သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ရေတပ်အင်အား တိုးချဲ့မည်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရေတပ် ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးစဉ်။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရေတပ် ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးစဉ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ရေတပ်ကို ခေတ်မီရေတပ်ဖြစ်အောင် အဆင့်မြှင့်တင်သွားမယ်လို့ သမ္မတ Rodrigo Duterteက ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံက ငါးဖမ်းသင်္ဘောတွေ ဖိလစ်ပိုင် ရေပိုင်နက်တဝိုက် ဝင်ရောက်လာနေတဲ့ကိစ္စ၊ မူဆလင်သူပုန်တွေနဲ့ အကြမ်းဖက်သမား တို့ရဲ့အန္တရာယ်တွေ ရှိနေတဲ့အချိန်မှာ အခုလိုရေတပ်ကို အဆင့်အတန်းမြှင့်တင်ဖို့ လုပ်ဆောင်လာတာကို လူထုကလည်း အားပေးထောက်ခံကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၁၂၀ ရှိလာပြီဖြစ်တဲ့ ဖိလစ်ပိုင်ရေတပ်ကို ခေတ်မီတိုးတက်တဲ့ရေတပ် ဖြစ်အောင် ၁.၄၆ ဘီလျှံဒေါ်လာသုံးစွဲပြီး အရေအသွေးမြှင့်တင်သွားဖို့ အစိုးရက လုပ်ဆောင်နေ တယ် လို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterteက မေလ ၂၂ ရက် တုန်း က ပြောခဲ့ပါတယ်။ ဒီစီမန်ကိန်းဟာ မူဆလင်သူပုန်တွေရဲ့ရန်ကို တာဆီးကာကွယ်ဖို့၊ နိုင်ငံခြားငါးဖမ်း သင်္ဘောတွေ၊ တရုတ်နိုင်ငံကသင်္ဘောတွေ ဝင်ရောက်နေတာတွေကို ကာကွယ်တားဆီးဖို့ နဲ့ အာရှဒေသတွင်းနိုင်ငံတွေအကြားမှာ ခေတ်မီရေတပ်တခုအဖြစ် ရင်ဘောင်တန်း လာနိုင်ဖို့တွေအတွက် အထောက်အကူဖြစ်မယ့်စီမန်ကိန်းလို့ ဒေသတွင်းရေးရာကျွမ်း ကျင်သူတွေက သုံးသပ်ကြပါတယ်။

ဒီစီမန်ကိန်းပြီးဆုံးသွားရင်ဘယ်လိုပြောင်းလဲမှုတွေရှိလာနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ နိုင်ငံတကာပင်လယ် ရေကြောင်းဆိုင်ရာတက္ကသိုလ်က ပါမောက္ခ Jay Batongbacalက ရှင်းပြပါတယ်။

“သူတို့စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်အောင်လုပ်သွားမယ်ဆိုရင် နယ်ကျော်ပြီးဝင်ရောက် လာတဲ့ ချိန်းခြောက်မှုတွေ၊ အရင် ကမရှိခဲ့ဖူးတဲ့ ချိန်းခြောက်မှုမျိုးတွေအတွက် ရေတပ်ကနေ စုံစမ်းထောက်လှန်းမှုတွေ၊ ကင်းလှည့်စောင့်ကြည့်မှုတွေ လုပ် လာနိုင်ပါလိမ့်မယ်။”

