သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ဒုက္ခသည်များ ကယ်တင်ရေး ကုလနဲ့ ကန်တိုက်တွန်း


ရိုဟင်ဂျာဒုက္ခသည်များကို ကယ်တင်စဉ်။ (မေ ၁၄၊ ၂၀၁၅)
ရိုဟင်ဂျာဒုက္ခသည်များကို ကယ်တင်စဉ်။ (မေ ၁၄၊ ၂၀၁၅)

အရှေ့တောင်အာရှဒေသ ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ကို အမြန်ဆုံး ကယ်တင်ဖို့ အရေး ဦးစားပေးဆောင်ရွက်ဖို့ ဒေသတွင်း အစိုးရတွေကို ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က တိုက်တွန်း လိုက်ပါတယ်။ ဒီအတော အတွင်းမှာပဲ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IOM က လှေစီးပြေးဒုက္ခသည်တွေအတွက် ရံပုံငွေ အမေရိကန်ဒေါ်လာ တသန်းသုံးစွဲမယ်လို့ ကြေညာလိုက်ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ဒီရက်ပိုင်း အတွင်း အရှေ့တောင်အာရှဒေသက ပင်လယ်ပြင်ရောက်နေ တဲ့ ထောင်ပေါင်း များစွာသော လှေစီးပြေးဒုက္ခသည်တွေကို ကယ်တင်နိုင်ရေး ကိစ္စ နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန် တိုက်တွန်းပြောဆိုလာနေတာပါ။

လူမှောင်ခိုကူးသူတွေရဲ့လှေတွေနဲ့လိုက်ပါလာကြသူတွေကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ အစိုးရတွေက သူတို့ပိုင်နက် ပင်လယ်ကမ်းခြေတွေမှာ ဆိုက်ကပ်ခွင့် မပြု တာကြောင့် ပင်လယ်ပြင် မှာ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ကို အထူး စိုးရိမ်မကင်းဖြစ်နေကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ ကြာသာပတေးနေ့က အသီးသီးထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ကြာသာပတေးနေ့က ပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ လှေစီးပြေးဒုက္ခသည်တွေရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဒေသတွင်းအစိုးရတွေအနေနဲ့ ပူးပေါင်းဖြေရှင်းဖို့ အမေရိကန်အစိုးရက တိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jeffrey Rathke ကပြောသွားပါတယ်။

"ပင်လယ်ပြင်မှာပိတ်မိနေတဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ဒေသတွင်း အစိုးရတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ ဒါဟာ ဒေသတွင်း အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာ စာချုပ်တွေ၊ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေနဲ့ အညီ ဒေသတွင်း နိုင်ငံတကာကြိုးပမ်းမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

အခုလို ဘင်္ဂလားပင်လယ်အော်ကနေတဆင့် အရှေ့တောင်အာရှ ပင်လယ်ပြင်ကိုရောက် လာတဲ့ လှေစီးပြေးဒုက္ခသည်တွေအတွက် အဓိက ဦးစားပေးဆောင်ရွက်ရမှာကတော့ အသက်ပေါင်းများစွာ ကယ်ဆယ်ရေးဖြစ် တယ်လို့ သူက ဆိုပါတယ်။ အဲဒီဒုက္ခသည်တွေထဲမှာ ရခိုင်ပြည်ကလာတဲ့ ရိုဟင်ဂျာတွေလည်း ပါဝင်နေတယ်လို့ဆိုပြီးမြန်မာအာဏာပိုင်တွေနဲ့လည်း ဆက်ပြီးပြောဆိုသွားမယ်လို့ Jeffrey Rathke ကဆိုပါတယ်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအရေးနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ပြီးပြောသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်မှာ ဒီဒုက္ခသည်တွေ ရဲ့ လူနေမှုဘ၀ တိုးတက်လာဖို့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးနိုင်ရေး အရေးတကြီးဆောင်ရွက်ပေးဖို့ လိုနေတာပါ။"

ဒါပေမယ့်လည်း အမေရိကန်အစိုးရအနေနဲ့ ပင်လယ်ထဲက လူတွေကို သွားရောက် ကယ်တင်ဖို့ ဆိုတဲ့အစီအစဉ်မျိုးမရှိသေးဘူးလို့ သူကပြောပါတယ်။ တဖက် မှာတော့ လှေစီးပြေး ဒုက္ခသည်တွေရဲ့ အရေး ဒေသတွင်းနိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန်သံအမတ်တွေကနေတဆင့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားအစိုးရတွေ အပါအဝင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်ရေး အကူအညီပေးရေးအဖွဲ့ IOM တို့နဲ့ ဆက်သွယ်ပြောဆိုနေတယ်လို့ ဆိုပါတယ်။

ကြာသာပတေးနေ့ကလဲ အမေရိကန်ဒုနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် သံအမတ်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ Jeffrey Rathke ကပြောပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေ အပါအဝင် ဒေသတွင်း ကိစ္စရပ်တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ လှေစီးပြေး ဒုက္ခသည်တွေရဲ့ အသက်တွေကယ်တင်နိုင်ရေး မဖြစ်မနေဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ အစိုးရတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်တဲ့အကြောင်း ကြာသာပတေးနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာပြုလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲ မှာ ပြောခွင့်ရ ပုဂ္ဂိုလ် Stephane Dujarric (စတီးဖန်း ဒူးဂျာရစ်ချ်) ကပြောသွားပါတယ်။

"ပင်လယ်ထဲ ဒုက္ခရောက်နေတဲ့သူတွေရဲ့ အသက်တွေကယ်တင်ရေး တာဝန်တရပ်အနေနဲ့ အသေအချာဆောင်ရွက်ပေးဖို့နဲ့ သူတို့အပေါ် ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့သက်ဆိုင်ရာ အစိုးရတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က တောင်းဆို ထားပါတယ်။ ဒါအပြင် လှေတွေပေါ်ကနေ ဆင်းသက်နိုင်ရေး အကူအညီ ပံ့ပိုးပေးဖို့နဲ့ ပင်လယ်ရေကြောင်းနယ်နိမိတ်တွေ၊ ပင်လယ်ဆိပ်ကမ်းတွေကို ဖွင့်ထားပေးဖို့ အတွင်းရေးမှုးချုပ်က အစိုးရတွေကို တိုက်တွန်းထားပါတယ်။

ဒီပြသနာတွေရဲ့ အခြေခံ အကြောင်းရင်းဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒေသတွင်းအစိုးရတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဘန်ကီမွန်း က ပြောဆို ပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့ IOM က လှေစီးပြေးဒုက္ခသည်တွေ အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာတသန်း သုံးစွဲမယ်လို့ ကြာသာပတေးနေ့က ကြေညာ လိုက်ပါတယ်။

ဒီရံပုံငွေတွေကို ကမ်းပေါ်မှာရောက်ရှိနေပြီးသား လှေစီးဒုက္ခသည်တွေ အပါအဝင် အင်ဒိုနီးရှား ၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာရှိနေတဲ့ အနည်းဆုံး လှေခြောက်စီးမှာ လိုက်ပါလာသူ ခန့်မှန်းခြေ ဦးရေ (၆,၀၀၀) အတွက် အကူအညီပေးရာမှာ အသုံးပြုမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG