ဇွန်လ (၂၂) ရက်နေ့က ဘရာဇီးနိုင်ငံ ရီအိုဒီဂျနေးရိုး (Rio de Janerio) မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ညီလာခံကို အဆုံး သတ်လိုက်ပါပြီ။
ဒီညီလာခံကို တက်ရောက်လာခဲ့ကြတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်က ကိုယ်စားလှယ်တွေက၊ ကမ္ဘာကြီးအတွက် ဆက်လက်ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အဆင့်မြှင့်ကြဖို့နဲ့ သန်းပေါင်းထောင်ပေါင်းများစွာသော ဆင်းရဲမွဲတေနေကြတဲ့ လူသားတွေကို ဆင်းရဲတွင်းထဲကနေ ဆွဲထုတ်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ စက်မှုထွန်းကားပြီး G 20 နိုင်ငံ (၂၀) ထိပ်သီးအစည်းအဝေးက ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြတဲ့ ရီအိုဒီဂျနေးရိုး က ဒီညီလာခံရဲ့ တတိယနဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ မနေ့က၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က၊ ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်တွေကို ဆက်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့အတွက် အရင်နဲ့ မတူကွဲပြားခြားနားတဲ့ တွေးခေါ်စဉ်းစားမှု အသစ်တွေ ဖေါ်ထုတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဒါဟာ မပျက်မကွက်လုပ်ဆောင်ကြရမယ့် ကိစ္စရပ်လည်း ဖြစ်တယ်လို့၊ ၀န်ကြီး ကလင်တန် က ဒီညီလာခံ တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ရီအိုဒီဂျနေးရိုး က ဒီညီလာခံဟာ အားပျော့ပြီး တိုးတက်မှုလည်းမရှိ ကတိက၀တ်တွေကလည်း ခိုင်မာမှု မရှိဘူးလို့ အပြစ်တင်ကြပြီးတော့၊ ၀န်ကြီး ကလင် တန်ကတော့ အာဖရိကတိုက်မှာ စွမ်းအင်ဆိုင်ရာ သန့်ရှင်းရေး ဆောင်ရွက်ဖို့အတွက် အမေရိကန်က ဒေါ်လာ သန်း(၂၀) ထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။