သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဝါရင့်သံတမန် ရစ်ချတ်ဒ် ဟိုးလ်ဘရွတ်ခ် အသက် ၆၉ နှစ် ကွယ်လွန်


မစ္စတာ ရစ်ချတ်ဒ် ဟိုးလ်ဘရွတ်ခ်။
မစ္စတာ ရစ်ချတ်ဒ် ဟိုးလ်ဘရွတ်ခ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဝါရင့်သံတမန်ကြီး ရစ်ချတ်ဒ် ဟိုးလ်ဘရွတ်ခ် (Richard Holbrooke) မနေ့ တနင်္လာနေ့က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ မစ္စတာ ဟိုးလ်ဘရွတ်ခ်ဟာ သောကြာနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အစည်းအဝေး လုပ်နေစဉ်မှာ ရုတ်တရက် နေမကောင်း ဖြစ်ခဲ့လို့ ဂျော့ချ် ဝါရှင်တန် ဆေးရုံမှာ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။

အသက် ၆၉ နှစ်အရွယ် မစ္စတာ ဟိုးလ်ဘရွတ်ခ်ရဲ့ နှလုံးဘယ်ဘက်ခြမ်း ပင်မသွေးလွှတ်ကြော ပေါက်သွားတဲ့အတွက် သွေးတွေ ခန္ဓာကိုယ်တွင်း ပျံ့နှံ့မှု ထိန်းချုပ်နိုင်အောင် သောကြာနေ့ကစပြီး နာရီ ၂၀ ကြာ ခွဲစိတ် ကုသပေးခဲ့ကြပါတယ်။ အခြေအနေ မသက်သာတာကြောင့် တနင်္ဂနွေနေ့ကတခါ ထပ်မံခွဲစိတ်ခဲ့ရပြီး မနေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက မစ္စတာ ဟိုးလ်ဘရွတ်ခ် ကွယ်လွန်သွားတဲ့အတွက် နှမြောတသ ဝမ်းနည်းကြေကွဲ ရပါတယ်လို့ မနေ့ညနေက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဝါရင့်သံတမန်ကြီး တဦးဖြစ်တဲ့ မစ္စတာ ဟိုးလ်ဘရွတ်ခ်ဟာ ကမ္ဘာမှာ အမေရိကန် ပြည်ထောင်စုရယ်လို့ အခိုင်အမာ ရပ်တည်နိုင်အောင်၊ ပိုပြီး လုံခြုံမှုရှိအောင်၊ အများက ပိုပြီး လေးစားလာအောင် အမေရိကန် နိုင်ငံခြားရေး မူဝါဒကို ပုံဖော်ပေးနိုင်ခဲ့တဲ့ တကယ့်စစ်မှန်တဲ့ မဟာသံတမန်ကြီးတဦး ဖြစ်ပါတယ်လို့ သမ္မတ အိုဘားမားက ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကလည်း မစ္စတာ ဟိုးလ်ဘရွတ်ခ်ဟာ နိုင်ငံရဲ့ စွမ်းရည်အထက်မြက်ဆုံး ချန်ပီယံ သံတမန်ကြီးဖြစ်ပြီး တာဝန်အကျေဆုံး ပြည်သူ့ဝန်ထမ်း တဦးလည်း ဖြစ်ပါတယ်လို့ ချီးကျူးလိုက်ပါတယ်။

မစ္စတာ ဟိုးလ်ဘရွတ်ခ်ရဲ့ အနှစ် ၅၀ ကြာ သံတမန်သက်တမ်းမှာ ကမ္ဘာတဝန်း သံတမန်တွေရဲ့ တခဲနက် ထောက်ခံမှုတွေ ရရှိခဲ့တယ်လို့လည်း ဝန်ကြီး ကလင်တန်က ဆိုပါတယ်။ အဲဒီအထဲမှာ အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ ပါကစ္စတန် သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) တို့လည်း ပါဝင်ပါတယ်။

မစ္စတာ ဟိုးလ်ဘရွတ်ခ် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ သံခင်းတမန်ခင်း စေ့စပ်ညှိနှိုင်းမှု တခုကတော့ ဘော့စ်နီးယား-ဟာဇီဂိုးဗီးနား ဒေတန် (Bosnia-Herzegovina Dayton) ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်ပါတယ်။

လူပေါင်း ၁၀၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ ဘော်လ်ကန်ဒေသ လူမျိုးစု ပဋိပက္ခ အဆုံးသတ်ရေး မစ္စတာ ဟိုးလ်ဘရွတ်ခ် ကြားဝင် စေ့စပ်ပေးနိုင်ခဲ့တာကြောင့် ဆားဗီးယား၊ ဘော့စ်နီးယားနဲ့ ခရိုအေးရှား ခေါင်းဆောင်တွေ ၁၉၉၅ ခု ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါတယ်။

အဲဒီတုန်းက အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ကလည်း မစ္စတာ ဟိုးလ်ဘရွတ်ခ်ဟာ စစ်နဲ့ငြိမ်းချမ်းရေး၊ လွတ်မြောက်ရေးနဲ့ ဖိနှိပ်မှုအတွက် ရွပ်ရွပ်ချွံချွံ ရှေ့တန်းက မားမားမတ်မတ် ရပ်ခဲ့တဲ့ သံတမန်ကြီး တဦးအဖြစ် ဂုဏ်ပြုလိုက်ပါတယ်။

XS
SM
MD
LG