ကျွန်းပေါင်း ၇,၁၀၀ လောက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံမှာ သူတို့ရဲ့ပင်လယ်ပြင်နယ်နိမိတ်ထဲကို တရုတ်၊ ထိုင်ဝမ်နဲ့ဗီယက် နမ်နိုင်ငံတွေက ငါးဖမ်းသင်္ဘောတွေ ပုံမှန်ဆိုသလို ဖြတ်သန်းသွားလာ နေကြတယ်လို့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် အရာရှိတွေက ပြောပါတယ်။ အဲဒီသုံးနိုင်ငံနဲ့ဖိလစ်ပိုင်တို့က သယံဇာအရင်းအမြစ်တွေပေါတဲ့ တောင်တရုတ် ပင်လယ်မှာ နယ်နိမိတ်ချင်း ထိစပ်ရောယှက်နေပြီး ပင်လယ်ပြင်နယ်နိမိတ် ဆိုင်ရာ အညင်းပွါးမှုတွေလည်းရှိနေတာပါ။ နိုင်ငံခြား သင်္ဘောတွေဝင်ရောက်လာနေ တာကို တားဆီးဖို့ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်မှာ လူအင်အားအလုံအလောက် မရှိပါဘူး။ တခါတလေမှာ တရုတ်ရေတပ်သင်္ဘောတွေနဲ့ တရုတ်ကမ်းရိုးတန်းစောင့် တပ်တွေဟာ ဖိလစ်ပိုင်ကျွန်းငယ်လေးတွေ နားကို ကပ်လာတတ်တဲ့ကိစ္စကလည်း ဖိလစ်ပိုင်အတွက် အနှောင့်အယှက်လိုဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်မျိုး ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့တုန်းက တခါဖြစ်ခဲ့လို့ ဒါဟာ ဖိလစ်ပိုင်ရေတပ်ကို နှောင့်ယှက်စိန်ခေါ်ရာရောက်တယ်လို့ ဖိလစ်ပိုင် လွှတ် တော်အမတ်တဦးက ဗုဒ္ဓဟူးနေ့ကပဲကြေညာချက်ထုတ်ခဲ့ပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်အကြားအငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းက Spratlys ကျွန်းစုတွေမှာ တရုတ်ဘက်က စစ်ရေးဆိုင်ရာလုပ်ဆောင်မှုတွေရှိနေတာပါ။ ဒီကျွန်းတွေနဲ့ပတ်သက်ပြီး သူပိုင်တယ်ငါပိုင်တယ်ဆိုတဲ့အငြင်းပွါးမှှုတွေက တရုတ်နဲ့ဖိလစ်ပိုင်အကြား ၂၀၁၂ နဲ့ ၂၀၁၆ ခုနှစ်တွေတုန်းက အပြင်းအထန်ဖြစ်ခဲ့ကြတာပါ။ လက်ရှိသမ္မတဒူတာတေးအစိုးရ တက်လာပြီးနောက်ပိုင်း တရုတ်နဲ့ပြဿနာတက်မယ့်အရေး ဖိလစ်ပိုင်ဘက်က ရှောင်ခဲ့ပါတယ်။ တရုတ်ဘက်က ဖိလစ်ပိုင် ကို အကူအညီတွေ၊ အခြေခံအဆောက်အဦးပြန်လည်ပြုပြင်ရေး ရင်းနှီးမြုပ်နှံမှုတွေပေးနေတာကြောင့် တရုတ် စိတ် အနှောက်အယှက်ဖြစ်မယ့်အရေး ဖိလစ်ပိုင်ဘက်က ရှောင်နေတယ်လို့ စင်္ကာပူနိုင်ငံက Rajaratnam နိုင်ငံတကာလေ့လာ ရေး ကျောင်းက တွဲဘက်ပါမောက္ခ Alan Chongက သုံးသပ်ပါတယ်။ ဖိလစ်ပိုင်က ရေတပ်ကိုအဆင့်မြှင့်နေတယ်ဆိုပေမဲ့ တရုတ်ကိုတော့ ဘယ်မှီနိုင်မှာလဲလို့လည်း ပါမောက္ခချောင်းကပြောပါတယ်။

“ဖိလစ်ပိုင်ရေတပ်အတွက် အမေရိကန်ကနေ နောက်ဆုံးပေါ် ဖျက်သင်္ဘောကြီးတွေ မနက်ဖြန်မှာရောင်းမယ်ဆိုဦးတော့ ကျွန်းစုတွေကာကွယ်ရေးအတွက် တရုတ်ကို ဖိလစ်ပိုင်က ခုခံတိုက်ခိုက်နိုင်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။”

စစ်ရေးနဲ့ပတ်သက်ရင် ဘယ်လိုကိစ္စမျိုးမဆို ဖိလစ်ပိုင်က တရုတ်နဲ့ညှိနှိုင်းဆွေးနွေးတဲ့လမ်းကြောင်းကို ပိုပြီးလိုလာတယ်လို့ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံရေးနဲ့ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Ramon Casipleက ပြောပါတယ်။ ဖိလစ်ပိုင်လူထုကလည်း ရေတပ်ခေတ်မီတိုးတက်ရေး အင်မတန်လိုလားနေတယ်လို့ဆိုပါတယ်။

“ဖိလစ်ပိုင်ရေတပ် တိုးတက်ခေတ်မှီပြီးအားကောင်းလာရေး လူထုထောက်ခံမှုက သိပ်ကြီးမားပါတယ်။ တိုင်းပြည်ရဲ့တခြား ကိစ္စတွေကိုလည်း ခေတ်မှီတိုးတက်စေချင်တယ်ဆိုပေမဲ့ ရေတပ်အားကောင်းဖို့က ပထမဦးစားပေးအဖြစ် ဖိလစ်ပိုင်လူထု ကထားစေချင်နေတာပါ။”

ဖိလစ်ပိုင်နိုင်ငံရဲ့တောင်ပိုင်းမှာလည်း အကြမ်းဘက်သမားတွေရဲ့ ချိန်းခြောက်မှုတွေကရှိနေပါသေးတယ်။ အဲဒီကိစ္စ အတွက် ပင်လယ်ပြင်အတွင်းကင်းလှည့်ဖို့ အင်အားအလုံအလောက်မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း မူဆလင်သူပုန်တွေနဲ့ ၅လကြာဖြစ်ခဲ့တဲ့ နိုင်ငံတောင်ပိုင်းက တိုက်ပွဲတွေမှာ အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ မလေးရှားက IS စစ်သွေးကြွအဖွဲကို အား ပေးထောက်ခံသူတွေ ဖိလစ်ပိုင်ထဲကို တရားမဝင်ရောက်လာခဲ့ကြတယ်လို့ ဖိလစ်ပိုင်အစိုးရက သံသယရှိနေတာပါ။

ဖိလစ်ပိုင်ရေတပ်အင်အား တိုးချဲ့မည်
please wait

No media source currently available

0:00 0:03:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG