သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြဿနာ ဘင်္ဂလားဘုန်းတော်ကြီးအမြင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ေအောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ထောင်ခြောက်ထဲမှာမိနေတယ်။ မြန်မာနိုင်ငံကို ICJ လို့ ခေါ်တဲ့ အပြည် ပြည်ဆိုင်ရာတရားရုံးက စစ်ဆေးဖို့နဲ့ ကုလလုံခြုံရေးကောင်စီက ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရာမူးခေါ် ပန်းဝါ ဗဟိုသိမ်ကျောင်း က လက်ထောက်ညွှန်ကြားရေးမှုးလည်းဖြစ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ Projya Nanda က VOA ကိုပြောကြားလိုက်ပါတယ်။

VOA သတင်းထောက် Muzzaen Hossain Shakil က ကော့ဆက်ဘဇားက ပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာက ဆက်လက် တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းချုပ်ထားပြီးမှ လုပ်ချင်တာလုပ်နိုင်ခဲ့တာ ဖြစ်ပြီး အခု ရိုဟင်ဂျာပြဿနာဖြစ်လာတော့ သူ့ကို ထောင်ခြောက် ဆင်ထားလိုက်နိုင်တာဟာ စစ်တပ်ရဲ့ကြီးမားတဲ့ စွမ်းဆောင်မှုတခုဖြစ်တယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသိက္ခာ ကျဆင်းသွားခဲ့ရပြီလို့ ဘိက္ခူ ပရိုဂျာနန္ဒာ က ဆိုပါတယ်။ အကျယ်ချုပ်ကျခံပြီး လူ့အခွင့်အရေးတိုက်ပွဲဝင်ခဲ့လို့ ရရှိခဲ့တဲ့ နိုင်ငံတကာလေးစားမှုကိုလည်း ဒီ ဘင်္ဂလားဒက်ရှ်- ရိုဟင်ဂျာအရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဆုံးရှုံးလိုက်ရပြီလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီခေါင်းဆောင်တယောက် အနေနဲ့ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုကို ရပ်တန့်အောင် ရှင်းရှင်းလင်းလင်း ကြေညာချက် ထုတ်ခဲ့သင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ဒီရိုင်းစိုင်းတဲ့ဖြစ်ရပ်မှာ လူသားထုနေထိုင်တဲ့ ဒီကမ္ဘာကြီးကလည်း လက်မြှောက်ပေးလိုက်ရပြီလို့ ဒီ ဘိက္ခူက ဆက်ပြောပါတယ်။

“နိုင်ငံတော်က သူ့ပြည်သူတွေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားနေပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် ကမ္ဘာက သိသိသာသာ ဘာမှမလုပ်နိုင်ပါဘူး။”

တရုတ်၊ ရုရှားနဲ့တချို့နိုင်ငံတွေဟာ သူတို့ရဲ့အကျိုးစီးပွားကိုငဲ့ပြီး မြန်မာကို မဆန့်ကျင်ကြတဲ့အတွက် ရိုဟင်ဂျာပြဿနာကို မဖြေရှင်းနိုင်တာလို့ ဘိက္ခူ ပရိုဂျာနန္ဒာ က ဝေဖန်ပါတယ်။

“တရုတ်နဲ့ရုရှားတို့က သူတို့အကျိုးကိုကြည့်ပြီး မြန်မာကို မဆန့်ကျင်ကြသေးပါဘူး။ လူသားတို့အကျိုးအတွက် ရပ်တည်သင့်ပါတယ်။ လုံခြုံရေးကောင်စီမှာ ဗီတိုလုပ်မယ့်ရပ်တည်ချက်ကို ပြောင်းသင့်ပါတယ်။”

ICJ – International Court of Justice ခေါ် အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က ထိထိရောက်ရောက်ကိုင်တွယ်ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

“သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုအတွက် ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအကြမ်းဖက်မှုလုပ်နေပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေမှားတာမဟုတ်ပါဘူး၊ တရားခံအစစ်ကိုသာ အရေးယူသင့်ပါတယ်။ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် လူမျိုးစုတခုလုံးကို မဖျက်ဆီးသင့်ပါဘူး၊ ဒါဟာ ကိုယ်ကျိုးအတွက် လုပ်နေတာပါ။”

ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ဥပဒေနဲ့အညီ မကိုင်တွယ်နိုင်ဘူးဆိုရင် ကမ္ဘာကြီးဟာ လူမဆန်တဲ့ကမ္ဘာကြီးဖြစ်သွားလိမ့်မယ်လို့လည်း ပရိုဂျာနန္ဒာဘိက္ခူက သတိပေး ပြောကြားလိုက်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG