သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို သရော်တဲ့ အွန်လိုင်းပေါ်က တော်လှန်သင်္ကြန်သံချပ်များ


အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန် လို့ ရန်ကုန်လူငယ်များပြသကြ
အပျော်သင်္ကြန်မဟုတ် တော်လှန်သင်္ကြန် လို့ ရန်ကုန်လူငယ်များပြသကြ

လူမှုဘဝအထွေထွေကို ထောက်ပြပြီး ခေတ်အခြေအနေကို ထင်ဟပ်ဖော်ပြလေ့ရှိတဲ့ မြန်မာ့ရိုးရာသင်္ကြန်သံချပ်တွေဟာ ဒီနှစ်မှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုပဲ အဓိက ဦးတည်သရော်ထားတယ်လို့ လူငယ်သံချပ်အဖွဲ့တွေက ပြောပါတယ်။ အခက်အခဲတွေကြားကပဲ တိုင်းပြည်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တွေ၊ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက သံချပ်ထိုး သရော်ထားခဲ့ကြပြီး အွန်လိုင်းပေါ်ကနေ အများကိုဖြန့်ဝေခဲ့တဲ့အကြောင်း သတင်းပေးပို့ချက်ကိုတော့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။

"တော်လှန်စိတ်တွေ ရပ်တန့်မလားလို့ ရက်ရက်စက်စက်လူသတ်ပြတယ်။ လူတွေကိုသာ သတ်လို့ရမယ် တော်လှန်စိတ်ကို သတ်လို့မရဘူး။ တော်လှန်စိတ်များ ရပ်တန့်မလားလို့ ပြည်သူ့အိုးအိမ်မီးရှို့ပြတယ်။ အိမ်တွေကိုသာ ရှို့လို့ရမယ်တော်လှန်စိတ်ကို ရှို့လို့မရဘူး။ သတ္တိဗျတ္တိ အလွန်ပြောင်မြောက်တဲ့ အညာဒေသက ဒို့အမျိုးတွေအတွက် ဂုဏ်ယူတယ်ဆို ပြည်သူအချင်းချင်း ဝိုင်းလို့ကူကြ)"

စစ်အာဏာရှင်စနစ် ဆန့်ကျင်ပြီး ဒီမိုကရေစီ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီနှစ်မှာ သံချပ်ထိုးဖြစ်ခဲ့တယ်လို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ ဒေါင်းမျိုးဆက် တော်လှန်သံချပ် (မုံရွာ) အဖွဲ့ဝင်တယောက်လည်းဖြစ်တဲ့ ကိုခန့်ဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။

"သံချပ်ထဲမှာ အဓိကအကြောင်းအရာက အညာဒေသရဲ့ မီးလောင်ပြင်ပြာပုံတွေ ကြားထဲကပေါ့။ ခက်ခက်ခဲခဲနဲ့ ပြည်သူလူထုက ကြိုးစားရုန်းကန်နေကြတဲ့ အကြောင်းအရာတွေ နောက်တခုကတော့ စစ်တပ်ရဲ့အထိနာတဲ့ အကြောင်းအရာတွေပါတယ်။ နောက် စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ပြည်သူလူထုကို လှုံဆော်စည်းရုံးတဲ့အကြောင်းအရာတွေလည်းပါ ပါတယ်။"

ဒေါင်းမျိုးဆက် တော်လှန်သံချပ်အဖွဲ့ကိုတော့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့ဟာ စစ်အာဏာမသိမ်းခင်က နှစ်စဉ်သင်္ကြန်ကာလတိုင်း အလှပြယာဉ်တွေနဲ့ မြို့နယ်အလိုက် သံချပ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာတော့ တော်လှန်သင်္ကြန်အဖြစ် အသွင်ပြောင်းပြီး သံချပ်ထိုးခဲ့ကြတာပါ။ ခုချိန်မှာ သူတို့ရဲ့ သံချပ်ဗွီဒီယိုတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်ကနေပဲ ဖြန့်ဝေနိုင်တာလည်း ဖြစ်ပါတယ်။

"သေနတ်ထောက်ပြီး ပေးခိုင်းမယ့်မဲ၊ ဖိနှိပ်မှုက ဒီကအစ၊ ခြိမ်းခြောက်ဟိန်းဟောက် ဟန်လုပ်ပွဲကို ဒို့ပြည်သူတွေ ဆန့်ကျင်ကြဟေ့…"

နောက်ထပ် သံချပ်အဖွဲ့တခုကတော့ မီးလျှံဆိုတဲ့ သံချပ်အဖွဲ့ပါ။ အလားတူ သူတို့ကလည်း စစ်ကောင်စီ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အဓိက နှိုးဆော်တဲ့အနေနဲ့ သံချပ်ထိုးခဲ့တာ ဖြစ်တယ်လို့ သံချပ်အဖွဲ့ခေါင်းဆောင် ကိုဂျေပိုင် က ဗွီအိုအေကို ပြောပြပါတယ်။

"အဓိကကတော့ ပြည်သူတွေက ရွေးကောက်ပွဲကို ဆန့်ကျင်ပြီးသား ဖြစ်တယ်။ ဒါပေမဲ့ မသိသေးတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးတော့ ဘယ်လိုဘယ်လို ရှိပါတယ်ဆိုတာကို ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးတော့ စာတွေ၊ နိုင်ငံရေးသမားတွေ ပြောနေတာထပ်စာရင် သင်္ကြန်မှာ သံချပ်ထိုးပြီးတော့ ဒီအကြောင်းအရာ စုံထည့်တယ်။ ပြီးတော့ ဖက်ဒရယ်လမ်းကို သွားရမယ်ဆိုတာကိုပဲ လမ်းပြတာပေါ့။ ဒါမလုပ်ရင် ဘာလုပ်ရမလဲဆိုတာကို ပြည်သူတွေကို အသိပညာပေးတာပေါ့။"

အခုလို စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သရော်တဲ့ သံချပ် အတော်များများကိုတော့ အွန်လိုင်းတွေမှာပဲ တွေ့ရတာပါ။ ခေတ်အခြေအနေကို ထင်ဟပ်နေတဲ့ သင်္ကြန်သံချပ်တွေဟာ အရင် စစ်အစိုးရလက်ထက်တွေတုန်းကလည်း နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့ရပြီး အရပ်သား အစိုးရလက်ထက်မှာမှ ပြန်လည်ပေါ်လာခဲ့တာပါ။ အခုတကြိမ် အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း သံချပ်တွေ ပေါ်ပေါ်တင်တင် ဖန်တီးလို့ မရတော့တာကြောင့် အွန်လိုင်းပေါ်ကနေပဲ အဓိက ဖြန့်ဝေကြရတယ်လို့ သံချပ်ထိုးသူတွေက ပြောပါတယ်။

ဒီနှစ် သံချပ်တွေထဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ မသုံးဖို့အပြင်၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တွေက ပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီး၊ ညှဉ်းပန်းနှိပ်စက်၊ မီးရှို့သတ်ဖြတ်တာတွေကို အဓိက ဖော်ပြခဲ့ကြသလိုပဲ၊ အတိုက်အခံ NUG အဖွဲ့အနေနဲ့လည်း ပြည်သူတွေအတွက် ထိထိရောက်ရောက် အလုပ်လုပ်ဖို့ တောင်းဆိုတဲ့ သံချပ်တွေလည်း ပါဝင်ပါတယ်။

====Unicode ====











XS
SM
MD
LG