မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန် ကယ်ရီ (John Kerry) ရဲ့ လက်ထောက် ရော်ဘင် လာနာ (Robin Larner) က သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို လေ့လာဖို့ လာရောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ NLD ပါတီ ခေါင်းဆောင်ပိုင်းနဲ့ ဒီကနေ့ နေ့လယ်ပိုင်းက တွေ့ဆုံတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဂျွန် ကယ်ရီရဲ့ လက်ထောက်တဦးဖြစ်သူ ရော်ဘင် လာနာဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။ သူ့ခရီးစဉ်အတွင်း နေရာ တော်တော်များများကို သွားရောက်ပြီး မြန်မာနိုင်ငံထဲက အခြေအနေတွေကို လေ့လာ စုံစမ်းခဲ့တာလို့ ဒီကနေ့ သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“အဓိကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေရယ်၊ NLD ရဲ့ အခြေအနေတွေရယ်၊ ဒါတွေကိုပဲ အပြန်အလှန် ပြောဖြစ်ပါတယ်။ အခု သူပြောပြချက်အရ သူက ၁၉ ရက်နေ့က ရောက်နေတယ်။ သာမန်လူတွေနဲ့လည်း သူ တွေ့တယ်။ နေရာတော်တော်များများ သူရောက်တယ်နဲ့ တူပါတယ်။ အဲဒါတွေ ပြောပြတော့ သူက မြန်မာနိုင်ငံရဲ့ လက်တွေ့ အခြေအနေကို သိချင်လို့ လာတဲ့သဘောလို့ပဲ ကျနော် အဲဒီလောက်ပဲ မြင်ပါတယ်။”
NLD ဘက်ကတော့ လက်ရှိ ရည်တည်မှု အခြေအနေတွေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါတီက ဘာကြောင့် မှတ်ပုံမတင်ရသလဲဆိုတဲ့ အခြေအနေတွေကို ပြန်လည် ရှင်းပြခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။
“ကျနော်တို့ NLD ရဲ့ အခု ရပ်တည်နေမှု အခြေအနေကို မေးပါတယ်။ ဦးတင်ဦး ရှင်းပြတယ်။ နောက် ရွေးကောက်ပွဲ လုပ်ခဲ့ရင် ရွေးကောက်ပွဲ ပြီးသွားတဲ့ အခြေအနေကို မေးတော့ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခြေအနေကိုတော့ ကျနော်တို့ အခုအချိန် မပြောနိုင်ဘူး။ နိုင်ငံရေးရဲ့ အပြောင်းအလဲ ဆိုတာတွေက ကျနော်တို့လည်း မသိပါဘူး။ အဲဒီလိုပဲ ပြောလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲရဲ့ အခြေအနေတွေရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက အပိုဒ် ၆ အခြေအနေတွေရယ်၊ နောက် နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေအရ ကိုယ့်ခေါင်းဆောင်ကို ကိုယ် ထုတ်ပစ်ရမယ်၊ နိုင်ငံရေးလုပ်လို့ အကျဉ်းကျထားတဲ့ လူတွေကို ထုတ်ပစ်ရမယ်ဆိုတာ ဘယ်တော့မှ ကျနော်တို့ မလုပ်နိုင်တဲ့ ကိစ္စမျိုး ဖြစ်တယ်။ ဒါတွေကို သူ့ကို ပြောပြတယ်။ သူ သဘောပေါက်ပါတယ်လို့ ပြန်ပြောပါတယ်။”
NLD ဘက်က ရှင်းလင်း တင်ပြတာတွေကို ရော်ဘင် လာနာ အနေနဲ့ မှတ်သားသွားပေမဲ့ သူမဘက်ကတော့ သဘောထား ထင်မြင်ချက် ပြန်လည်ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ရော်ဘင် လာနာဟာ သူမရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခြင်း ရှိမရှိဆိုတာ မသိရသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်ဆိုတဲ့ သတင်းကိုတော့ မသိရပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့တုန်းကလည်း ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေနဲ့ ဘန်ကောက်မှာရှိတဲ့ ကနေဒါသံရုံး အရာရှိတွေ NLD ခေါင်းဆောင်ပိုင်းကို သွားရောက် တွေ့ဆုံခဲ့ကြပါသေးတယ်။
ရန်ကုန်မြို့က အမေရိကန် သံမှူးကြီးအိမ်မှာ ဒီကနေ့ ရော်ဘင် လာနာနဲ့ တွေ့ဆုံခဲ့ကြတဲ့ NLD ခေါင်းဆောင်ပိုင်းကတော့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးဉာဏ်ဝင်း အပါအဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဟန်သာမြင့်၊ ဒေါက်တာ မေဝင်းမြင့်နဲ့ ဦးဝင်းမြင့်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ရော်ဘင် လာနာဟာ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံအပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆက်လက် တွေ့ဆုံတယ်လို့ သိရပါတယ်။