သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၇ ဦး အိန္ဒိယမှ မြန်မာထံ လွဲှပြောင်း


ရိုဟင်ဂျာ ၇ ဦး အိန္ဒိယမှ မြန်မာထံ လွဲှပြောင်း
ရိုဟင်ဂျာ ၇ ဦး အိန္ဒိယမှ မြန်မာထံ လွဲှပြောင်း

အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေလို့ သတ်မှတ်ထားတဲ့ ရိုဟင်ဂျာမွတ်စလင်တချို့ကို အိန္ဒိယအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ဒီကနေ့ဘဲ လွှဲပြောင်းပေးလိုက်ပါတယ်။ အိန္ဒိယတရားရုံးချုပ်က အဲဒီရိုဟင်ဂျာတွေရဲ့ အယူခံကို ပယ်ချလိုက်ပြီးတဲ့နောက် အခုလို မြန်မာနိုင်ငံဘက်ကို ပြန်ပို့လိုက်တာဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံကို ပြန်ပို့လိုက်တဲ့အပေါ်မှာ ဒုက္ခသည်တချို့က ဝမ်းသာနေကြပေမယ့်၊ တဘက်မှာလည်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ၇ ဦးကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိယတရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပြီး၊ အဲဒီနောက် အိန္ဒိယအာဏာပိုင်တွေက သူတို့ကို အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးမြို့ကနေ တဆင့် မြန်မာနိုင်ငံကို ဒီကနေ့မှာ လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ အဲဒီရိုဟင်ဂျာ ၇ ဦးက သူတို့ကို အိန္ဒိယနိုင်ငံကနေ နေရပ်ရင်းကို ပြန်မလွှတ်ဖို့ အယူခံဝင်ခဲ့ပေမယ့် အိန္ဒိယတရားရုံးက ဒါကို လက်မခံဘဲ ပယ်ချခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေ Prashant Bhushan က ပြောပါတယ်။

"ကံမကောင်းအကြောင်းမလှစွာပဲ၊ တရားရုံးချုပ်က ဒီအယူခံကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ဒီရိုဟင်ဂျာမွတ်စလင်တွေကို အိန္ဒိယနိုင်ငံကနေ ပြန်ပို့ဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။"

အဆိုပါ ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံကို တရားမဝင် ဝင်ရောက်လာခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ အိန္ဒိယအစိုးရက သူတို့ကို ၂၀၁၂ ခုနှစ်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းတဲ့အခါမှာတော့ - မြန်မာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနာ တာဝန်ရှိသူတွေက လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရ အနေနဲ့ အခုနေရပ်ပြန်ပို့ခံရသူတွေကို ဘယ်လိုပုံစံနဲ့ ပြန်လည်လက်ခံခဲ့တာလည်း ဆိုတာကို သိရဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်စုံစမ်းလို့ မရခဲ့ပါဘူး။ အိန္ဒိယတရားရုံးချုပ်ကတော့ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံသားအဖြစ် လက်ခံခဲ့တာကြောင့် နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ပြောပါတယ်။ နေရပ်ပြန်ပို့ခံရသူ ၇ ယောက်အတွက် မြန်မာအာဏာပိုင်တွေဘက်က အထောက်အထား စာရွက်စာတမ်းတွေနဲ့ တလသက်တမ်းရှိတဲ့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးထားကြောင်းလည်း အစိုးရရှေ့နေ Tushar Mehta ကပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံကို ပြန်ပို့ခံလိုက်ရတဲ့ ရိုဟင်ဂျာမွတ်စလင်တဦးကတော့ မြန်မာနိုင်ငံကိ ပြန်ပို့ခံလိုက်ရတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ကျနော်တို့ကို မြန်မာနိုင်ငံကို ပြန်ပို့လိုက်တယ် ဒါကြောင့် ကျနော်တို့ ပျော်ပါတယ်။"

ဒါပေမဲ့လည်း တဘက်မှာလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပြန်သွားဖို့ ဘေးကင်းလုံခြုံမှုမရှိသေးဘူးဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်း က စိုးရိမ်နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်လွှတ်တာဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးကလည်း ပြောတယ်လို့ သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားတက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ Monique Skidmore က ပြောပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးကလည်း အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံကအခြေအနေတွေ တိုးတက်လာတယ်ဆိုရင်တော့ ကျနော်တို့ ပြန်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ သူတို့က ကျနော်တို့ ပြန်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေလုပ်နေအုံးမယ်ဆိုရင်၊ ကျနော်တို့ကို ဘာကြောင့် ပြန်ပို့မလဲ၊ အခြေအနေတွေတွေ မကောင်းဘဲနဲ့တော့ ကျနော်တို့ မသွားနိုင်ပါဘူး။"

အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်အရေအတွက် ခန့်မှန်းခြေအားဖြင့် ၄ သောင်း လောက် ရှိတယ်လို့ဆိုပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ထွက်ပြေးခဲ့ကြတဲ့သူတွေမဟုတ်ဘဲ ၊ အဲဒီမတိုင်ခင် ၂၀၁၂ ခုနှစ်လောက်က မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ကြတယ်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဘက်ကကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်ခံခြင်းမရှိပေမယ့်လို့ ၊ အိမ်နီးချင်းနိုင်ငံတွေဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကိုတော့ စီစစ်လက်ခံသွားမယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG