သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် ပဉ္စမနေ့ မြန်မာအားကစားအသင်း အခြေအနေ


မစန်းယုထွေး
မစန်းယုထွေး

ဘရာဇီးလ်နိုင်ငံ Rio de Janeiro မြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ Rio အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ မြန်မာအားကစားသမားတွေထဲက သေနတ်ပစ်အားကစား မြန်မာ့လက်ရွေးစင် ရဲထွန်းနောင်ဟာ ပဉ္စမမြောက်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ အဆင့် ၁၇ ရရှိခဲ့ပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ ကျင်းပမယ့် ဂျူဒို၊ ရေကူးနဲ့ မြားပစ်ပြိုင်ပွဲတွေမှာ မြန်မာအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာက စန်းယုထွေး က မြားပစ်ပြိုင်ပွဲမှာ နာမည်ကြီး တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ ယှဉ်ပြိုင်မှု နောက်ဆုံး အခြေနေတွေကို Rio အိုလံပစ်ပြိုင်ပွဲကို ရောက်နေတဲ့ အားကစားအဖွဲ့ ခေါင်းဆောင်ကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

၂၀၁၆ နွေရာသီအိုလံပစ် အားကစားပွဲတော်မှာ မြန်မာအားကစားသမား ၇ ဦးက အားကစားနည်း ၅ မျိုးမှာ ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ မနေ့က ဗုဒ္ဓဟူးနေ့မှာကျင်းပတဲ့ မီတာ ၅၀ သေနတ်ပစ်ပြိုင်ပွဲမှာ နိုင်ငံတကာ လက်ရည်စစ်ပွဲ အောင်မြင်ပြီး ဝင်ရောက်ယှဉ်ပြိုင်နေသူ မြန်မာလက်ရွေးစင် ရဲထွန်းနောင်က အဆင့် ၁၇ ရခဲ့တယ်လို့ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသက်ထွေးက ပြောပါတယ်။

“သေနတ်ပစ် မီတာ ၅၀ ပစ္စတိုပြိုင်ပွဲမှာ ရဲထွန်းနောင်က ဝင်ပြိုင်တယ်။ စုစုပေါင်း ၅၅၂ မှတ်နဲ့ သူက အဆင့် ၁၇ ရတယ်ပေါ့။ ကွာလီဖိုင်းက ၈ ယောက်ပဲ တက်ရတဲ့အခါကျတော့ သူကတော့ ကွာလီဖိုင်း မအောင်ဘူး။ ဒါပေမဲ့ ကွာလီဖိုင်းအောင်တဲ့ နောက်ဆုံး ၈ ယောက်မြောက်နဲ့ သူနဲ့ဆိုရင် ၄ မှတ်ကွာတာပေါ့နော်။ တခါပစ်ရင် ၁၀ တောင့်၊ အကြိမ် ၆ ကြိမ်ဆိုတော့ စုစုပေါင်း ကျည်တောင့် ၆၀ ပစ်ရတာပေါ့။ အများဆုံးအမှတ်က ၁၀ ပေါ့။ စုစုပေါင်း ၅၅၂ မှတ်ပစ်နိုင်တာပေါ့။ အဲတော့ တတောင့်ကို ပျမ်းမျှ 9.2 ရအောင်တော့ သူ ပစ်နိုင်တယ်။”

ဒီကနေ့ ကြာသပတေးနေ့မှာ ဂျူဒို၊ ရေကူးနဲ့အတူ မြားပစ်အားကစားနည်းတွေ ယှဉ်ပြိုင်ဖို့ရှိပြီး မြန်မာနိုင်ငံက စန်းယုထွေးက ကမ္ဘာမှာ ထိပ်ကပြေးနေတဲ့ တောင်ကိုရီးယားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတဦးချင်းမြားပစ် လက်ရည်စစ်ပွဲတွေကို သြဂုတ်လ ၅ ရက်နေ့ ကျင်းပခဲ့တာမှာ မစန်းယုထွေးက ၆၀၈ မှတ်ရပြီး ၊ အဆင့် ၅၁ ချိတ်ခဲ့တာပါ။ ဒီပထမအဆင့် လက်ရည်စစ်ပွဲကို အားကစားသမား ၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံက အားကစားသမား ၃ ဦးက ထိပ်ဆုံးကရှိနေခဲ့ပြီး Misun Choi က ၆၆၉ မှတ်နဲ့ ပထမရခဲ့တာပါ။

“မနက်ဖြန်မှာတော့ မြားပစ်ရယ်၊ ဂျူဒိုရယ်၊ ရေကူးအမျိုးသား မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲရှိပါတယ်။ မနက်ဖြန် ၃ မျိုး ပြိုင်ဖို့ရှိပါတယ်။ မြားပစ်အားကစားနည်းမှာ တောင်ကိုရီးယားနဲ့ ပြိုင်ရမယ်။ ကိုရီးယားကတော့ မြားပစ်မှာ ကမ္ဘာမှာ နံပါတ်တစ်ပဲ။ အဲ့လိုတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ကိုရီးယားထက် ပြိုင်တယ်လို့ သဘောမထားဖို့ ကလေးကိုတော့ စိတ်ဓာတ်မြှင့်တင်ပေးထားတယ်။ ကိုယ့်ကိုပေးထားတဲ့ ရမှတ်ကိုပဲ ကိုယ်က ပြိုင်ရမှာဖြစ်တဲ့အတွက် ပြိုင်ဘက်က ဘယ်လောက်ပစ်ပစ် ကိုယ်ပစ်ရမယ့် အမှတ်ရအောင် ပစ်နိုင်ဖို့အတွက်တော့ သူ့ကို စိတ်ဓာတ်ခွန်အား လေ့ကျင့်ပေးထားပါတယ်။ သူလည်း အဲဒါကိုတော့ ကြိုးစားပြီး ဆောင်ရွက်ဖို့ အနေအထားရှိပါတယ်။ ဘရာဇီးလ်စံတော်ချိန် ၉ နာရီ ၅၀ မှာတော့ သူ စပြိုင်ရမယ်။”

ဒီကနေ့ကျင်းပမယ့် ဂျူဒိုပွဲစဉ်မှာတော့ စန်းနိုင်က TTO (Trinidad and Tobago) နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရေကူးမှာလည်း မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ဖို့ ခွဲတမ်းရတဲ့အတိုင်း ၂ ယောက် ပါဝင်မှာဖြစ်ပြီး မြန်မာအနေနဲ့ အားနည်းပေမဲ့ စိတ်ဓာတ်မကျဘဲ ယှဉ်ပြိုင်ဖို့ကိုသာ အဓိကထားတယ်လို့ ပြောပါတယ်။

“ဂျူဒိုကတော့ အရှေ့တောင်အာရှအဆင့်မှာတော့ တွေ့ဖူးတဲ့အားကစားသမားတွေ မဟုတ်တဲ့အခါကျတော့ သူတို့ရဲ့ အခြေအနေအမှန် မှန်းဖို့ခက်တာပေါ့နော်။ အရှေ့တောင်အာရှအဆင့်မှာလည်း ကျနော်တို့ ရေကူးက ဆုရဖို့မလွယ်ပါဘူး။ ယိုးဒယားတို့၊ စင်္ကာပူတို့၊ ဗီယက်နမ်တို့ ဒီအဖွဲ့တွေက ကျနော်တို့ထက် ပိုပြီး ကောင်းပါတယ်။ အဲတော့ ကျနော်တို့က အားနည်းပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ဆီမှာရှိတဲ့ ခွဲတမ်းရတဲ့ပေါ်မှာ မူတည်ပြီး အမျိုးသားတဦး၊ အမျိုးသမီးတဦးကိုတော့ ကျနော်တို့ထဲကနေ အင်အားအကောင်းဆုံးလူကို ရွေးချယ်ပြီးတော့ လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ စိတ်ဓာတ်တွေအားလုံးက ကောင်းပါတယ်။ ကိုယ်နဲ့အဆင့်မညီပေမဲ့ သူ့စံချိန်ကို သူပြိုင်၊ ကိုယ်ကလည်း ကိုယ့်စံချိန်ကို ကိုယ်ပြိုင်ပဲ။ ရှေ့ကရောက်ရောက်၊ နောက်ကရောက်ရောက် ဒါက ပြဿနာမရှိဘူးပေါ့နော်။ ယှဉ်ပြိုင်ဖို့လည်း အဆင်သင့်ပါပဲ တက်တက်ကြွကြွနဲ့။ နောက်ဆိုရင်တော့ ဒီကလေးတွေက အလားအလာ ကောင်းလာနိုင်ပါတယ်။”

ရေကူးနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေအတွက် အိုလံပစ် သွေးစည်းညီညွတ်ရေး အစီအစဉ်အရ ခွဲတမ်းနဲ့ ပါဝင်ခွင့်ရပြီး ရေကူး အမျိုးသမီးပွဲစဉ်အတွက် အိအိသက်နဲ့ အမျိုးသားပွဲစဉ်အတွက် သင့်မြတ်တို့ ပြိုင်ပွဲဝင်ကြမှာ ဖြစ်သလို ပြေးခုန်ပစ်မှာတော့ အမျိုးသမီး မီတာ ၈၀၀ အတွက် ဆွေလီမြင့်နဲ့ အမျိုးသား မီတာ ၅၀၀၀ အတွက် စန်းနိုင်တို့ ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် Rio အိုလံပစ်ပွဲတော် ပဉ္စမနေ့ ပြိုင်ပွဲတွေအပြီး ရရှိတဲ့ ဆုတံဆိပ်စာရင်းမှာတော့ အမေရိကန်က ရွှေ ၁၀ ခု၊ ငွေ ၁၁ ခု၊ ကြေး ၉ ခုနဲ့ ပထမ၊ တရုတ်က ရွှေ ၉ ခု၊ ငွေ ၄ ခု၊ ကြေး ၈ ခုနဲ့ ဒုတိယ၊ ဂျပန်က ရွှေ ၆ ခု၊ ငွေ ၁ ခု၊ ကြေး ၁၀ ခုနဲ့ တတိယ အသီးသီး ရရှိနေပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG