိုက်တာသတင်းဌာနကို ဒီနှစ်အတွက် ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ ရိုက်တာသတင်းဌာနအတွက် ပထမဆုံးအကြိမ် ပူလစ်ဇာဆု နှစ်ဆုကို တပြိုင်တည်း ချီးမြှင့် ခံခဲ့ရတာဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ကြီးကနေ သတင်းစာနယ်ဇင်း ပညာရပ်မြှင်တင်တဲ့အနေနဲ့ ၁၉၀၀ ခုနှစ်တဝိုက်ကနေ ပူလစ်ဇာဆုကို စတင်ချီးမြှင့်ခဲ့ရာမှာ ဆုရရှိတဲ့ အမည်စာရင်းကို ဧပြီလမှာ ကြေညာပြီး ကိုလံဘီယာတက္ကသိုလ် အဓိပတိကိုယ်တိုင်ချီးမြှင့်တဲ့ ဆုပေးပွဲနဲ့အတူ နေ့လည်စာအခမ်းအနားကိုတော့ ကိုလံဘီယာတက္ကသိုလ် ပရဝုဏ်အတွင်း မေလမှာ ကျင်းပတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG