သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်း ဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံ (အပိုင်း - ၁)


အငြိမ်းစား စတုတ္ထမြောက်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး(ယာ) နှင့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။
အငြိမ်းစား စတုတ္ထမြောက်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး(ယာ) နှင့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို ၁၉၄၈ လွတ်လပ်ရေးခါနီးအချိန်က စတင် ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ်အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်မှာ သူ တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံ တွေကို ဦးရော်နီညိမ်း က မေမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။

ဦးတင်ဦး ။ ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးတွေ ပေါ်လာတာက ကျနော်တို့နဲ့အတူ တပြိုင်နက်တည်း အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း မစ္စတာဂျင်းနား (ပါကစ္စတန် လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင် များ) ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့ မဟတ္တမဂန္ဓီတို့၊ နေရူးတို့က သဘောမကျဘူးပေါ့။ သို့သော်လည်း မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့ အရှေ့ပါကစ္စတန် (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။

“အဲဒီအချိန်မှာ ကျနော်တို့ဘက်ကလည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို ဝင်ထွက်သွား လာနေတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုး ဗျ။ အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်) ကလည်း ပြီး သွားပြီ ဆိုတော့ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာတွေက ဒီဘက်ကို တော်တော်များများရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိခဲ့ပါတယ်။

“အဲဒီတုန်းက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မောင်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်များများ ရှိကြတယ်။ အဲဒီတော့ ဝင်လာတာတွေက မသိသာဘူးပေါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။”

ဦးရော်နီညိမ်း ။ ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့အတွက် သူတို့(ဘင်္ဂါလီ) တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်။ အန်ကယ်တို့ရဲ့ ဖက်ဆစ် တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက် က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက် မှာ မေယုနယ်ပေါ့၊ မေယု နယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန် ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက ဒီဘက် (အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံး၀ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။

သို့သော်လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့ တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင်တုန်းက (ဂျပန် ကိုတိုက်ဖို့ လွှတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ) တွေကလည်း ရှိနေကြတော့ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ် ဆိုပြီးတော့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာသာရေးအရ ခုခံစစ်ပွဲဆင်နွဲှသူ တစ်ဦး တစ်ယောက်အား မူဂျာဟစ် (Mujahid)၊ တစ်ယောက်ထက်မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahedeen) ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လိုက်တာပေါ့။

အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့ အချုပ်အခြာ ကို ထိခိုက်လာတာကတစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံ တွင် နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော် သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူး ချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၅) (သနက ၅) က သွားပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။

ဒီ သနက (၅) အတွက် လိုအပ်တဲ့ စစ်သည်အင်အားကို စစ်ရေးလေ့ကျင့်မှုအတွက် မေမြို့(ပြင်ဦးလွင်) မှာရှိတဲ့ training depot (BATD – Burma Army Training Depot) လေ့ကျင့်ရေးတပ်မှာ လေ့ ကျင့်ပေးပြီးတော့ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြောတဲ့အတွက် အဲဒီ train (လေ့ကျင့်ရေး) လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့ အဲဒီတုန်းက အင်ဒိုနီးရှားကလာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ ကက်သရင်းနား (Katherina) လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက် သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ်တိုင် ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက်ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူး တယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီ သွားတိုက်တဲ့ တပ်ရင်း(သနက ၅) ထဲက ထင်ရှားတဲ့သူတွေ ပြောပြပါလား ခင်ဗျ။

ဦးတင်ဦး ။ ။ ဦးလွင် (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အငြိမ်းစား ဗိုလ်မှူးကြီး မောင်လွင်) ပါတယ်။ ဦးကြည်မောင် ပါတယ်။။ သူတို့တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ကင်မ်ပက်က်နက် (Lt. Colonel Campecgnec)။ ဦးကြည်မောင်က Major (ဗိုလ်မှူး)ကြည်မောင် 2 IC (Second-in-Command ဒုတပ်ရင်းမှူး) ဗျ။ Captain(ဗိုလ်ကြီး)မောင်လွင်တို့ကတော့ သူတို့အောက်က တပ်ခွဲမှူးတွေ။ နောက်တစ်ယောက်က နောက်ပိုင်း အင်းစိန်တိုက်ပွဲမှာ ကျသွားတဲ့ ဂျပန်ခေတ် စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်လှသောင်း (ဗိုလ်မှူးလှသောင်း)။ သူတို့ ပါကြတယ်။ (မေဂျာကြည်မောင် = ၁၉၉၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီး ကြည်မောင်)

ဦးရော်နီညိမ်း ။ ။ သူရဦးထွန်းတင်(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ စစ်အာဏာ သိမ်းချိန်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၏ ဝန်ကြီးချုပ် အငြိမ်းစားဗိုလ်မှူးကြီး သူရ ထွန်းတင်) လည်းပါတယ်။ သူရေးတဲ့ (ကျနော် ကျင် လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ)စာအုပ်မှာ ပါတယ်။

ဦးတင်ဦး ။ ။ ဟုတ်တယ်။ ဦးထွန်းတင်က အဲဒီတုန်းက Captain ။ ဦးထွန်းတင်လည်း ပါမယ်။ ဘာကြောင့်လဲဆို တော့ သူကလည်း သနက (၅) ကပဲ။ အဲဒီတုန်းက ဒီသနက(၅) တပ်ရင်း တစ်ရင်းလုံးပဲ (မူဂျာဟစ်တွေကို) သွားတိုက်ခဲ့ပါ တယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။
တပ်က ရဲဘော်တွေဆိုတာက သိတဲ့အတိုင်းပဲ၊ ဖက်ဆစ် တော်လှန်ရေးတုန်းကကော၊ BDA (Burma Defence Army - ယခင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA) ကို ဂျပန်ခေတ်တွင် BDA ဟု ပြောင်းလဲဖွဲ့စည်း) တုန်းကကော ပါလာကြတဲ့သူတွေ။ သူတို့ကို စစ်ရေး လေ့ကျင့်ခန်းတွေ ကျနော်တို့က ပေးပြီးမှ ရခိုင်ကို လွှတ်ခဲ့တာဆိုတော့ သူတို့က စစ်ရေးစစ်သွေး စစ်ရည်ဝနေပြီးသားတွေ။

လေ့ကျင့်ပေးလိုက်တဲ့ ဒီစစ်သည်တွေကို ကျနော်တို့က ကမန်းကတန်း ကျောင်းဆင်းပေးလိုက်ရတာဗျ။ သူတို့ကို ကျောင်းပြီးအောင် (၆) လ (၇) လ သင်တန်းမပေးလိုက်ရဘူး။ သုံးလေးလလောက်နဲ့ သင်တန်းပေးပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ချက်ချင်း လေယာဉ်နဲ့ပို့လိုက်ရတာ။ တောက်လျှောက် ရခိုင်ပြည်နယ်ကို ပို့လိုက်ရတာ။ (ဗမာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဖွဲ့စည်းသောအခါ အရာရှိနှင့်စစ်သည်အားလုံး ဗြိတိသျှစစ်တပ်၏ အခြေခံစစ်သင်တန်းမှ စ၍ ပြန်တက်ကြရပြီး၊ စစ်သည်များမှာ အခြေခံစစ်သင်တန်းပြီးဆုံးလျှင် တပ်သားသစ်များ အဖြစ် ကျမ်းသစ္စာကျိန်ဆိုကြရသည်။)

အဲဒီတုန်းက တိုက်ပြီးပြန်လာကြတဲ့သူတွေ ပြောပြတာက မူဂျာဟစ်တွေကို ကာဆင်ကြီးဆိုတဲ့ ပုဂ္ဂိုလ် က အုပ်ချုပ် တယ်။ ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်အမွှာမွှာ အကွဲကွဲ အပြားအပြား ဖြစ်ပြီးတော့မှ နောက်ထပ်ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်တဲ့။
နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး တိုက်ရတာကတော့ ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေး ထုတ်ထားတဲ့ စူရစ်အာမက်တို့ စူရတန်မောက်တို့။ ဒီ နောက်ပေါက် ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး ဖြစ်လာတော့ နည်းနည်းပါးပါး ပြောက်တိပြောက်ကျား တွေ့ရပြန်သေးတယ်။

ဒါပေမယ့်လို့ အရှေ့ပါကစ္စတန်နဲ့ ကျနော်တို့နဲ့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး ပြဿနာဖြစ် လို့ တိုက်ကြရတဲ့အချိန်မှာ ခြေမြန်တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီးကူညီခဲ့တဲ့ အတွက်ကြောင့် (ဘူးသီးတောင်မောင်တော) မြောက်ဘက်အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီးတော့ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော်လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက်လိုက်တာ့ အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ အပြတ်ကို ချပစ်လိုက်တယ်။

အဲဒီမှာ မူဂျာဟစ် လေးဆယ်ကျော် ငါးဆယ်လောက် သေတယ်။ နောက်ပြီးတော့ လက်နက်တွေ ရလိုက်တယ်။ အဲဒီတုန်းက သတင်းကြားလို့ အဲဒီတောင်ကျောပေါ်က ဖြတ်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရောက်နေတယ် ကြားလို့ သွားတိုက်တာ။ ကျနော့်မှာ အခွင့်အရေး ကောင်း တစ်ခု ရတာက၊ ခြေမြန်တပ်တွေက ရောက်နေတဲ့အချိန်မှာ နယ်စပ်မှာ ဖြစ်နေတဲ့ကိစ္စတွေကလည်း (နယ် နိမိတ်) တိုင်းဖို့ထွာဖို့ သဘောတူ ပြီးဆုံးဖြတ်လိုက်တော့၊ ဒီတပ်တွေကို ပြန်ပို့ရမယ့်အစား မပို့ခင်မှာ အဲဒီ ဂုတ်ပိ တံတားရဲ့ မြောက်ဘက်ခြမ်း၊ ဂုတ်ပိတံတားဆိုတာက ဘူးသီးတာင် မြောက်ဘက်ကို တက်သွားတဲ့အခါ တောင်ဘဇား၊ တောင်ဘဇား ပြီးရင် ဂုတ်ပိတံတား၊ ဂုတ်ပိတံတားပြီးရင် မြောက်ဘက်မှာ ပန်ဇီဘဇား ဆိုတာရှိတယ်။ အဲဒီတောင်ပေါ် တောင် ကျောမှာ သွားတိုက်လိုက်တဲ့အခါ နောက်ဆုံး အပြတ်ချလိုက်တဲ့အခါ အဲ့ဒီမှာ မူဂျာဟစ်ဟာ ပြတ်ထွက်သွားပြီ။ ပြီးသွားပြီ။

ဦးရော်နီညိမ်း ။ ။ အဲဒါ ဘယ် ခုနှစ်ကလဲ အန်ကယ်။

ဦးတင်ဦး ။ ။ အဲဒါက ကျနော် တပ်ပေါင်းစုမှူးဘဝ၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ (၁၉၆၀) ရွေးကောက်ပွဲ မလုပ်ရသေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့််နယ်စပ်နဲ့ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ်ဆိုတဲ့အချိန်မှာ နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ လူတော်တော်များများက ရွာတွေမှာ စာရင်းမရှိ အင်းမရှိ လူတွေ ထပ်ပြုပြီး နေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့ အဲဒါတွေကို ကျနေယ်တို့က ရှင်း ရ လင်းရတာပေါ့ဗျာ။ ရှင်းရလင်းရတယ် ဆိုတာက သူတို့နဲ့ပတ်သက်တာတွေကို စစ်ဆေး၊ မသင်္ကာ ဘွယ်ဖြစ်တဲ့သူ (အရှေ့ပါကစ္စတန်) ဘက်မှ ခိုးဝင်လာသူတွေကို eviction order (မိမိပိုင်နယ်မြေ မှ နှင်ထုတ်သည့် အမိန့်)ပေးရတယ်။

ကျနော် မှတ်မှတ်ရရ မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ တစ်သောင်းသုံးထောင်ရှစ်ရာ နီးနီးလောက်ကို eviction order နဲ့ မောင်တောမြောက်ဘက်ခြမ်းကနေ တောင်ပြိုတို့လို နေရာတွေမှာ နတ်မြစ်တလျှောက် ဘေးနား ကလူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင် လုပ်တာပဲဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာပဲ။ အဲဒီတုန်းက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်မှာ စပြီး အမျိုးသားမှတ်ပုံတင် စပြီးပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုန်းက စပြီး အမျိုးသားမှတ်ပုံတင် စပြီး ဖြစ်လာတာ။ အဲဒါ (eviction order ဆောင် ရွက်ခြင်း) ပြီးသွားပြီး နည်းနည်း အေးအေးဆေးဆေး ဖြစ်သွားတော့မှ ဟိုတုန်းက အခေါ် ရခိုင်တိုင်းအတွက် မှတ်ပုံတင် အရာရှိတွေ (လဝက -လူဝင်မှုကြိကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန အရာရှိများ) ရောက်လာပြီးတော့ သူတို့ကို ဝိုင်းပြီး ကျနော်က ကူညီရတာကိုး။

မှတ်ပုံတင်ကိစ္စတွေ မြန်မြန်ဆန်ဆန်ပြီးအောင် နယ်စပ်တွေမှာ တောက်လျှောက် ကျနော် တို့ဆီက တိုက်ရေယာဉ်တို့ စစ်ရေယာဉ်တို့နဲ့ နောက်သူတို့အတွက် ရေယာဉ်တွေကိုလည်း လုံခြုံရေး အကြောင်းပြုပြီး ငှားပြီးတော့ အကုန်လုံးကို မြန်မြန်လုပ်ရတာပဲလေ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ၁၉၆၀ ရွေးကောက်ပွဲအချိန် ရောက်လာတော့ ရိုဟင်ဂျာကို (ဝန်ကြီးချုပ်) ဦးနုကလည်း အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့အသံတွေကိုလည်း အခုနောက်ပိုင်း ကျနော်တို့ ကြားကြရပါတယ်။ အဲဒီကိစ္စရဲ့ အရင်းအ မြစ် အစပထမက ဘယ်လိုဖြစ်တာလဲဆိုတာကို အန်ကယ် သိသလောက် ရှင်းပြပါ။

ဦးတင်ဦး ။ ။ ဒီလိုဗျ။ အဲဒီအချိန်လောက်အထိက ကျနော်လည်း ရိုဟင်ဂျာဆိုတာကို မသိဘူး၊ ကြားလည်းမကြားဖူး ဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတော့ Caretaker Government (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရ) အချိန် မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တစ်ခေါက် လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့ အဲဒီ ဘူးသီးတောင် မောင်တော ကနေ အမတ်လေးယောက် ပေါ်လာခဲ့တယ်။

စူလတန်မာမွတ် ရယ်၊ စူလ တန်အာမက်ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်းမှတ်မိတယ်။

စူလတန်မာမွတ်က ဘူးသီးတောင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင်မြောက်ပိုင်း၊ စူလတန်အာမက်က မောင်တောတောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ (ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး ပါတီ)ထဲကနေ ပါလာကြ တယ်။ ရွေးကောက်ပွဲမှာ ဝင်ပါလာကြတော့………

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ တစ်ခုသိချင်တာက အဲဒီတုန်းက အမျိုးသားမှတ်ပုံတင် ဆိုတာ မလုပ်ရသေး ဘူးဆိုတော့၊ အဲဒီအမတ်အရွေးခံ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသားအဖြစ် ဘယ်လိုနည်းနဲ့ အသိအမှတ်ပြခဲ့ကြသလဲ။

ဦးတင်ဦး ။ ။ အဲဒါက အဲဒီမှာ ဘူးသီးတောင်မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင် အဲဒီမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့ ပြောလိုက်ကြတာ ကြောင့် ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေ လုပ်ပေးလိုက်သလဲ ဆိုတော့ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Urdu) ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံမှာ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အစီအစဉ် အခန်းကဏ္ဍတစ်ခုကို တစ်နေ့ကို ၁၅ မိနစ် လွှင့်ပေးတာတို့ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့ကို ဒေါတွေကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို ပြဿနာတွေ ဖြစ်ကြတယ်။ အဲဒီ့တော့မှပဲ ရိုဟင်ဂျာ ဆိုတာကို တော်တော်ကြားဖူးလိုက်တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အန်ကယ့်ကို တစ်ခုလောက်တော့ ထပ်ပြီးမေးချင်ပါတယ်။ အဲဒီလို ၁၉၅၆ ခုနှစ်မှာ ဖြစ် လာတော့ ဒါက ဦးနုရဲ့ အရပ်သားအစိုးရက လုပ်တာ။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုး ရ ပေါ်လာတဲ့အချိန်ကျတော့ ဒီကိစ္စကို ဘယ်လို သဘောထားပါသလဲ။

ဦးတင်ဦး ။ ။ ကျနော်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ သဘောပဲထားတယ်။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးအနေနဲ့ ပြစရာ မရှိဘူးလေ။

ဦးရော်နီညိမ်း ။ ။ ဒါက အန်ကယ်က အဲဒီအချိန်က ရခိုင်တပ်ပေါင်းစုမှူးအနေနဲ့ သဘောထားတာ။ သို့သော်လည်းပဲ ကျနော်သိချင်တာက အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအနေနဲ့ကော သို့မဟုတ် ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ကော တရားဝင် ဘယ်လို သဘာထားပါသလဲ။ အဲဒီ ၁၉၅၈ ခုနှစ် Caretaker Government (အိမ်စောင့်အစိုးရ) အောက်မှာ။

ဦးတင်ဦး ။ ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘယ်လိုလုပ်လိုက်လဲ ဆိုတော့- (၁၉၆၀ ရွေးကောက်ပွဲအနိုင်ရ ဦးနု၏ သန့်ရှင်း ဖဆပလ (၁၉၆၁ တွင် ပြည်ထောင်စုပါတီ ပထစဟု အမည်ပြောင်း) က ပြန် လည် အာဏာရချိန်တွင်) ဦးနုက အဲဒီ subject (ရိုဟင်ဂျာ ကိစ္စ)ကို သူ့ရဲ့ ဝန်ကြီးချုပ်ရုံးရဲ့ subject အဖြစ် ဗဟိုက ကိုင်တွယ်မယ် ဆိုပြီးတော့၊ သူက ယူလိုက်တယ် ခင်ဗျ။ အဲဒီတုန်းက နယ်စပ်ဒေသ(နယ်နိမိတ်တိုင်းထွာရေး)ကိစ္စ တွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောမြင့် (ယိမ်းနွဲ့ပါး ) (ယခု မဟေသီမဂ္ဂဇင်း ထုတ်ဝေသူ) တို့က နယ်စပ် စစ်တံခွန် လွှင့်တယ်ဆိုတဲ့ တာဝန်အရ နယ်စပ်ဒေသ(ကချင်ပြည်နယ်ဘက်) တွေဘက်ကို သွားပြီး (နယ်စပ်လုံခြုံရေး) လုပ်ကိုင်ကြရတယ်။ (ဗိုလ်မှူးကြီးစောမြင့်မှ ကချင်ပြည်နယ် နယ်စပ်ဒေသ စစ်တံခွန်လွှင့် ခရီးစဉ်ကို ကလောင်အမည် ယိမ်းနွဲ့ပါး နှင့် ဆောင်းပါးများရေးသားခဲ့သည်။)

သူတို့အဲဒီလို လုပ်သလို ရခိုင်ဘက်မှာလည်း အလားတူ နယ်စပ်လုံခြုံရေးကို လုပ်ကြရတဲ့အခါ သူတို့က ဘင်္ဂါလီ မူစလင်တွေ ဆိုတော့ကာ တချို့ကလည်း ရခိုင်မူစလင် ရခိုင်အစ္စလမ်ဆိုပြီး ရှိကြတော့ အဲဒီဒေသ ဥပမာ ဘူးသီးတောင် မောင်တော မြောက်ခြမ်းမှာရှိတဲ့ ဘော်လီဘဇား အခုတော့ ကြိမ်ချောင်းပေ့ါ၊ အဲဒီ နောက်က ရှာဗီဘဇား အခုတော့ သမန်းသားပေါ့၊ အဲဒီကလူတွေက ဟိုက (အရှေ့ပါကစ္စတန်က)လူတွေ ဝင်ပြီးတော့ နောက်ထပ် ရောက်လာကြတာတွေကို အဲ့ဒီကလူတွေက မကြိုက်ဘူးဗျ။

ဒီလူတွေ နောက်ထပ်ရောက်လာတဲ့အတွက် ဒို့တော့ ဒုက္ခရောက်တာ့မှာပဲ၊ လူတွေများလာတဲ့ အတွက် ပြဿနာတွေတော့ ဖြစ်တော့မှာပဲ၊ စသည်ဖြင့် အဲဒီတုန်းကတည်းက ကျနော်တို့နဲ့ အင်မတန်ခင်မင်ခဲ့တဲ့ ရခိုင်အစ္စလမ်၊ တချို့လည်း ဘင်္ဂါလီအစ္စလမ်ပေါ့။ အဲဒီလူတွေက ကျနော်တော့၊ သူတို့နဲ့ တွေ့ကြပြုကြ ပြောဆိုနေကြ ဆိုတော့ သူတို့ကိုယ်တိုင်က အဲဒီလို များများစားစားနဲ့ ဟိုဘက်က ထပ် ဝင်လာကြတဲ့သူတွေက သူတို့ကို ဒုက္ခပေးတော့မှာပဲ ဆိုပြီးတော့ အဲ့ဒီက လူတွေက မကြိုက်ကြဘူး ခင်ဗျ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ရဲ့ အစိုးရ ဝန်ထမ်းတွေကလည်း သိပ်ပြီးတော့ bribery and corruption ပေါ့။ သိပ်ပြီးတော့ လာဘ်စားတယ် ခင်ဗျ။ အဲဒီ (ဘူးသီးတောင်မောင်တော)ရောက်တဲ့ အစိုးရဝန်ထမ်း ဟာ သူဋ္ဌေးဖြစ်တော့တာပဲ။

ဦးရော်နီညိမ်း ။ ။ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးရဲ့ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ အပိုင်း(၂)ကို၊ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

(ဗီအိုအေမြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍကို အမှတ်စဉ် (၀၀၁) မှ စတင်ပြီး၊ တပ်မတော်သားဟောင်းတဦး၏ blog http://democracyformilitarymight.blogspot.com/2010/03/hello.html တွင်၊ ဖတ်ရှုနား ဆင်နိုင်ကြပါသည်။)

ဆက်စပ်သတင်းများ ...

XS
SM
MD
LG