သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာ လက်ခံမည်


ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာ လက်ခံမည်
ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာ လက်ခံမည်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီး လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ၃ သောင်းလောက်ကို မြန်မာအစိုးရက ပြန်လက်ခံဖို့ သဘောတူလိုက်ပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ရဲ့ အသက်အန္တရာယ်၊ တိုင်းရင်းသား တန်းတူ အခွင့်အရေးနဲ့ တရားဝင်နိုင်ငံသား အဖြစ် မြန်မာအစိုးရက ပေးအပ်မယ်ဆိုရင် ပြန်မယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒီ ဒုက္ခသည်တွေကို ရိုဟင်ဂျာအဖြစ် လက်ခံမလား။ ဘယ်နေရာတွေမှာ အခြေချ နေထိုင်ခွင့်ပြုမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး အတိအကျ ပြောဆိုထားတာ မရှိသေးပါဘူး။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကောက်ဘဇာ ခရိုင်တွင်းက ဒုက္ခသည်စခန်း တစ်ခုမှာ နေထိုင်ကြပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည် အသိအမှတ် ပြုထားသူတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရက သဘောတူလိုက်တာ ဖြစ်ပါတယ်။

စနေနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုသွားတာ ကိုတော့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန်သတင်း ဂျာနယ်ရဲ့ အယ်ဒီတာ ဦးတင်စိုးက အခုလို ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံး အတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါကျတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံးရဲ့ သဘောတူညီချက်နဲ့ အဲဒီမှာရှိနေတဲ့ လူပေါင်း ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်သွားမယ်လို့ ပြောတာပဲ။ ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ လူပေါင်း ၄ သိန်းကျော်နဲ့ ၅ သိန်းအတွင်းမှာ ရှိနေတဲ့ လူတွေကို သူတို့ တဖြည်းဖြည်း ခေါ်သွားနိုင်အောင် ကြိုးစားပေးမယ်၊ ဒါပေမဲ့ လောလောဆယ် မပို့နိုင်တဲ့အခြေအနေမှာ ဒီ ရိုဟင်ဂျာတွေကို သူတို့ အတင်းအဓမ္မ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ပြန်ထွက်ခွာသွားဖို့အတွက် မလုပ်ပါဘူး ဆိုပြီးတော့ သတင်းစာဆရာတွေကို အားလုံး ရှင်းပြထားတာ ရှိပါတယ်။”

မြန်မာစစ်အစိုးရ လက်ထက်တုန်းကတော့ မြန်မာတိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမပါဘူး ဆိုပြီး နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာခဲ့တာပါ။ ဒါကြောင့် အခု အစိုးသစ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ်မယ် ဆိုပေမဲ့ ရိုဟင်ဂျာအဖြစ် အသိအမှတ် ပြုမလား၊ ဘယ်ဒေသတွေမှာ အခြေချနေထိုင်ခွင့် ပေးမယ် ဆိုတာကိုရော ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိပါဘူး။

မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေသူတွေက လူဦးရေ ၃ သိန်းကျော် လောက် ရှိနေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ မြန်မာအစိုးရကတော့ ဒီလူတွေ အားလုံး နေရပ်ရင်း ပြန်လာဖို့အတွက် နောက်ပိုင်းမှာ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒီမတိုင်ခင်အထိတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီလူတွေကို အတင်းအကျပ် ဌာနေပြန်ခိုင်းတာမျိုးတွေ မလုပ်ဘူးလို့ သဘောတူခဲ့ကြပါတယ်။

မြန်မာအစိုးရဘက်က ပြန်ခေါ်ဖို့သဘောတူထားတဲ့ ဒုက္ခသည် ၂ သောင်း ၈ ထောင်ကို နေရပ်ရင်း ပြန်လည် အခြေချလိုတဲ့ဆန္ဒနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒီဒုက္ခသည်တွေ သဘောထားကို မေးမြန်း ခဲ့ပါတယ်။

“ဒုက္ခသည်စခန်းတွေထဲမှာရှိတဲ့ ရိုဟင်ဂျာတွေက ကျနော်တို့ တခြား တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး ရမယ်။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေ ပေးမယ်ဆိုရင် ကျနော်တို့ အချိန်မရွေး သွားမယ် ဆိုတဲ့ စကားလုံးကတော့ သူတို့က ပါးလိုက်တာရှိတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကို သူတို့ အဲဒီလို ပြောထားတာ ရှိတယ်။ အဲဒါတွေပြီးမှ အခုတခါ ဒီနေ့ပဲ သူတို့က ပြန်ပြီးတော့ ကျနော်တို့ကို ပြန်ပို့ပေးမယ်။ မြန်မာအစိုးရက လက်ခံတော့မယ် ဆိုတဲ့ စကား ထွက်လာတယ်။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေချနေထိုင်ခဲ့ကြတဲ့ ဒီဒုက္ခသည်တွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၁ ခုနှစ်တို့အတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ အများစုက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇာ ခရိုင်နဲ့ စစ်တကောင်း တို့မှာ နေထိုင်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG