သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်မှာ တရုတ် ဆန့်ကျင်ရေး အကြမ်းဖက်မှု ပြင်းထန်


တရုတ်ဆန့်ကျင်ရေး ဗီယက်နမ်ဆန္ဒပြပွဲများ။
တရုတ်ဆန့်ကျင်ရေး ဗီယက်နမ်ဆန္ဒပြပွဲများ။
တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ဗီယက်နမ်နိုင်ငံက ထိုင်ဝမ်သံမဏိစက်ရုံ အဓိကရုဏ်းမှာတော့ တရုတ် အလုပ်သမား တဦး သေဆုံးသွားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်က ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ နယ်မြေမှာ တရုတ်နိုင်ငံက ရေနံတူးစင် တည်ဆောက်မှုအပေါ် မကျေနပ်ကြတဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာမှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Ha Tihn ပြည်နယ်က လူသေဆုံးမှုကတော့ ပထမဆုံး ဖြစ်တယ် လို့လည်း ဒီကနေ့ပဲ တာဝန်ရှိသူတွေက ပြောပါတယ်။

Reuters သတင်းတပုဒ်မှာတော့ သေဆုံးသူ ၂၀ ကျော်အထိ ရှိနေပြီလို့လည်း တာဝန်ရှိသူတွေကို ကိုးကားဖော်ပြခဲ့တာပါ။ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ အနေနဲ့ ဗီယက်နမ် အလုပ်သမား ထောင်ပေါင်းများစွာ လုပ်ငန်းခွင်တွေက စွန့်ခွာခဲ့ကြသလို၊ နိုင်ငံခြားကုမ္ပဏီတွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ လူပေါင်း ၁၀၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

တောင်ပိုင်း Binh Duong ပြည်နယ်မှာ ဆိုရင်လည်း ထိုင်ဝမ်နဲ့ ကိုရီးယားပိုင် လုပ်ငန်းတချို့ အပါအဝင် စက်ရုံပေါင်း တဒါဇင်ကျော်ကို လူအုပ်နဲ့ ဝိုင်းဝန်းပြီး မီးရှို့ဖျက်ဆီး လုယက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗီယက်နမ် လုံထိန်းရဲတွေက အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ မနေ့တုန်း စက်ရုံတော်တာ်များများကိုလည်း ပိတ်ထားခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က လူပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန် ထားပေမဲ့လည်း အခြေအနေဟာ စိတ်မချရသေးဘူးလို့ Binh Duong ပြည်နယ်မှာ ရှိတဲ့ ထိုင်ဝမ်စီးပွားရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌကပြောပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Hua Chunying ကတော့ ဗီယက်နမ်နိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တဲ့အကြောင်းနဲ့ အပြစ်ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ ဒီကနေ့ပဲ တောင်းဆိုခဲ့ပါတယ်။
XS
SM
MD
LG