သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၉၀ ကျော်ပါ စက်လှေတစင်း ထားဝယ် ကမ်းရိုးတန်းမှာ တွေ့ရှိ


၂၀၁၇ စက်တင်ဘာလတုန်းက ရိုဟင်ဂျာ စက်လှေတစင်း ကိုတွေ့စဉ် (မှတ်တမ်းဓါတ်ပုံ)

တနင်္သာရီတိုင်း ထားဝယ်ကမ်းရိုးတန်းမှာ ရိုဟင်ဂျာမူဆလင် ၉၀ ကျော် လိုက်ပါလာတဲ့ စက်လှေတစင်းကို မြန်မာရေတပ်က တွေ့ရှိပြီး ထိန်းသိမ်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်ကနေ မလေးရှားကိုသွားဖို့ ကြိုးပမ်းစဉ် ကြားဖြတ်မိခဲ့တဲ့ စက်လှေပေါ်မှာ လိုက်ပါလာသူတွေကိုတော့ အခုအခါ အစားအစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးထားပြီး၊ စုံစမ်းစစ်ဆေးပြီးနောက် မူလနေရာ ပြန်ပို့လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ ထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ကမ်းရိုးတန်း လောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းနဲ့ မောင်းမကန်ဘုတ်ကျွန်းကြားမှာ တပ်မတော် ရေတပ်က တနင်္ဂနွေနေ့က ဖမ်းဆီးမိပြီး ထိန်းသိမ်းထားတဲ့ စက်လှေပေါ်မှာတော့ အမျိုးသား ၂၈ ဦး အမျိုးသမီး ၃၃ ဦးနဲ့ ကလေး ၃၂ ဦး စုစုပေါင်း ၉၃ ဦး ပါဝင်ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားကို သွားဖို့ ကြိုးပမ်းတဲ့သူတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပြီး၊ အခုအခါမှာတော့ လိုအပ်တဲ့ ထောက်ပံ့မှုတွေနဲ့အတူ စစ်ဆေးမေးမြန်းနေတယ်လို့လည်း တနင်္သာရီတိုင်း ဒေသကြီး ဒုတိယ ရဲမှူးကြီး စိန်ဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"လတ်တလော ကျွန်တော်တို့ကလေ စမ်းလှမ်း လောင်းလုံမြို့နယ် စမ်းလှမ်းမှာ ပင်လယ်ကမ်းပေါ့နော် ခဏ ထိန်းထားပြီး စစ်ဆေးနေတယ်ပေါ့ လ၀ကတို့ဘာတို့နဲ့စစ်ဆေးနေတယ်။ စစ်ဆေးပြီးတော့ စစ်ဆေး တွေ့ရှိ ချက်ကို ပြည်ထောင်စု အစိုးရကို တင်ထားတယ်။ ပြည်ထောင်စုအစိုးရကနေ စီမံတဲ့အတိုင်း ကျွန်တော်တို့က ဆောင်ရွက်သွားမှာပါ။ သင်္ဘောပေါ်မှာလေ ကမ်းမှာဗျ။ သူတို့ထမင်းဟင်းတွေဘာတွေ ချက်ပြုတ်ကျွေးမွေး ထားတာပေါ့။ ကျွန်တော်တို့ နိုင်ငံတော် စရိတ်နဲ့ပါပဲအကုန်လုံးက ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကနေပြီးတော့ အကျွေးအမွေးတွေ အကုန်တာဝန်ယူထားတာပေါ့။"

သူတို့ဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားကို သွားဖို့ အခကြေးငွေ ပေးထားရတယ်လို့လည်း ဆိုပါတယ်။ လက်ရှိစစ်ဆေးချက်တွေအရ ရခိုင်ပြည်နယ်မှာနေတဲ့ စာရွက်စာတမ်း အထောက်အထားတွေဟာ ရခိုင်မှာ ကျန်ခဲ့တယ်လို့ လောင်းလုံလ၀က မြို့နယ်မှူး ဦးမောင်မောင်က အခုလိုပြောပါတယ်။

"သူတို့က စစ်တွေဘက်ကဗျ စစ်တွေသဲချောင်းအုပ်စုဘက်က ရွာတွေကပေါ့ဗျာ လာတယ်။ သူတို့က မလေးရှား သွားကြမှာ။ မလေးရှားကိုလေ။ အထောက်အထားတော့မတွေ့ဘူး။ စစ်တွေမှာ နေတယ်ပြောတယ်။ စစ်တွေ သဲချောင်းတို့ ဒါးပိုင်တို့ အဲ့အနီးနား တ၀ိုက်ကလို့ပြောတယ်။ သူတို့မှာ တချို့လည်းရှိတာပေါ့။ မပါလာဘူး။ တချို့ကလည်း ကိုင်ထားတဲ့ ကဒ်ပြားလေးတွေရှိတယ်။ နံပတ်လည်းမသိဘူး အဲ့လိုတော့ပြောတယ်။ လက်ရှိကတော့ သူတို့မှာ မပါလာကြဘူး။ အထောက်ထားမဲ့တော့မဟုတ်ဘူး သူတို့မှာ ရှိတော့ရှိမှာပေါ့။ လောလောဆယ်တော့ မပါလာဘူးပေါ့ဗျာ အထောက်အထားတွေကတော့။"

ဒီလ ၁၆ ရက်နေ့ကလည်း ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဒုက္ခသည်စခန်းကနေ မလေးရှားကိုသွားဖို့ ကြိုးပမ်းကြတဲ့ ဒုက္ခသည် ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာမှာ တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ နေရပ်ဒုက္ခသည် စခန်းတွေကို ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ အခုထပ်မံတွေ့ရှိ ထိန်းသိမ်းထားတဲ့ သူတွေကိုလည်း အလားတူ မူလနေရာတွေကို ပြန်ပို့မယ်လို့ မျှော်လင့်ရပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးစိုးအောင်ကတော့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ဝန်ကြီးဌာနက တကယ်လို့ ပြီးခဲ့တဲ့ ကျောက်တန်းက ရောက်လာတဲ့ ဘင်္ဂလီတွေကိုတော့ သူတို့ရဲ့ Camp တွေကို ပြန်ပို့တယ်လေ။ ပြန်ပို့တဲ့အခါကျတော့ ကျွန်တော်တို့ ၀န်ကြီးဌာနကတော့ သူတို့ရဲ့ လမ်းမှာ နေရေး စားရေးအတွက်ပေါ့ ပြန်ပို့တဲ့အခါမှာ စားရေးတို့အတွက်ပေါ့ လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ ပေးလိုက်တယ်။ သူတို့အ၀တ်အစားတွေဘာတွေလည်း စီစဉ်ပေးတယ်ပေါ့။ အဲ့လိုလုပ်ပေးပါတယ်။ ဒါကတော့ ညွှန်ကြားချက်သာလာရင် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မှာပေါ့နော်။"

ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက ပထမအသုတ်အဖြစ် ပြန်လည်လက်ခံဖို့ ဒီလထဲမှာ စီစဉ်ထားပေမဲ့ အစီအစဉ်ပျက်ခဲ့ပြီး နောက်မှာပဲ၊ နောက်ထပ် နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ကြိုးပမ်းမှု သတင်းတွေထွက်ပေါ်လာနေတာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစိအစဉ်နဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံဖက်မှာ အဆင်သင့်မဖြစ်သေးတဲ့အကြောင်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ထောက်ပြနေကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို လက်ခံထားပြီး၊ ပြန်လည်လက်ခံဖို့လည်း အဆင်သင့် ပြင်ဆင်ထားကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG