သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေးကောင်စီမှာ တရုတ်၊ ရုရှားနဲ့ ဆော်ဒီ အဖွဲ့ဝင်သစ်အဖြစ်ပါဝင်


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံကို ရွေးချယ်လိုက်တဲ့အခါမှာ ရုရှား၊ တရုတ်၊ ကျူးဘားနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေပါ ပါဝင်လာတာကြောင့် လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံသစ်တွေ ရွေးချယ်မှု အခြေအနေနဲ့ပတ်သက်လိ့ုတော့၊ ကုလသမဂ္ဂကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer ပေးပို့ခဲ့တဲ့ သတင်းလွှာကို အခြေခံပြီး ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံ ပါဝင်တဲ့ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ ကမ္ဘာတလွှား လူ့အခွင့်အရေး အခြေအနေတွေကို ကာကွယ်မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးကောင်စီအနေနဲ့ အစ္စရေးလ်ကိစ္စကို အာရုံထားလွန်းတာ၊ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုမှာ နာမည်ဆိုးရှိတဲ့ နိုင်ငံတွေ ပါဝင် အရွေးချယ် ခံရမှုတွေကြောင့် မကြာမကြာဆိုသလို ပြစ်တင်ဝေဖန်ခံရပါတယ်။

အခုလည်း အင်္ဂါနေ့တုန်းကလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အခု ဇန်နဝါရီလကစလို့ လူ့အခွင့်အရေးကောင်စီအတွင်း ၃ နှစ်တာဝန်ယူရမယ့် အဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံကို ရွေးချယ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ နိုင်ငံအချို့ ပါဝင်လာတာကြောင့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို စိတ်ပျက်လက်ပျက် ဖြစ်စေခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်တွေ ရွေးချယ်ရာမှာ ဒေသအလိုက် ကိုယ်စားလှယ် အရေအတွက် သတ်မှတ်ပေးထားတာကြောင့်၊ ဒေသတွင်းမှာ ကြိုတင်ညှိနှိုင်းမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အရွေးခံတဲ့ နိုင်ငံအတော်များများဟာ သူတို့နဲ့ ပြိုင်ဖက်မရှိ အရွေးခံခဲ့ကြတာပါ။

အခု အရွေးခံရတဲ့ နိုင်ငံအတော်များများရဲ့ လူ့အခွင့်အရေးအခြေအနေဟာ သံသယဖြစ်စရာရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ ညွန်ကြားရေးမှူး Peggy Hicks က ပြောပါတယ်။

“ဒီနှစ်မှာဆိုရင် အကြောင်းမလှစွာပဲ တရုတ်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ ကျူးဘား နိုင်ငံတို့ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံး နိုင်ငံတွေ ကောင်စီထဲ ပြန်ပါလာပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုတော့ ကောင်စီထဲမှာပါတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တဲ့ နိုင်ငံတွေအနေနဲ့ ပြင်ဆင်ထားရှိတဲ့ သူတို့လုပ်ရမယ့် အလုပ်တွေကို လာမယ့်နှစ်မှာ တကယ့်ကို အောင်မြင်မှုတွေ ရဖို့ဆိုရင် နှစ်ဆ တိုးပြီး လုပ်ရမယ့်သဘော ဖြစ်ပါတယ်။”

အခုလို ဒီနိုင်ငံမျိုးတွေကို လူ့ခွင့်အရေးကောင်စီမှာ အရွေးချယ်ခံရတာဟာ လူ့အခွင့်အရေး ကောင်စီအပေါ် အများက ယုံကြည်အားထားမှုကို ထိခိုက်စေသလို၊ လူ့အခွင့်အရေးကို နိုင်ငံရေးကစားကွက်အဖြစ် မြင်လာစရာရှိတယ်လို့ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့တခုက ကြေညာချက်ထုတ်ထားပါတယ်။ ဒီလို တိုင်းပြည်တွေကို လူ့အခွင့်အရေးကောင်စီထဲ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပေးလိုက်တာဟာ မီးရှို့သူကို မီးသတ်ဌာန အကြီးအကဲ ခန့်ထားသလို ဖြစ်နေတယ်ဆိုပြီးတော့လည်း ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လုပ်ငန်းတွေကို စောင့်ကြည့်အကဲခတ်တဲ့ အဖွဲ့က ပြောပါတယ်။

အခုလို သဘောမကျစရာဖြစ်နေတဲ့ အဖွဲ့ဝင်နိုင်ငံသစ်တွေကြောင့် လူ့အခွင့်အရေးကောင်စီရဲ့လုပ်ငန်းတွေကို ထိခိုက်နိုင်သလားဆိုတဲ့ မေးခွန်းကိုတော့၊ ဗြိတိသျှ သံအမတ်ကြီး Mark Lyall Grant က ဖြေရာမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးကောင်စီရဲ့လုပ်ငန်းသဘာဝတွေကို တန်ဖိုးထား ဆောင်ရွက်သင့်တယ်လို့ ဖြေခဲ့ပါတယ်။

“လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်သစ်တွေအဖြစ် အရွေးချယ်ခံရသူတွေအနေနဲ့ လူ့အခွင့်အရေးကောင်စီရဲ့အယူအဆ အခြေခံမူတွေအတိုင်း လိုက်နာပါ့မယ်ဆိုတဲ့ ကတိကဝတ်တွေကို စောင့်ထိန်းသွားမယ်လို့ ကျနော်တို့ကတော့ ရှင်းရှင်းပဲ မျှော်လင့်ထားပါတယ်။ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်ဖြစ်လာတဲ့ ဘယ်သူမဆို ဒီ ကတိကဝတ်တွေအတိုင်း စွဲစွဲမြဲမြဲ လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။”

အခု အရွေးချယ်ခံရတဲ့ နိုင်ငံသစ်တွေထဲ အယ်လ်ဂျီးရီးယား၊ ဗြိတိန်၊ တရုတ်၊ ကျူးဘား၊ ပြင်သစ်၊ မော်ဒိုက်၊ မက်ဆီကို၊ မော်ရိုကို၊ နမီးဗီးယား၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တောင်အာဖရိက၊ ယခင် ယူဂိုဆလားဗီးယား ဖြစ်တဲ့ မက်ဆီဒိုးနီးယားနဲ့ ဗီယက်နမ် တို့ ဖြစ်ကြပါတယ်။ ဝင်အရွေးခံတဲ့ထဲ အရွေးမခံရတဲ့ နိုင်ငံတွေက နှစ်နိုင်ငံရှိပြီး၊ တောင်ဆူဒန်နဲ့ ဥရုဂွေးနိုင်ငံတို့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ လက်ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်ကျရင်တော့ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG