သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးဒုက္ခသည်တွေ ကယ်တင်ရေး Fortify Rights တိုက်တွန်း


အင်ဒိုနီးရှား နိုင်ငံကို ရောက်လာသူ ရိုဟင်ဂျာတချို့
အင်ဒိုနီးရှား နိုင်ငံကို ရောက်လာသူ ရိုဟင်ဂျာတချို့

အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ အနေနဲ့ အတူပူးပေါင်းပြီး ပင်လယ်ထဲ မျောနေတဲ့ ဘင်္ဂလားဒေ့ရ်ှလူမျိုးတွေနဲ့ ရိုဟင်ဂျာတွေကို ကယ်တယ်ဖို့၊ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေ ခိုလှုံလာသူတွေကို အကူအညီပေးကြဖို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့ကြီးက တိုက်တွန်းတောင်းဆိုပါတယ်။

အစိုးရအာဏာပိုင်တွေ အနေနဲ့ လူကုန်ကူးမှု ပြဿနာကို အလေးထား ကိုင်တွယ်လာကြတယ် ဆိုပေမဲ့ လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေကိုတော့ ကာကွယ်ကူညီမှု အားနည်းနေတုန်းပဲလို့ ထောက်ပြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ပင်လယ်ထဲ လှေတစင်းနဲ့တွေ့ရတဲ့ ရာဂဏန်းရှိမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အင်ဒိုနီးရှားရေတပ်က အစားအသောက်တွေပေးပြီး ပင်လယ်ထဲ ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတဲ့နောက်၊ ပင်လယ်ထဲမှာ လှေတွေနဲ့ မျောနေသေးတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးကိစ္စအပေါ် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ပင်လယ်ထဲ မျောနေတဲ့ လှေတွေကို ကယ်ဆယ် ကူညီရေးအတွက် ပတ်ဝန်းကျင် နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ လှေတွေ ကမ်းကပ်လာရင်လည်း သူတို့ကို မပိတ်ပင်ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေကို UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း တိုက်တွန်းထားပါတယ်။

ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို ပင်လယ်ထဲ အတင်းပြန်ပို့တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Matthew Smith က ဗွီအိုအေကို ပြောပါတယ်။
“ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရ်ှလူမျိုးတွေ ပင်လယ်ထဲမှာ လှေတွေနဲ့ ဟိုမရောက်ဒီမရောက် လည်နေတဲ့ အပေါ်မှာ ကျနော်တို့ အတော်လေး စိုးရိမ်ပူပမ် ဖြစ်မိပါတယ်။ ဒါကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံတို့ အနေနဲ့ အတူပူးပေါင်းပြီး ဒီလူတွေကို အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ကြဖို့ တောင်းဆိုတာပါ။ ဒါ့အပြင် ကမ်းပေါ်ရောက်လာတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်တွေကို အဲဒီနိုင်ငံတွေ အနေနဲ့ အကာအကွယ်ပေး ကူညီကြဖို့ တောင်းဆိုပါတယ်။ ကမ်းကပ်ဖို့ ရောက်လာတဲ့ လှေတွေကို အာဏာပိုင်တွေက ပင်လယ်ထဲ အတင်းပြန်ခိုင်းနေတယ်လို့ သိရပါတယ်။ ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို အတင်းပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ထိုင်းရေတပ်ကနေ လှေတွေနဲ့ ရောက်လာတဲ့ လှေစီးပြေး ဒုက္ခသည်တွေကို စားသောက်စရာတွေပေးပြီး ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့တဲ့ အထောက်အထားတွေကြောင့် ထိုင်းအာဏာပိုင်တွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန် ဝေဖန်ခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံဟာဆိုရင် အခုအချိန်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာတာတွေ့ရပြီး၊ ဒီကနေ့မှာဆိုရင် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် မလေးရှားအစိုးရနဲ့ နားလည်မှုစာချွန် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှုအခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုဟာ ထိုင်းနိုင်ငံကို Tier-3 လူကုန်ကူးမှု အဆိုးဆုံးအဆင့် သတ်မှတ်ထားတာကြောင့် ထိုင်းနိုင်ငံ စီးပွားရေးကို အတော်လေး ထိခိုက်သက်ရောက်မှု ရှိစေတယ်လို့ ထိုင်းရဲချုပ်က အဲဒီလက်မှတ်ထိုးပွဲမှာ ပြောပါတယ်။ အလားတူ အရေးယူမှုမျိုး ဥရောပသမဂ္ဂကလည်း လုပ်လာဖို့ရှိတယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးကို ထိုင်းအနေနဲ့ အပြင်းအထန် လုပ်ဆောင်လာတဲ့ နေရာမှာ လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးမှု ပိုလုပ်သင့်တယ်လို့ Fortify Rights က Matthew Smith က ပြောပါတယ်။
“ထိုင်းနိုင်ငံတွင်း လူကုန်ကူးမှု အခြေအနေကို ထိုင်းအစိုးရက သတိပြု အလေးထား လာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာရပ်ပါ။ ဒါပေမဲ့လည်း လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးဖို့ဆိုတာ သတိပြုမိတယ်ဆိုတဲ့ အချက်နဲ့ မလုံလောက်ပါဘူး။ အခု ထိုင်းအစိုးရက အာရုံထားလုပ်နေတာ လူကုန်ကူးသူတွေကို ဖမ်းဆီးတာနဲ့၊ အဲဒီမှာ ပါဝင်ပတ်သက်တဲ့ အစိုးရအရာရှိတွေကို စုံစမ်းဖော်ထုတ်ဖို့ပါ။ ဒါတွေ လုပ်တာလည်း ကောင်းပါတယ်၊ ဒါပေမယ့် လူကုန်ကူးခံရသူတွေ လုံခြုံရေး အကာအကွယ်ပေးမှု အကူအညီပေးမှု ပိုလုပ်ဖို့ တိုက်တွန်းလိုပါတယ်။”

တချိန်တည်းမှာတော့ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ဖြစ်တယ်လို့ Matthew Smith က ပြောပါတယ်။ ကမ္ဘာမှာ နိုင်ငံမဲ့လူဦးရေ အများဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားတွေ ပိုပေးဖို့လိုမယ်လို့ဆိုပါတယ်။ ပြဿနာဟာလည်း မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကြောင့်လို့ ထောက်ပြပါတယ်။

အထူးသဖြင့် ရိုဟင်ဂျာ ပြဿနာဟာ မြန်မာနိုင်ငံ တနိုင်ငံတည်း ပြဿနာမဟုတ်တော့ဘဲ ပတ်ဝန်းကျင်နိုင်ငံတွေကိုပါ ကူးစက်လာတာကြောင့် အာဆီယံအသင်းကြီး အနေနဲ့ ထိထိရောက်ရောက်ရောက် ကိုင်တွယ်ဖို့လိုမယ်လို့ သူကမြင်ပါတယ်။
“အခုကိစ္စဟာ နိုင်ငံအစိုးရ တရပ်တည်းရဲ့ ပြဿနာ မဟုတ်တော့ပါဘူး။ ဒေသတွင်း ပြဿနာ ဖြစ်နေပါပြီ။ ဒါကြောင့် ကိုင်တွယ်ဖြေရှင်းမှု ထိရောက်ဖို့ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိမှဖြစ်ပါလိမ့်မယ်။ အရင်းအမြစ် ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံထဲမှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်မှုတွေ ခံခဲ့ရသလို၊ ဘင်္ဂလားဒေ့ရ်ှမှာလည်း ရပ်တည်စားသောက်ဖို့ အခက်အခဲကြီးမားနေတာကြောင့်ပါ။ ဒါကြောင့် အရင်းအမြစ် ပြဿနာက ဘင်္ဂလားဒေ့ရ်ှမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပါတယ်။ ဒါကို အာဆီယံအသင်းကြီး အနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။”

ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံရဲ့ ပြဿနာ မဟုတ်တော့ပဲ အာဆီယံတခုလုံးရဲ့ စိုးရိမ်မကင်းစရာ အခြေအနေ ဖြစ်တယ်လို့ အလှည့်ကျ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Anifah Aman က ပြီးခဲ့တဲ့လ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဖက်ကတော့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် လက်မခံပါဘူး။

XS
SM
MD
LG