သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Right to Recall ဥပဒေကြမ်း ထပ်မံတင်သွင်းမည်


ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

Right to Recall လို့ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ပြီး အခု ဖေဖော်ဝါရီလအတွင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီကို တင်သွင်းသွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပထမ လွှတ်တော်သက်တမ်းအတွင်း ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေကို မဲ ဆန္ဒရှင် ၁% ရဲ့ တိုင်တန်းမှုနဲ့ တာဝန်ကနေ ရုပ်သိမ်းတဲ့အထိ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်အပေါ် အခြေအတင်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို ဆိုင်းငံ့ထား ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

Right to Recall လို့ ခေါ်တဲ့ လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်တာမို့ အခုလအတွင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီကို တင်သွင်းသွားမယ်လို့ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ် ဥပဒေကြမ်းကော်မတီကို ပေးလိုက်မှာပဲ အဲဒီ Draft ကို၊ ဟိုမှာသူတို့က ဥပဒေကြမ်းကော်မတီက ဆွေးနွေးပြီးမှ တင်ပြရုံပဲရှိတယ် ဘာပြင်မလဲဆိုတာတော့ လွှတ်တော်က ပြင်ပေါ့၊ ပြင်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးကြပေါ့ ၊ နောက်ဘယ်လောက် တင်မလဲဆိုတော့ ကျနော်တို့ ဒီလထဲမှာ တင်မှာပဲ။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်မြင့်ကလည်း Right to Recall ဥပဒေ ကြမ်း ရေးဆွဲပြီးဖြစ်ကြောင်း ဒီကနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးမှာ ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်အမတ် ဦးသောင်းအေးရဲ့ "လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဌာန်းပေးဖို့ အစီအစဉ် ရှိ၊ မရှိ" မေးခွန်းကို ပြန်လည် ဖြေကြားခဲ့တာလည်းရှိပါတယ်။

ဒီဥပဒေကြမ်း အတည်ပြုရေးနဲ့ ပတ်သက်လို့ ပြီးခဲ့ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ပထမ လွှတ်တော် သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ပြီး လွှတ်တော်အမတ်တွေကို မဲဆန္ဒရှင် ၁% ရဲ့ တိုင်တန်းချက်နဲ့ ခေါ်ယူ စစ်ဆေးပြီး တာဝန်ကနေ ရုပ်သိမ်းနိုင်တယ်ဆိုတဲ့ အချက်အပေါ် အခြေအတင် ငြင်းခုံခဲ့ကြတာပါ။

Right to Recall လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းနဲ့ ပတ်သက်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ) မှာ မူလမဲဆန္ဒရှင် ၁% က တာဝန်က ပြန်လည်ရုပ်သိမ်းလိုတဲ့ လွှတ် တော်အမတ်နဲ့ ပတ်သက်တဲ့ တိုင်တန်းချက် ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမယ်ဆိုတဲ့ အချက် ပါဝင်နေတာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့ တတ်နိုင်သလောက် ဒီဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်ရေးဆွဲထားပြီး မဲဆန္ဒရှင် ၁% တိုင်တန်းချက်နဲ့ ပတ်သက်လို့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကတဆင့် ပဲ ပြောင်းလဲနိုင်မယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ပြောပါတယ်။

“အရင်တုန်းကလိုတော့ ပြဿနာဖြစ်မှာမဟုတ်ဘူး၊ ကျနော်တို့ အဲလိုသုံးသပ် တယ်ပေါ့နော်၊ သို့သော် ဒီ ၁% ဆိုတဲ့ ကိစ္စကလည်း ရှိသေးတာကို အဲဒါက Constitution ပြင်မှပဲဖြစ်မှာ ၊ ဥပဒေကြမ်းမှာတော့ လွယ်လွယ်လုပ်လို့မရအောင်တော့ ရေးထားတာပေါ့ လှေကား အထစ်ကလေးတွေ အထစ်ကလေးတွေ လုပ်ထားတာပေါ့နော်။”

ကိုယ့်မဲဆန္ဒနယ်က လွှတ်တော်အမတ်ကို တာဝန်ကနေ ရုပ်သိမ်းနိုင်ခွင့်ဆိုတာ နိုင်ငံသား တဦးချင်းစီရဲ့ အခွင့် အရေး ဖြစ်ပေမယ့် Right to Recall ဥပဒေကြမ်းမှာတော့ သက်သေမပါတဲ့ သာမန်စွပ်စွဲချက်တွေ၊ ငွေကြေး ဒါမှ မဟုတ် တဦးတယောက်ရဲ့ ဖိအားကြောင့် တိုင်တန်းမှုတွေကို အထမမြောက်အောင် လုပ်နိုင်တဲ့အချက်တွေ ပါဝင်ဖို့လည်း လိုတယ်လို့ ထောက်ပြသူတွေလည်းရှိပါတယ်။

လွှတ်တော် အမတ်ဟောင်းတဦးဖြစ်တဲ့ ဦးခိုင် မောင်ရည်ကတော့ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ ပါဝင်သင့်တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခုလိုသုံးသပ်ပါတယ်။

“ဒီဥပဒေမှာ နိုင်ငံသားတွေရဲ့အခွင့်အရေးမှန်သလို တိုင်တန်းမှုတွေမှာ သက်သေအသေအချာမပါတဲ့ နောက်ပြီးတော့ သာမန်စွပ်စွဲချက်မျိုးအနေနဲ့ တင်ပြတာမျိုးတွေကို လက်ခံလို့မရတဲ့အချက်မျိုးတွေ ပါရပါမယ်။ ပြီးတော့ အဖွဲ့အစည်းတခုခုက အနိုင်ရထားတဲ့ ပါတီလွှတ်တော်ကိုယ်စားလှယ်တဦးဦးကို မကျေနပ်လို့ တမင်လုပ်တဲ့အနေအထားမျိုးမဖြစ်အောင် ကာကွယ်နိုင်ဖို့ ဒီ ၁% လက်မှတ်ထိုး တိုင်ကြားသူတွေသည် မိမိ သဘောဆန္ဒနဲ့ အညီမဖြစ်ဘဲနဲ့ လူတဦးရဲ့ ဖိအားပေးမှု တိုက်တွန်းမှုကြောင့် သို့မဟုတ် ငွေကြေး လာဘ်လာဘ တစုံတရာကြောင့်၊ သို့မဟုတ် အာဏာနဲ့ ခြိမ်းခြောက်လို့သော်လည်းကောင်း အဲလိုတိုက်တွန်းမှုတွေ ပါခဲ့မယ်ဆိုရင် ဒါဟာ ၁% တိုင်တန်းမှုသည် အထမမြောက်ဘူးဆိုတဲ့ အချက်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။”

ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း Right to Recall ခေါ် လွှတ်တော်အမတ်တွေကို တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်မပြုခဲ့ဘဲ ဆိုင်းငံ့ခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

Right to Recall ဥပဒေကြမ်း ထပ်မံတင်သွင်းမည်
please wait

No media source currently available

0:00 0:04:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG