သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းစေတဲ့အထိ ပြစ်မှုကျူးလွန်ခဲ့ဟု ကန်ရှေ့နေအဖွဲ့ယူဆ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာကလေးတွေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox's Bazar က ဘာလုခါလီ ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာကလေးတွေ

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုန်းတဲ့အထိ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တွေ တွေ့ရှိခဲ့ရကြောင်း ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအကျိုးဆောင် အဖွဲ့က ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူသားထုအပေါ် ကျုးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းတဲ့အထိ ဖြစ်နိုင်တယ်လို့ သုံးသပ်နိုင်စရာ အကြောင်းရင်းတွေ တွေ့ရှိရကြောင်း ဒုက္ခသည်တွေကို မေးမြန်းစုံစမ်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ပေးထားတဲ့ နိုင်ငံတကာ ဥပဒေနဲ့ မူဝါဒရေးရာအဖွဲ့ (PILPG) ရဲ့ တနင်္လာနေ့မှာ ထုတ်ပြန်မယ့် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ ဒီအဖွဲ့ရဲ့ လေ့လာစုံစမ်းမှုတွေအပေါ် အခြေခံပြီး စက်တင်ဘာလထဲတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ရာမှာတော့ ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုတွေနဲ့ တခြားရက်စက်တဲ့ လုပ်ရပ်တွေကို မြန်မာစစ်တပ်က အကွက်ကျကျ ကျုးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အမေရိကန် လွှတ်တော်ကိုယ်စားလှယ် တချို့ကလည်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း ပြောနေကြပေမယ့် အမေရိကန် အစိုးရကတော့ လူမျိုးစုအလိုက် ရှင်းလင်းမှုအဖြစ်နဲ့သာ တရားဝင် သုံးနှုန်းပြောဆိုထား တာပါ။ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း အစိုးရက တရားဝင်သတ်မှတ်လိုက်မယ် ဆိုရင်တော့ နောက်ဆက်တွဲ အရေးယူဖို့တွေလည်း လိုအပ်လာနိုင်ပါတယ်။

PILPG အဖွဲ့ရဲ့ အစီရင်ခံစာကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် တထောင်ကျော်ကို မေးမြန်းပြုစု ထားပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အချက်အလက် စုဆောင်းဖို့ ရည်ရွယ်တာ ဖြစ်ကြောင်း ပြောဆိုထားတာပါ။ ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်း တွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေ ရှင်းလင်း ရာမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင်အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေတဲ့ အဆင့်အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိကြောင်း ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG