ထောင်ကျနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ထောက်ခံသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား မြို့တော် အစ္စလာမ္မာဘတ်မှာ အင်္ဂါနေ့က ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ တဒါဇင် သေဆုံးခဲ့တဲ့ အထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ အများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲက အနည်းဆုံး ၅ ဦးကတော့ ပြည်သူ့စစ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး သေဆုံးသူ ၆ ဦးကျော်ကတော့ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ PTI ပါတီကို ထောက်ခံသူတွေ ဖြစ်ကြောင်း အာဏာပိုင်တွေနဲ့ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း Khan လွတ်မြောက်ရေး အပါအဝင် တခြားသော တောင်းဆိုချက်တွေ လိုက်လျောတဲ့ အချိန်ထိ ပြည်သူ့ရင်ပြင်မှာ ထိုင်သပိတ်မှောက် ဖို့ အတွက် ထောင်နဲ့ချီတဲ့ PTI ထောက်ခံသူတွေ အစ္စလာမ္မာဘတ်ကို ရောက်လာချိန်မှာ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာပါ။
ဆန္ဒပြသူတွေက အတားအဆီးတွေကို ချိုးဖောက်ပြီး ဆန္ဒပြ စုရပ်ကို ဦးတည် ချီတက်တာမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲတာ ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ ပါတီ ထောက်ခံသူတွေ မပါဘူးလို့ ဝန်ကြီးချုပ် Khan ရဲ့ ပါကစ္စတန် Tehreek-e-Insaf PTI ပါတီက ပြောဆိုထားပါတယ်။
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ကျည်အစစ်နဲ့ ပစ်ခတ်တာကြောင့် သေဆုံးသူ အများအပြား ရှိပြီး ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိတယ်လို့လည်း ပါတီက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကတော့ အဆုံးထိ တိုက်ပွဲဝင်ကြဖို့၊ တောင်းဆိုချက်တွေ မရမချင်း နောက်မဆုတ်ကြဖို့ သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Forum