သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံ မူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး


တတိယနေ့ နိုင်ငံရေး ဆွေးနွေးမှု့ဆိုင်ရာ မူဘောင် သုံးသပ်ရေး အစည်းအဝေး (Photo by Hla Maung Shwe) Aug 13rd, 2016
တတိယနေ့ နိုင်ငံရေး ဆွေးနွေးမှု့ဆိုင်ရာ မူဘောင် သုံးသပ်ရေး အစည်းအဝေး (Photo by Hla Maung Shwe) Aug 13rd, 2016

မကြာခင် ကျင်းပတော့မယ် ၂၁ ရာစုပင်လုံအတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ဒီကနေ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တာ မှာ ဆွေးနွေးမှုအပြီး ရလဒ်အနေနဲ့ကတော့ လောလောဆယ် ဘာအဖြေ ရလဒ် တစုံတရာထွက်လာတာမရှိသလို အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ၇ ဖွဲ့ အနေနဲ့ ၂၁ ရာစုပင်လုံမှာဘယ်လို ပါဝင်နိုင်မလဲ ဆိုတာကိုလည်း တိတိ ကျကျ မသိရပါဘူး။ လာမယ့် သြဂုတ် ၁၅ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့မှသာ အဖြေရလဒ်တခုခု ထွက်မယ်လို့ ဆွေးနွေးပွဲတက်လာသူတွေက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် မေခက စုစည်းတင်ပြထားပါ တယ်။

နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးကို ဒီလ ၁၁ ရက်နေ့ကစတင်ကျင်းပပြီး ဆွေးနွေးနေကြတာပါ။ ဒီကနေ့ကတော့ ၃ ရက် မြောက် ပါ။ ဒီကနေ့မှာတော့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စား လှယ်တွေ ၃ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး (NCA) လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင် အစုအဖွဲ့ဘက်က ကိုယ်စားလှယ် ခူဦးရယ်ကတော့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့ပါတယ် လို့ပဲ ဖြေပါတယ်။

အလားတူပဲ ၂၁ ရာစုပင်လုံ ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကလည်း ဆွေးနွေးပွဲတွေက အပေါင်းလက္ခဏာ ဆောင်ပါတယ် လို့ ပြောပါတယ်။ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဦးလှမောင်ရွှေတော့ ခုလိုပြောပြပါတယ်။

“ဖိတ်ကြားခဲ့တဲ့နေရာမှာ လက်မှတ်ရေးထိုးခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်းတူ ဒီမှာ ဆွေးနွေးနိုင်ဖို့ ဖိတ်ခဲ့တယ်။ ဆွေးနွေးခွင့်မှာလည်း အားလုံးက တန်းတူအနေနဲ့ပဲ ဆွေးနွေးတာပါ။ ဆွေးနွေးတာအားလုံးက နံပါတ် (၁) ကတော့ အားလုံးပါဝင်ရေးကို အစိုးရဘက်က ဆက်ပြီး ဆွဲကိုင်ပြီးတော့ ဒီနည်းလမ်းအတိုင်း ဆက်ပြီး ညှိနှိုင်းနေတာရှိတယ်။ တိုးတက်မှုတွေလည်း အများကြီးရှိသလို ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့ ကျန်တာတွေလည်း ရှိပါတယ်။ ကျနော်တို့ဘက်က တင်ပြလိုတာကတော့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ၂ ရက်လုံးမှာ ကျနော် တို့ ကော်မတီဘက်ကတော့ ပိုပြီးတော့ ဆွေးနွေးနိုင်တဲ့အတွက်- တယောက်နဲ့ တယောက် နားလည်မှု နဂိုရ်ထက် ပိုပြီးတော့ ရှိတယ်လို့ ကျနော်တို့ကတော့ ယုံကြည်တယ်။ ”

မကြာခင်မှာ ၂၁ ရာစုပင်လုံကျင်းပတော့မှာပါ။ ဒီမှာ နိုင်ငံရေးဆိုင်ရာကိစ္စတွေ ကို ဆွေးနွေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လက်ရှိဆွေးနွေးချိန်ထိ NCA ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ ၇ ဖွဲ့ က ဘယ်လိုပုံစံနဲ့ တက်မလဲဆိုတာနဲ့ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တဲ့ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA) တို့ မှာလည်း အစိုးရနဲ့က ညှိနှိုင်းနေဆဲဖြစ်တာမို့ ဒီအဖွဲ့တွေ ဘယ်လို ပါဝင်မလဲ ဆိုတာ ကခုချိန်ထိအဖြေမရှိသေးပါဘူး။လာမယ့် သြဂုတ်လကုန်မှာ လုပ်မယ့် ၂၁ ရာစု ပင်လုံဟာ အချိန်အရမ်းနီးကတ်နေပြီဖြစ်ပါတယ်။ ဒီပြင် မကြာခင်က ကျင်းပခဲ့တဲ့ မိုင်ဂျာယန်ညီလာခံမှာ တိုင်းရင်းသား တွေဘက်က ၂၁ ရာစုပင်လုံ ကျင်းပမယ့် ရက်ကို လာမယ့်အောက်တိုဘာမှ ကျင်းပပေးဖို့ တောင်းဆိုမယ်ဆိုတဲ့ ဆုံးဖြတ် ထားတာတွေလည်း ရှိပါတယ်။ ညီလာခံကလည်း အရမ်းနီးကပ်နေတာကြောင့် အားလုံးပါဝင်ရေးနဲ့ပတ်သတ်လို့ ဗွီအိုအေက မေးမြန်းတဲ့အပေါ် ခူးဦးရယ်က အခုလိုဖြေကြားခဲ့ပါတယ်။

“တိတိပပတော့ ဆုံးဖြတ်ချက်ချတဲ့အနေအထားတော့ မဟုတ်သေးဘူးပေါ့။ ဒါက လည်း ဆက်လက် ညှိနှိုင်းကြရအုံးမယ့်အနေအထားမျိုးနဲ့ ကျနော်တို့ ထား ထားပါ တယ်။ မူဘောင်သုံးသပ်မှုကတော့ ဒီတကြိမ်တည်းနဲ့ ပြီးမှာတော့ မဟုတ်ဘူးပေါ့။ ဒါက အစပဲရှိပါသေးတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့လို NCA မှာ မပါရသေးတဲ့ အဖွဲ့အစည်းတွေအတွက် အသစ်ဖြစ်နေတဲ့အတွက် ကျနော်တို့က အခုမှ စ ပါဝင်ပြီးတော့ သုံးသပ်တဲ့အဆင့်ကို ပါရတဲ့အတွက်ကြောင့်မို့လို့ မူဝါဒ အချက်အလက်တွေနဲ့ပတ်သက်ပြီး ကျနော်တို့ဘက် ရှင်းရှင်းလင်းလင်း သိရှိ နားလည်ခြင်း အပြည့်အဝ မရှိသေးဘူးလို့လည်း ပြောလို့လည်း ရတာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ပါဝင် သုံးသပ်ရင်းနဲ့ပဲ ကျေလည်တဲ့အဆင့်မျိုးကိုသွားဖို့ တဖြည်းဖြည်း အချိန်ယူရအုံးမယ်လို့ ကျနော်တို့ဘက်ကတော့ နားလည်တယ်။ အချိန်လောက်မယ်၊ မလောက်ဘူးဆိုတာကတော့ အချိန်ကတော့ ကျနော်တို့ ဘယ်တော့မှ မလောက်ဘူး။ သေချာတယ်။ ဒါပေမယ့် သွားနိုင်သလောက်ကို ကျနော်တို့သွားမှာလေ။ ဖြစ်စဉ်က ဆက်သွားနေမှာပဲ။ ”

ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က အချက် ၅ ချက် တင်ပြခဲ့ပြီး တင်ပြချက် ၅ ချက်မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာလုပ်ငန်း ကော်မတီ ဖွဲ့စည်းဖို့၊ ညီလာခံအပြီး ဆက်လက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် စတာတွေ ပါဝင်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ လာမယ့် ၁၅ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့မှသာအဖြေထွက်မယ်လို့ ခူးဦးရယ်က ခုလိုပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အခုနက ပြောခဲ့တဲ့အတိုင်းပဲလေ။ ပူးတွဲကျင်းပရေး ကော် မတီမှာ ကျနော်တို့ပါဖို့ တင်ပြထားတယ်၊ ဒီဟာနဲ့ပတ်သက်ပြီး ၁၅-၁၆ ကျရင် ကျနော်တို့ သိရမယ်လို့ နားလည်တယ်။ အဲဒီအဖြေပေါ်မှာပဲ မူတည်ပါမယ်နော်။ တကယ်လို့ ပူးတွဲကျင်းပရေးကော်မတီမှာ ကျနော်တို့ ပါဝင်ခွင့်ရှိတယ်ဆိုရင် ကျနော်တို့ ownership ရတဲ့သဘော နားလည်လို့ရတယ်။ ownership သဘော ပါတဲ့အခါကျတော့ ကျင်းပမယ့်ညီလာခံကလည်း ကျနော်တို့ တက်ရောက်ခွင့် ရှိတာပေါ့၊ တက်ရောက်နိုင်တယ်ဆိုတဲ့အခြေအနေပေါ့။ ဘယ်လိုအရေအတွက်နဲ့ တက်ပါမလဲဆိုတာကတော့ လောလောဆယ် မှာတော့ ကျနော်တို့ ချင့်ချိန်နေတုန်းပဲ။ ကျန်တဲ့အဖွဲ့အစည်းတွေအတွက်တော့ ကျနော်တို့ ကိုယ်စားမပြောပေးနိုင်ဘူးပေါ့။ ကျနော်တို့ UNFC ထဲမှာပါတဲ့ အဖွဲ့အစည်းတွေကတော့ ဒီအနေအထားနဲ့ပါ။”

၃ ရက်တာဆွေးနွေးခဲ့တဲ့ ဒီရလဒ်တွေဟာ လာမယ့် ၁၅ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကို တင်ပြသွားဖြစ်ပြီး အဲဒီကနေမှ ဆုံးဖြတ်မှာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG