သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေး ဆူပူမှုမှာ အမည်မသိ အင်အားစုတွေ ပါဝင်နေ


ဇူလိုင်လ ၂ရက်နေ့ည မန္တလေးလုံခြုံရေးအခြေအနေ။
ဇူလိုင်လ ၂ရက်နေ့ည မန္တလေးလုံခြုံရေးအခြေအနေ။

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူပူအကြမ်းဖက် မှုတွေကြောင့် သေဆုံး ခဲ့ရသူရဲ့ နာရေးကို သောကြာနေ့ ကပြုလုပ်ခဲ့ရာမှာ တုတ်တွေ ကိုင်ထားတဲ့ လူအုပ်တချို့ဟာ အသုဘချရာ လမ်းတလျောက် အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒီလူအုပ်တွေဟာ ဘယ်သူ၊ ဘယ်ဝါတွေမှန်းမသိ အုပ်စုဖွဲ့ တုတ်၊ ဓါးတွေကိုင် အော်ဟစ် အကြမ်းဖက် ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဇူလိုင် ၁ ရက် ညက သေဆုံးခဲ့တဲ့ ကိုထွန်းထွန်းရဲ့နာရေးကို ပို့ဆောင်တဲ့ ယာဉ်တန်းဟာ မန္တလေးကျုံးကို ပတ်တဲ့အချိန်မှာ အကြမ်းဖက်မှု စတင်ခဲ့ တာဖြစ်တယ်လို့ မြို့ခံသတင်းသမားတဦးဖြစ်တဲ့ ကိုစန်းယုကျော် က ဗွီအိုအေကို ပြောပါတယ်။

"လူက လိုက်ပို့တဲ့သူက ထောင်ချီရှိတယ်။ ၂၀၊ ၂၁ ကြား ကျုံးပတ်ပြီးတော့ တစ်ပတ်ပတ်တဲ့အခါကျတော့ ၂၀၊ ၂၁ ကြား လမ်း ၈၀မှာ အဲ့ဒီ့နားမှာ ပဋိပက္ခ နည်းနည်းဖြစ်တယ်။ ကျနော်တို့ကြားတာကတော့ အဲ့ဒီ့မှာ သွားနေတဲ့ နာရေးလိုက်ပို့တဲ့သူတွေထဲက ခဲနဲ့ထုတယ်ဆိုပြီး အဲ့ဒီ့မှာ ပြဿနာတက်တယ်။ ဆိုင်ကယ်တစ်စီး၊ ရိုက်ဖျက်ခံရတယ်။

အဲ့ကနေ ဆက်သွားတယ်။ ဆက်သွားတဲ့အခါမှ ကြာနီကန်မှာ အစ္စလာမ်ရယ် မြန်မာရယ် သုံးခုရှိတဲ့အထဲမှာ အစ္စလာမ်သုဿန်ကို မီးရှို့ဖို့ ကြိုးစားတယ်လို့ပြောတယ်ဗျ။"

အကြမ်းဖက်ဖို့ကြိုးစားတဲ့ လူအုပ်တွေဟာ ကြာနီကန်သုသာန်က ဘာသာပေါင်းစုံ အတွက် သတ်မှတ်ထားတဲ့ နေရာတွေထဲက အစ္စလာမ်ဘာသာဝင်တွေအတွက် သတ်မှတ်ထားတဲ့ ဝင်းအတွင်း ဇရပ်ကို မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေ ကပြောပါတယ်။

ရာဂဏန်းရှိတဲ့ အကြမ်းဖက်လူအုပ်တွေဟာ ဆိုင်ကယ်တွေစီးနင်းပြီး တုတ်တွေ ကိုင်ဆောင်ထားကြတယ်လို့လည်း ဆိုပါတယ်။ ဒီလူအုပ်တွေရဲ့ လှုပ်ရှားပုံ ကိုမြင်တွေ့ရတဲ့သူတဦး ကလည်း ဗွီအိုအေကိုအခုလိုပြောပြပါတယ်။


"ကြားထဲမှာ ပြဿနာဖြစ်နေတာက ဘာလဲဆိုတော့ ဗမာက ကုလားကို ရိုက်တာလည်းမဟုတ်ဘူး။ ကုလားက ဗမာကို ရိုက်တာလည်း မဟုတ်ဘူး။ ဘယ်ကမှန်းမသိတဲ့ လူအုပ်က ဗမာရော ကုလားရော ခရစ်ယာန်ရော တရုတ်ရော ဘယ်သူမှမချန်ဘူး။ ကြုံတဲ့သူကို ရိုက်သွားတာ၊ ကြုံတဲ့နေရာကို ဖျက်ဆီးသွားတာဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ တစုတစီးတည်း တပုံစံတည်းပဲ။ ပုံစံတူတွေချည်းပဲ။ နောက်ပြီးတော့ ဘုန်းကြီးလို့ အလွယ်တကူ ပြောလို့ရအောင် အားလုံး ကတုံးဆံတောက်ကေတွေ အကုန် ပုံစံကေတွေ တပုံစံတည်း ညှပ်ထားတယ်။ မသေချာတဲ့ သတင်းရင်းမြစ်တွေက လာတဲ့ပုံစံဆို အဲ့ဒီ့လူတွေ အကုန်လုံးက စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အဖွဲ့အစည်းတွေကနေ တိုက်ရိုက်လွှတ်လိုက်တဲ့ အင်အားစုကြီးလို့ပြောလို့ရတယ်။"

မန္တလေးမြို့က အကြမ်းဖက်မှုတွေကို စောင့်ကြည့်သတင်းယူနေတဲ့ ကိုစန်းယုကျော် ကလည်း အမည်မသိ လူအုပ်တွေကနေ အကြမ်းဖက်မှုတွေ တမင် တကာဆောင်ရွက်နေ တဲ့ သဘောမျိုးဖြစ်နေတယ်လို့ပြောပါတယ်။

"အဲ့လိုမျိုးဖြစ်လိမ့်မယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကရော၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကရော ယူဆထားတယ်။ ကျနော်တို့သတင်းသမားတွေက ဖြစ်စဉ်မှာ တညလုံး အစအဆုံးရှိတဲ့အခါမှာ သာမာန် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲနဲ့ တစုံတယောက် ဒါမှမဟုတ်ရင် အဖွဲ့အစည်းတခုရဲ့ လှုံ့ရှားမှုတွေ၊ လှုံ့ဆော်မှုတွေလို့ ကျနော်တို့လည်း ခံစားရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖြစ်စဉ်တွေမှာ ဟိုနားမှာ ဘာဖြစ်နေပြီ။ လာခဲ့ပါဦး၊ ဒီနားမှာ ဘာဖြစ်နေပြီ။ လာခဲ့ပါဦး။ ပြောနေတဲ့သူတွေက ဒီလိုလူတွေချည်းပဲ။ ဒီလို လူတွေချည်းပဲ ဖြစ်နေတယ်။ တကယ်တမ်း ကျတော့ အဲ့လိုနေရာတွေမှာ တကယ်တမ်း ကျတော့ မရှိဘူး။ သာမာန် မြို့မှာ ဗမာနဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်နဲ့ မုန်းတီးလို့ဖြစ်တဲ့ကိစ္စ မဟုတ်ဘဲနဲ့ တခြားတနေရာကနေ မန္တလေးမှာ လာပြီးတော့ တခုခုဖြစ်အောင် လှုံ့ဆော်တယ်လို့ ကျနော်တို့လည်း ယူဆတယ်။"

မန္တလေးမြို့က အကြမ်းဖက် ကျူးလွန်သူတချို့ကိုတော့ ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဗွီအိုအေကို ရဲဘက်က အတည်ပြုပြောပါတယ်။ ကြာသာပတေးနေ့က မန္တလေးကျုံးဘေးမှာ သင်္ဃန်းကို လက်နဲ့ပိုက် ကတုံး ဆံပင်နဲ့ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ သူတစ်ယောက် လမ်းလျှောက်နေတာကို တွေ့လိုက်ရတဲ့ သတင်းထောက်တဦးရဲ့ သတင်းပို့ချက်ကြောင့် အမှတ် (၂)ရဲစခန်းကနေ အဲဒီသူကို ဖမ်းဆီးခဲ့တယ်လို့ အမှတ် (၄) ရဲစခန်းက တာဝန်ရှိရဲတဦးက ဗွီအိုအေကိုပြောပါတယ်။


"အမှတ်(၂)က အမှတ်(၂)က ဖမ်းတာ၊ ကျနော်တို့အမှတ်(၄)က မဟုတ်ဘူး။"

မေး။ ။ လူအုပ်တွေနဲ့ တုတ်တွေကိုင်သွားလာနေတဲ့သူတွေကိုရော ဖမ်းတာဆီးတာမျိုးတွေ ရှိပြီးလားရှင့်။

"ရှိပါတယ်။ အဲ့တာမျိုးတွေရှိပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုတော့ အကုန်ဖမ်းတယ်။"

မေး။ ။ ဟုတ်ကဲ့။ ဘယ်ရဲစခန်းတွေက အဲ့လို ဖမ်းတာဆီးတာတွေ လုပ်ခဲ့လဲရှင့်။

"အဲ့တာတော့ မြို့ထဲပိုင်းရောက်သွားပြီ။ မန္တလေးမြို့မှာက ခရိုင်နဲ့မြို့နယ်ရှိတယ်လေ။ မြို့နယ်မှာ သူတို့ရဲ့ လှုပ်ရှားမှုက တနေရာမှာဖြစ်နေမှာပဲ။ ပုသိမ်ကြီးထဲမှာဖြစ်မယ်။ ချမ်းမြသာစည်မှာ သွားဖြစ်ရင် ဖြစ်မယ်။ ဒါမျိုးတွေပေါ့။ ကျနော်တို့မြို့နယ်မှာတော့ အဲ့တာမျိုးမတွေ့ဘူး။ ဒီ့ပြင်မြို့နယ်က ဖြစ်မယ်။"

မန္တလေးမှာ အင်္ဂါနေ့ညက စတင်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ လောလောဆယ်မှာ မြို့နယ် ခြောက်မြို့နယ် အပါအဝင် ပုသိမ်ကြီးမြို့နယ်မှာပါ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ နဲ့ လူ (၅)ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG