သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမှာ အမေရိကန်တပ်တွေ စေလွှတ် ချထားမည်မဟုတ်


လစ်ဗျားမှာ အမေရိကန်တပ်တွေ စေလွှတ် ချထားမည်မဟုတ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က လစ်ဗျားမှာ အမေရိကန်တပ်တွေ ချထားဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း သူ့သဘောထားကို ထပ်ပြီး ပြောပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး ဖိအားတွေက မစ္စတာ ကဒါဖီကို ဖြည်းဖြည်းချင်း အာဏာက ဖယ်ရှားပစ်မှာဖြစ်ကြောင်း ၀န်ကြီး ဂိတ်စ်က လက်နက်ကိုင်များဆိုင်ရာ အောက်လွှတ်တော် ကော်မတီကို ပြောခဲ့ပါတယ်။

အခုလုပ်နေတဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ လစ်ဗျားစစ်တပ်ကို အားနည်းသွားစေမှာဖြစ်ပြီး ကဒါဖီကို ဖယ်ရှားဖို့ကိုတော့ လစ်ဗျားပြည်သူတွေကသာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ တပ်တွေက အတိုက်အခံတွေ သိမ်းပိုက်ထားတဲ့ ရေနံဆိပ်ကမ်း ဘရက်ဂါ (Brega) မြို့ကို ဒီကနေ့ ကြာသပတေးနေ့မှာ ပြန်ပြီး သိမ်းပိုက်ပါတယ်။

လစ်ဗျားအနောက်ပိုင်း ရပ်စ် လန်နုဖ် (Ras Lanuf) မြို့ကို ကဒါဖီတပ်တွေ သိမ်းပိုက်ပြီးတဲ့နောက် ဘရက်ဂါမြို့နားမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်လို့ အနောက်အုပ်စု သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီအချိန်မှာပဲ နိုင်ငံတော် ရုပ်မြင်သံကြားကနေ ကြေညာချက်တစောင် ဖတ်ခဲ့ရာမှာ မဟာမိတ်တပ်တွေက ခရစ်ယာန်နဲ့ မွတ်စလင်တို့ကြားမှာ ထိန်းမနိုင် သိမ်းမရ စစ်ပွဲတွေဖြစ်အောင် ဖန်တီးနေတယ်လို့ ပြောခဲ့ပါတယ်။

လစ်ဗျား နိုင်ငံခြားရေးဝန်ကြီးဟောင်း အလီ အက်ဘ်ဒက်စ်ဆလမ် ထရီကီ (Ali Abdussalam Treki) က လစ်ဗျားခေါင်းဆောင် ကဒါဖီ ပေးအပ်တဲ့ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားသံအမတ် ရာထူးကို လက်မခံကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာဆိုရင် လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး မူဆာ ကူဆာ (Moussa Koussa) ရာထူးက နှုတ်ထွက်ပြီး အင်္ဂလန်နိုင်ငံကို ထွက်ခွာသွားပြီးတဲ့နောက် အဆင့်မြင့် လစ်ဗျား အရာရှိတယောက် ရာထူးက နှုတ်ထွက်ခဲ့တာပါ။

XS
SM
MD
LG