သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားနဲ့ မြောက်ဦးမှာ အကြမ်းဖက်မှုဖြစ်ပွား


ရခိုင်ပြည်နယ် အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ (ဇွန် ၁၂၊ ၂၀၁၂)
ရခိုင်ပြည်နယ် အကြမ်းဖက်မှု ပဋိပက္ခအတွင်း အိုးအိမ်ထောင်ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ (ဇွန် ၁၂၊ ၂၀၁၂)
ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ မီးရှို့မှုနဲ့ တိုက်ခိုက်မှုတွေကို ပြည်နယ်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီရယူပြီး အခြေအနေကို ငြိမ်သက်အောင် ထိန်းချုပ်နေပါတယ်။ ဒီကနေ့ မနက်မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ အတွင်းဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းမှာတော့ အိမ်ခြေ၂၀၀ကျော်လောက် မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဘက် တိုက်ခိုက်မှုတွေကတော့ နေ့ခင်း မွန်းလွဲပိုင်းအထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီသတင်းအပြည့်အစုံကို တော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစိုးရက ဘင်္ဂလီလို့ ခေါ်ဝေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြားမှာ တိုက်ခိုက်မှုတွေဟာ မနေ့ညပိုင်းကနဲ့ ဒီနေ့ မနက်မှာ အသစ်တဖန် ပြန်လည်စတင်နေတာဖြစ်တယ်။ ဒီတိုက်ခိုက်မှုဟာ လူနေအိမ်တွေ မီးရှို့တာအပါအဝင် တုတ်၊ ဓါးလက်နက်တွေကိုင်ဆောင်ပြီး လူအုပ်စုလိုက်နဲ့ တိုက်ခိုက်နေကြတာပါ။

လောလောဆယ်မှာ ပြည်နယ်အစိုးရက နယ်မြေခံ ရဲနဲ့ စစ်တပ်အင်အားတွေ အသုံးပြုပြီး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

“ မြောက်ဦးမြို့နယ်ထဲမှာ ပုရိန်ကုန်းရွာမှာ အပြန်အလှန်မီးရှို့တယ်လို့ အဲလို သတင်းရတယ်ခင်ဗျ။ ရတော့ မနက်ကတည်းက ကျနော်တို့ဆီက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၂ပါးနဲ့ ခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ရဲတပ်ဖွဲ့မှုးကတော့ သူနေရာနဲ့သူ အဲဒီကို သွားနေပါတယ်။ အဲဒီမှာရှိတဲ့ ဒေသခံတပ်ရင်းတွေကလည်း အဲဒီနေရာတော့ ရောက်သွားပါပြီ။

အခုကတော့ လုံခြုံရေးအနေနဲ့ ဒီထက် ဆက်မဖြစ်အောင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့က ပုဂ္ဂိုလ်များကို မြို့ပြအုပ်ချုပ်ရေးမှာ လိုအပ်ရင် ကူညီပေးဖို့ ဒါကို မြို့နယ် အုပ်ချုပ်ရေးမှုးတွေနဲ့ ပေါင်းစပ်ပြီး တော့ လိုအပ်တဲ့ အင်အားကို အသုံးပြုပြီးတော့ ဆက်မဖြစ်အောင် ထိန်းသိမ်းသွားဖို့ အစီအစဉ် ဖြစ်ပါတယ်။”

မြောက်ဦးမြို့မှာ ဒီကနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေကိုတော့ မြောက်ဦးမြို့ခံ တဦးက အခုလို ပြောပါတယ်။

“အဓိကရုဏ်းတွေဖြစ်နေပါတယ်။ လေးမြို့ကမ်းခြေမှာ ဖြစ်နေတာ။ မနက်ပိုင်းကတော့ အဲ့မှာပန်းမြောင်းဖက်က ဘင်္ဂလီ ရွာတွေ ရှိတယ်။ အဲဒီရွာတွေက သူတွေက ကိုယ့်အိမ်ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးကြတယ်။ ဒီဘက်က ရခိုင်တွေကလည်း အုပ်စုလိုက် တက်ပြီးတော့ မီးရှို့ကြတယ်။ နောက် နေ့လည်ပိုင်း ရောက်လာတော့ ဖောင်းထုပ်၊ ပုရိန်၊ လက်မ အဲဒီရွာတွေက စုပြီးတော့ ခုခံကြတယ်။ နောက် ဒီဖက်က ရခိုင်အုပ်စုကလည်း စုပြီးတော့ ချီတက်ကြတယ်။ အဲဒီမှာ ရင်ဆိုင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ကြတယ်။ အခုထိဖြစ်တုံးပဲ။ အခုဆိုရင် ၂နာရီထိုးတော့မယ် ၂နာရီထိုးတဲ့အထိ အခုထိဖြစ်တုံးပဲ။”

ညနေ ၅နာရီခွဲအချိန်က အခြားမြောက်ဦးဒေသခံတယောက်ကို မေးမြန်းရာမှာတော့ ဒီတိုက်ခိုက်မှုမှာ ရခိုင်ဖက်က သေဆုံးသူ ၃ဦးရှိတယ်လို့ ပြောပါတယ်။

“အခု ပုရိန်ကုန်းမှာ ရခိုင်ယောင်္ကျားလေး ၃ယောက် သေဆုံးပါတယ်။ ဒါပေမဲ့ ၃လောင်းမှာ ၂လောင်းပဲ ရပါသေးတယ်။ ပထမ နေ့လည်ဖက် ၁၁နာရီလောက် အလောင်းတလောင်းရပါတယ်။ ၂နာရီခွဲလောက်က ရွာထဲက ဗလီနားက တလောင်းရပါတယ်။ နောက်တလောင်းကတော့ မရသေးပါဘူး။ အခုချိန်ထိ။”

အစ္စလာမ် ဘာသာဝင် ဘင်္ဂလီအမျိုးသားတွေ ဘက်က အသေအပျောက်စာရင်းကိုတော့ သီးခြား မသိရသေးပါဘူး။

ဒီလ ၂၁ရက်နေ့ တနင်္ဂနွေညကလည်း မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ မီးရှို့မှုဖြစ်ခဲ့ပါတယ်။ ဒီအခင်းဖြစ်ပွားပုံ ကိုတော့ မင်းပြားဒေသခံက အခုလို ပြောပါတယ်။

“အိမ်၁၀ကျော်လောက် သူတို့ဟာ သူတို့ မီးရှို့တာပါ။ သူတို့ ရခိုင်ကို နံမည်ခံပြီးတော့ သူတို့ဟာသူတို့ မီးရှို့တာပါ။ မင်းပြားနဲ့ ကပ်ရက်ပါပဲ။ မင်းပြားမြို့ ကားဂိတ်နားလေးက ပိုက်သည် ရပ်ကွက်ပါ။ ၁၀နာရီလောက်မှာ ဖြစ်တာပါ။ ၁၂အိမ်၊ ၁၃အိမ် လောက် ပါမယ်ထင်ပါတယ်။”

မင်းပြားမြို့မီးရှို့မှုဟာ ဘင်္ဂလီတွေက ရခိုင်အမျိုးသားတယောက်ကို ဂျင်ကလိနဲ့ပစ်ခတ်ရာက စတင်ပြီး နှစ်ဘက် အချင်းများခဲ့ကြောင်း၊ အဲဒီအချိန်မှာ ရခိုင်အမျိုးသားတွေ စုရုံးလာချိန်မှာ ဘင်္ဂလီတွေက သူတို့ရွာကို သူတို့ မီးရှို့ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် အတွင်း ဒီနေ့ စတင်တဲ့အခင်းဖြစ်ပွားမှုဟာ မင်းပြားမြို့က ကူးစက်လာတဲ့ အရေးအခင်းဖြစ်တယ်လို့ ရခိုင်ဒေသခံတွေကပြောပါတယ်။

လက်ရှိ နေပြည်တော်ကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အစ္စလာမ် ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးရွှေမောင်းကတော့ သူကြားသိရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ မတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ လူနည်းစု မူဆလင်တွေက ကျီးလန့်စာ စားနေရတယ်လေ။ နောက် တရားဥပဒေစိုးမိုးမှုကလည်း အင်မတန်မှ အားနည်းတဲ့အခါကျတော့ သူတို့က ရွာထဲ မပြောနဲ့ အိမ်ထဲကတောင် မထွက်ပဲနဲ့ ဈေးတို့ဘာတို့တောင် သွားလို့မရတဲ့ အခြေအနေ ကြောက်လန့်ပြီးမှ နေတဲ့အချိန်မှာ ဒါမျိုးပြဿနာ သူတို့မလုပ်ပါဘူးတဲ့။ ဒါတွေဟာ သပ်သပ် သူတို့က လုပ်နေကျပုံစံအတိုင်းပဲ အဲ့တာမျိုး သတင်းလွှင့်ပြီးတော့ အပြစ်မရှိရှိအောင် အဲ့တာမျိုး ဟို..သူတို့က လုပ်တာပါတဲ့။ ငါးနေရာကနေ ကျနော်ကို Confirm လုပ်ပြီး ပြောတယ် ခင်ဗျ။”

ရခိုင်ပြည်နယ်အစိုးရရဲ့ ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းကတော့ ဒီတိုက်ခိုက်မှုတွေ ဘာကြောင့်ဖြစ်တယ် ဆိုတာ မသိသေးကြောင်းပြောဆိုပါတယ်။

“ ဖြစ်စဉ်အစကိုတော့ ကျနော်တို့လည်း မသိသေးဘူးဗျ။ ဖြစ်စဉ်အစကိုတော့ လုံခြုံရေး တာဝန်ယူတဲ့ပုဂ္ဂိုလ်တွေပဲ သိမယ်လေနော်။”

ဒီအရေးအခင်းတွေကြောင့် မြောက်ဦးမြို့မှာရော၊ မင်းပြားမြို့မှာပါ ဒီကနေ့ ဈေးနဲ့ ကျောင်းတွေကို ပိတ်ထားပြီး ညနေပိုင်းမှာ နေဝင်မီးငြိမ်းအမိန့် ဖြစ်တဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ဖို့ စီစဉ်နေတယ် လို့ ပြောပါတယ်။

ဒီကနေ့နဲ့ မနေ့က အဖြစ်အပျက်မှာတော့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်က ပိုက်သည်ရွာမှာ အိမ်ခြေ ၁၀ကျော်၊ သရက်အုပ်ရွာမှာ အိမ်ခြေ ၁၅၀လောက်နဲ့ ညောင်ပင်ဝိုင်းရွာမှာ အိမ်ခြေ ၁၀၀လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေပိုင်းထိ တိုက်ခိုက်မှုတွေဖြစ်နေပြီး အခြားရွာတွေက ပျက်ဆီးဆုံးရှုံးမှုကိုတော့ အတိအကျမသိရသေးပါဘူး။

ရခိုင်တိုင်းရင်းသားတွေနဲ့ အစိုးရက ဘင်္ဂလီလို့ ခေါ်ဝေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြား တိုက်ခိုက်မှုတွေဟာ ဒီနှစ်ဇွန်လဆန်းပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်အတွင်း တိုက်ခိုက်မှုတွေ ကို ထိန်းသိမ်းပြီးချိန်မှာတော့ အဓိကရုဏ်းအတွင်း အနည်းဆုံး လူ ၇၇ယောက်သေဆုံးပြီး လူနေအိမ် ၄၈၀၀ကျော်၊ ဗလီ၁၇လုံး၊ ဘုန်းကြီးကျောင်း ၁၅ကျောင်းနဲ့ စာသင်ကျောင်း ၃ကျောင်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
XS
SM
MD
LG