သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ ဦး အယူခံ အုပ်ချုပ်ရေးက စွက်ဖက်မှာမဟုတ်လို့ အစိုးရပြောခွင့်ရဆို


ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေများ။ ဦးသန်းဇော်အောင် (ဝဲ)
ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေများ။ ဦးသန်းဇော်အောင် (ဝဲ)

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အယူခံမှုနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းအနေနဲ့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါ တယ်။ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကတော့ သူတို့ အယူခံတင်ထားတဲ့ အပေါ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုကို မျှော်လင့်ထားပါတယ်။ အပြည့်အစုံကို ကိုကောင်းစံဟိန်းက စုံစမ်းတင်ပြပေးထားပါတယ်။

အစိုးရလျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးက သူတို့မှာအပြစ်မရှိကြောင်းနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ အယူခံ လျောက်ထားချက်ကို ရန်ကုန်တိုင်းတရားရုံးချုပ်က လက်ခံထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးက ရိုက်တာသတင်းထောက် ၂ ဦးနဲ့ အယူခံအမှုနဲ့ပတ်သက်လို့ အခုလို ပြောသွား ပါတယ်။

“တရားရုံးကို တင်ပြထားတယ်။ တရားရုံးမှာပဲ ဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့က အုပ်ချုပ်ရေး ယန္တရားဖြစ်တဲ့အတွက် တစုံတရာ ပြောဖို့မရှိဘူး၊ တရားရုံးဆိုတာက သီးခြား လွတ်လပ် တဲ့ မဏ္ဍိုင်တခုဖြစ်တယ်၊ အဲဒီအတိုင်းပဲ သူတို့ ဆောင်ရွက်လိမ့်မယ်ပေါ့နော်။ ဒါလေးတော့ ပြောချင် တယ်။”

နိုင်ငံတော်သမ္မတနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်သစ်တွေ သောကြာနေ့က တွေ့ဆုံ တာမှာတော့ ရိုက်တာသတင်းထောက် ၂ ဦး အယူခံကိစ္စ၊ ဒုရဲမှူး မိုးရန်နိုင် မိသားစုကိစ္စ၊ ELEVEN သတင်းစာ ကိစ္စတို့နဲ့ ပတ်သက်တဲ့ တိုင်စာ ၃ စောင်ကို မီဒီယာကောင်စီက နိုင်ငံတော်သမ္မတကို ပေးခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ရန်ကုန်တိုင်းတရားရုံးချုပ်က ရိုက်တာသတင်းထောက်နှစ်ဦး အယူခံလျှောက်ထားချက်ကို လက်ခံ လိုက်ပြီးတဲ့ နောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကတော့ အယူခံတင် ထားတာနဲ့ပတ်သက်လို့ သူ့ရဲ့မျှော်လင့်ချက်ကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“မျှော်လင့်တာကတော့ ဥပဒေကြောင်းအရပြောလို့ရှိရင်တော့ အယူခံတရားရုံးက အောက်ရုံးအမှုတွဲ နဲ့ စီရင်ချက်ကို လေ့လာသုံးသပ်ပြီးလို့ရှိရင်တော့ ဒီအမှုဟာ မှားယွင်းတဲ့အကြောင်းအရာတွေ၊ နောက် မမျှတတဲ့ အကြောင်းအရာတွေကို သေချာသိသွားမယ်။ သိသွားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက် တခု ချမှတ်ပေးနိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်တာပေါ့နော်၊ ကျနော်ကတော့ အဲလောက်ပါပဲ။”

ရိုက်တာသတင်းဌာန အကြီးအကဲ Stephen Adler ကလည်း သတင်းထောက်နှစ်ယောက် လွတ်ငြိမ်း ချမ်းသာ ခွင့်ရမယ်လို့ သူ့အနေနဲ့ ဆက်ပြီး မျှော်လင့်ထားဆဲဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထပ်ပြောပါသေးတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ မွတ်စလင် (၁၀) ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက အစုအဝေးလိုက် ဥပဒေမဲ့ သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်လို့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦး သတင်းလိုက် စုံစမ်းနေချိန်အတွင်း အဖမ်းခံခဲ့ရတာပါ။

အဲဒီနောက် သူတို့နှစ်ဦးကို အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုအတွက် အပြစ်ရှိတယ်လို့ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ဆုံးဖြတ်ပြီး ဒီနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG